AA နှင့်ဆက်စပ်သူ ၄၆ ဦး လွတ်မြောက်ပြီ

AA နှင့်ဆက်စပ်သူ ၄၆ ဦး လွတ်မြောက်ပြီ

ရက္ခိုင့်တပ်တော်(AA)နှင့်ဆက်စပ်သည်ဟုစွပ်စွဲခံရပြီးနောက် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရသူ ၄၆ ဦးသည် ယနေ့ ညနေပိုင်းတွင် အကျဉ်းထောင်အသီးသီးမှ လွတ်မြောက်လာပြီဟု သိရသည်။

ယနေ့ညနေ ၆ နာရီအချိန်အထိစာရင်းအရ လွတ်မြောက်လာသူများတွင် စစ်တွေထောင်မှ ၂၆ ဦး၊ ကျောက်ဖြူထောင်မှ ၇ ဦး၊ မြောက်ဦးအချုပ်မှ ၁ဝ ဦး၊ သံတွဲထောင်မှ ၂ ဦးနှင့် ပလက်ဝမှ ၁ ဦး၊ စုစုပေါင်း ၄၆ ဦးဖြစ်သည်ဟု သိရသည်။

သံတွဲထောင်မှ ၂ ဦးမှာ လွတ်မြောက်လာခြင်းမရှိသေးဘဲ နောက်ထပ်အမှုတစ်ခုနှင့် ဆက်လက်အမှုရင်ဆိုင်နေရဆဲဖြစ်သည်ဟု သံတွဲထောင်မှူး ဦးရန်ကျော်က နိရဥ္စရာကိုအတည်ပြုသည်။

စစ်တွေအကျဉ်းထောင်မှ ၂၆ ဦးသည် ယနေ့ ဖေဖော်ဝါရီလ ၁၂ ရက် ညနေ ၆ နာရီတွင် လွတ်မြောက်လာခြင်းဖြစ်သည်။

လွတ်မြောက်လာသည့် လက္ကာရွာမှ ဒေါ်လှတင်နုက “ကျမလွတ်လာတာကို အတိုင်းထက်အလွန် ဝမ်းသာမိပါတယ်။ နောက်ထပ် ကျန်နေခဲ့တဲ့သူတွေကိုလည်း အမြန်ဆုံး လွှတ်ပေးစေချင်ပါတယ်” ဟုပြောသည်။

စစ်တွေအကျဉ်းထောင်မှ လွတ်မြောက်လာသူ ၂၆ ဦးတွင် မြောက်ဦးမြို့နယ် လက္ကာရွာမှ ဒေါ်လှတင်နုအပါအဝင်၂၃ ဦးနှင့် ပုဏ္ဏားကျွန်းမြို့နယ် သာစည်ကျေးရွာမှ ၃ ဦးတို့ဖြစ်သည်ဟု သိရသည်။

မြောက်ဦးအချုပ်ခန်းမှ လွတ်မြောက်လာသူ ၁ဝ ဦးတွင် မြောက်ဦးမြို့နယ် မြောင်းဘွေရွာမှ ၁ ဦး၊ မင်းပြားမြို့နယ် စိတ္တရကျေးရွာမှ ၇ ဦး၊ နန်းကျရွာသား ၁ ဦးနှင့် ကျောက်တော်မှ ၁ ဦးတို့ဖြစ်သည်ဟု သိရသည်။

ကျောက်ဖြူမှ လွတ်မြောက်လာသူ ၇ ဦးတွင် အမ်းမြို့နယ် စနဲမြို့မှ ၃ ဦး၊ အမ်းမြို့နယ် ချစ်ပုံမရွာမှ ကျန်းမာရေးဝန်ထမ်း ၁ ဦးနှင့် နောက်ထပ် ၃ ဦးတို့ဖြစ်သည်ဟု အမ်းမြို့မှ လူမှုရေးလှုပ်ရှားသူ ကိုမျိုးလွင်က ပြောသည်။

ယနေ့လွတ်မြောက်လာသူ ၄၆ ဦးတွင် ရခိုင်ပြည်နယ်အတွင်းမှ ၄၅ ဦးနှင့် ချင်းပြည်နယ် ပလက်ဝမှ ၁ ဦးတို့ဖြစ်ကြသည်ဟု ရခိုင်ပြည်နယ်ကောင်စီပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ်ဦးလှသိန်းက ပြောသည်။

“လွတ်တဲ့ဟာတွေ လွတ်လာပြီလို့ သိရတယ်။ ၄၆ ယောက်မှာ ငါတို့ရခိုင်ပြည်က ၄၅ ယောက်၊ ပလက်ဝက ၁ ယောက်။ ဒီနေ့မှာ အကုန်လုံးလွတ်အောင်လို့ လုပ်ပေးနေတယ်။ သို့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် အချိတ်အဆက်မမိရင် ကြန့်ကြာကောင်း ကြန့်ကြာနိုင်တယ်”ဟု ပြောသည်။

၄င်းတို့ ၄၆ ဦးသည် ယနေ့ ဖေဖော်ဝါရီလ ၁၂ ရက်တွင်ကျရောက်သော ၇၅ နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့နှင့် ထာဝရငြိမ်းချမ်းရေးကိုရှေးရှု၍ဟုဆိုကာ နစကကောင်စီ၏ တစ်နိုင်ငံလုံးအတိုင်းအတာအားဖြင့် အကျဉ်းသား ၈၁၄ ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးရာတွင် ပါဝင်လာခြင်းဖြစ်သည်။

တရားရုံးအသီးသီးတွင် တရားစွဲဆိုထားဆဲဖြစ်သော ၄င်းတို့၏ တရားရုံးစစ်ဆေးဆဲ ပြစ်မှုဆိုင်ရာအမှုများကိုပိတ်သိမ်း၍ တရားခံများအား အမှုမှလွတ်ရန် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ ဤအမိန့်ကိုထုတ်ပြန်လိုက်သည်ဟုလည်း နစကကောင်စီက ထုတ်ပြန်ထားသည်။

April 11, 2026
ကျော်သီဟ — ဧပြီလ ၁ဝ ရက်တွင်ကျရောက်သည့် အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း (၁၇) နှစ်မြောက်နေ့သို့...
April 10, 2026
နှင်းနွယ်နီ — ရခိုင်ပြည်၊ မြို့တော်စစ်တွေမြို့ရှိ ထောင်အနီးနှင့် သံတော်လီရွာဝင်ဝအနီးတို့တွင်...
April 9, 2026
ခိုင်လူလှ (ရိုးမမြေ) — ကျောက်ဖြူမြို့နယ်တိုက်ပွဲများတွင် ထိခိုက်သေဆုံးမှုများနေသဖြင့်...
April 8, 2026
မောင်စာဂ — အကြမ်းဖက်စစ်ကော်မရှင်ထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့နယ်ရှိ ပင်လယ်ပြင်တွင်...