ရခိုင်ဘောလုံးသမားကောင်းများ ပြန်လည်ထွက်ပေါ်လာရေး ရခိုင်ယူနိုက်တက်ဘောလုံးသင်းက အလွတ်တန်း ဘောလုံးပြိုင်ပွဲကျင်းပမည်

ရခိုင်ဘောလုံးသမားကောင်းများ ပြန်လည်ထွက်ပေါ်လာရေး ရခိုင်ယူနိုက်တက်ဘောလုံးသင်းက အလွတ်တန်း ဘောလုံးပြိုင်ပွဲကျင်းပမည်

ရခိုင်မှ ဘောလုံးသမားကောင်းများ ပြန်လည်ထွက်ပေါ်လာရေးအတွက် အလွတ်တန်းဘောလုံးပြိုင်ပွဲတစ်ခုကို ရခိုင်ယူနိုက်တက်ဘောလုံးသင်းက ကြီးမှူးကျင်းပသွားမည်ဟု ကျင်းပရေးကော်မတီဥက္ကဋ္ဌ ကိုသန်းလှိုင်က နိရဥ္စရာကို ပြောသည်။

"ဒီလိုပွဲတွေလည်း မကျင်းပတာ အရမ်းကြာပြီလေ။ အဓိက ရည်ရွယ်ချက်ကတော့ ရခိုင်ပြည်မှာ ဘောလုံးသမားတွေ ပြန်လည်ထွက်ပေါ်လာရေးအတွက် ဖြစ်တယ်" ဟု ပြောသည်။

ပြိုင်ပွဲအတွက် လျှောက်လွှာဖောင်များကို ဖေဖော်ဝါရီလ ၅ ရက်နေ့မှစ၍ ၁၉ ရက်နေ့အထိ စစ်တွေမြို့၊ ဝေသာလီဘောလုံးကွင်းရှေ့ရှိ ရခိုင်ယူနိုက်တက်ဘောလုံးသင်းရုံးခန်း၊ အာရှအားမာန်ဗီနိုင်းဆိုင်နှင့် ပြည်နယ်အာ/ကာရုံးတို့တွင် ထုတ်ပေးသွားမည်ဟု သိရသည်။

လျှောက်ထားသည့် အသင်းအရေတွက်ပေါ်မူတည်၍ ပွဲစဉ်စတင်မည့်နေ့ကို ကြေညာသွားမည်ဖြစ်ပြီး မတ်လ ပထမပတ်ကို လျာထားကြောင်း ကိုသန်းလှိုင်က ပြောသည်။

"ဒါသာ အောင်မြင်ရင် စဉ်ဆက်မပြတ်လုပ်ဖို့ အစီစဉ်ရှိတယ်။ နောက်ပိုင်း U18 တို့ U 20 တို့လုပ်ဖို့အစီစဉ်ရှိတယ်။ ပထမဆုံးခြေလှမ်းအနေနဲ့ အောင်မြင်ခဲ့ရင် ပြောတာနော်"ဟု ပြောသည်။

ပြိုင်ပွဲတွင် ဆုကြေးငွေများအဖြစ် ပထမဆု ငွေကျပ် သိန်း ၅၀၊ ဒုတိယဆု သိန်း ၃၀၊ တတိယဆု သိန်း၂၀၊ စတုတ္ထဆု သိန်း ၁၀ တို့အား ချီးမြှင့်ပေးသွားမည်ဟု သိရသည်။

အဆိုပါပြိုင်ပွဲကို ရခိုင်ယူနိုက်တက်ဘောလုံးအသင်းမှကြီးမှူးကာ ပြည်နယ်အား/ကာဌာနနှင့်ပူးပေါင်း၍ စစ်တွေမြို့၊ ဝေသာလီဘောလုံးကွင်းတွင် လာမည့်မတ်လပထမပတ်အတွင်းပြုလုပ်ရန် လျာထားကြောင်း သိရသည်။

ပြိုင်ပွဲအတွက် နယ်မှလာသည့်အားကစားသမားများကို နေရာထိုင်ခင်းစီစဉ်ပေးမည်ဖြစ်သော်လည်း ပြိုင်ပွဲကာလအတွင်း မိမိအစီအစဉ်ဖြင့်စားသောက်ရမည်ဟု သိရသည်။

နယ်ဝေးမှလာရောက်မည့် Club များအတွက် ခရီးစရိတ်ထုတ်ပေးသွားမည်ဟု သိရသည်။

Most read this week

December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့ရှိ...
December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...