ရခိုင်တွင် ဆန်ဈေးနှုန်းများ မြင့်တက်

ရခိုင်တွင် ဆန်ဈေးနှုန်းများ မြင့်တက်

ရခိုင်ပြည်အတွင်း ယခုရက်ပိုင်း၌ ဆန်ဈေးနှုန်းများ မြင့်တက်လာနေကြောင်း ဆန်လုပ်ငန်းလုပ်ကိုင်သူများနှင့် ဒေသခံများက ပြောသည်။

ဇူလိုင်လဆန်းပိုင်းမှ စတင်ကာ ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ပြီးနောက် လက်ရှိတွင် ဆန်တစ်အိတ်လျှင် ယခင် ဈေးနှုန်းထက် ပျမ်းမျှအားဖြင့် ငွေကျပ် ၃၀,၀၀၀ ကျော်အထိ မြင့်တက်လာခြင်း ဖြစ်သည်။

ကျောက်တော်မြို့မှ ဆန်လုပ်ငန်းလုပ်ကိုင်သူ အမျိုးသမီးတစ်ဦးက “စပါးက ပြန်စိုက်နေကြပြီဆိုတော့ ထုတ် ရောင်းမယ့်ဟာတွေလည်း သိပ်မထားကြတော့ဘူး။ အခုက လယ်လုပ်တဲ့သူတွေမှာ စရိတ်စခများလို့ လျှော့ပြီး စိုက်ကြတယ်။ ပုံမှန် လေးဧကလောက်စိုက်ရင် ဒီနှစ်မှာ တစ်ဧကပဲ စိုက်တော့တာမျိုးပေါ့။ ဒီလို စိုက်ရင်းနဲ့ အရင်တုန်းကလို ပြင်ပက ဆန်တွေ ဝင်လာတာမျိုးလည်း မရှိ၊ မိုးစပါးတစ်ခုတည်းပဲ စိုက်ကြတော့ ဒီလိုပဲ ဈေး ထပ်တက်လာမှာ” ဟု ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ တတိယအပတ်က ပေါ်ဆန်းမွှေးဆန် တစ်အိတ်လျှင် ငွေကျပ် ၁၀၀,၀၀၀ မှ ၁၂၀,၀၀၀ အထိ၊ သီရိဒုံဆန် တစ်အိတ်လျှင် ငွေကျပ် ၆၅,၀၀၀ နှင့် အိန္ဒိယချေဆန် တစ်အိတ်လျှင် ငွေကျပ် ၅၀,၀၀၀ အထိသာ ရှိခဲ့သည်။

သို့သော် လက်ရှိတွင် ပေါ်ဆန်းမွှေး တစ်အိတ်လျှင် ငွေကျပ် ၁၃၀,၀၀၀ မှ ၁၅၀,၀၀၀ အထိ၊ သီရိဒုံဆန် တစ်အိတ် လျှင် ငွေကျပ် ၇၅,၀၀၀ နှင့် အိန္ဒိယချေဆန် တစ်အိတ်လျှင် ငွေကျပ် ၆၅,၀၀၀ အထိ အသီးသီး မြင့်တက်လာ နေခြင်း ဖြစ်သည်။

ထိုကဲ့သို့ ဆန်ဈေးနှုန်းများ မြင့်တက်လာရခြင်းမှာ လယ်သမားများအနေဖြင့် လယ်ယာလုပ်ငန်း လုပ်ကိုင်ရာတွင် မြေဩဇာ၊ စက်ကိရိယာနှင့် အလုပ်သမားစရိတ် စသည့် သွင်းအားစုစရိတ်များ ကြီးမြင့်လာခြင်းနှင့်အတူ လယ်ဧကများကို လျှော့ချစိုက်ပျိုးလာကြရခြင်းကြောင့်ဖြစ်ကြောင်း လယ်ယာလုပ်ငန်းလုပ်ကိုင်သူများက ဆိုသည်။

မြောက်ဦးမြို့နယ်မှ လယ်သမားတစ်ဦးက “အရင်လို နွားတွေနဲ့ လယ်ထွန်တာမျိုး ရိတ်သိမ်းတာမျိုးမလုပ်ဘဲ စက်နဲ့ပဲ ထွန်ရသိမ်းရတော့ လွယ်တော့ မလွယ်ဘူး။ စက်တွေကလည်း ပျက်ရင်ပြင်ရ၊ စက်သုံးဆီဈေးတွေ တက်တာတွေကြောင့် အဆင်မပြေဘူး။ ပြီးတော့ မြေဩဇာကို အရင်သောင်းဂဏန်းလောက်နဲ့ ရတဲ့အိတ်ကို သိန်းဂဏန်းပေးပြီး ဝယ်ရတယ်။ အလုပ်သမားခတွေလည်း များတယ်။ စပါးကလည်း ထင်သလောက်ဈေး မရတော့ နိုင်သလောက်လေး စိုက်ပြီး ကျန်တဲ့လယ်တွေကို ပစ်ထားရတယ်” ဟု ပြောသည်။

ရခိုင်ပြည်အတွင်းရှိ မြို့နယ် ၁၀ ခုထက်မနည်းတွင် မိုးအဆက်မပြတ်ရွာသွန်းကာ ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ ခြင်းကြောင့် လယ်ဧကပျက်စီးမှုများလည်း ရှိခဲ့သည်။

ယခုကဲ့သို့ မိုးရာသီကာလအတွင်း ဆန်ဈေးနှုန်းများ မြင့်တက်လာမှုသည် အခြေခံလူတန်းစားများနှင့် စစ်ဘေး ရှောင်များအတွက် ပိုမိုကျပ်တည်းလာစေနိုင်ကြောင်း ဒေသခံများက ပြောဆိုကြသည်။

ရခိုင်ဒေသခံ အမျိုးသမီးတစ်ဦးက “ဆန်ကို အိတ်လိုက်လည်း မဝယ်နိုင်၊ တစ်ရက်စာ တစ်ပတ်စာလောက်ပဲ ဝယ်နိုင်တဲ့ သူတွေအတွက်ကျတော့ ပိုပြီး အကုန်အကျများတယ်။ အရင်တုန်းက ငါးဖိုးဟင်းဖိုးလောက်ပဲ ပူရပေမယ့် ဆန်ဈေးတက်ရင်တော့ ဆန်ဖိုးပါ ပူရမယ့်အခြေအနေဆိုတော့ စစ်ဘေးရှောင်တွေ၊ တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့သူတွေအတွက် ပိုပြီး အကျပ်ရိုက်မယ့် အနေအထားဖြစ်နေပြီ” ဟု ပြောသည်။

လက်ရှိတွင် ရခိုင်ဒေသကို စစ်တပ်က ကုန်းလမ်း၊ ရေလမ်းများ ဖြတ်တောက်ထားပြီး ဒေသတွင်း လိုအပ်နေသည့် အခြေခံစားသောက်ကုန်များနှင့် အခြားကုန်စည်များကို အိန္ဒိယနိုင်ငံနှင့် ပြည်မဘက်တို့မှ ခက်ခဲစွာ တင်သွင်း နေရသည်။

အဆိုပါ လမ်းကြောင်းများအနက် ပြည်မဘက်လမ်းကြောင်းဖြစ်သည့် ဆောလမ်းကြောင်းကို စစ်တပ်က ထိန်း ချုပ်ထားသဖြင့် ရခိုင်ဒေသတွင်း ပြည်သူများမှာ အိန္ဒိယလမ်းကြောင်း တစ်ခုတည်းကိုသာ အဓိက အားထား နေကြရသည်။

ထိုကဲ့သို့ ကုန်စည်ကူးသန်းရာတွင် လမ်းခရီး အခက်အခဲများနှင့် ကုန်ကျစရိတ် ကြီးမြင့်မှုများကြောင့် ကုန်စည် ဈေးနှုန်းများ အဆမတန် မြင့်တက်လာကာ ရခိုင်ပြည်သူများမှာ စားဝတ်နေရေး ကျပ်တည်းမှုဒဏ်ကို အလူးအလဲ ခံစားနေကြရသည်။

Most read this week

မောင်တော နခခ (၅) စခန်းသိမ်းတိုက်ပွဲအတွင်း တွေ့ရသော AA တပ်ဖွဲ့ဝင်တစ်ဦး။ / AA Info Desk
September 4, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA) တို့ စက်တင်ဘာလ ၄ ရက်၊ နံနက်...
ရခိုင်ဒေသအတွင်း တားမြစ် အရက်၊ ဘီယာများအား DLEPS မှ စစ်ဆေးမှုများ လုပ်ဆောင်နေစဉ် / APM
September 4, 2026
ရခိုင်ပြည်အတွင်း မုဒိမ်းမှုကျူးလွန်ပြီး ထွက်ပြေးလွတ်မြောက်နေသူများအား အမြန်ဆုံး...
DMG / ဩဂုတ်လ ၂၉ ရက်နေ့က ကျောက်တော်မြို့နယ်၌ ကျင်းပသည့် လူငယ်တွေ့ဆုံပွဲတွင် တက် ရောက်လာသူများကို တွေ့ရစဉ်
September 4, 2026
ရခိုင်ပြည်အတွင်း လူမှုသဟဇာတ ဖြစ်ပေါ်တိုးတက်စေရေးအတွက် စုံလင်ကွဲပြားသည့် လူမျိုးစုအားလုံးအကြား...
စစ်တွေမြို့နယ်၊ ဘာဆာ မူဆလင်ကျေးရွာမှ မိသားစုတစ်စုကို ၂၀၂၃ ခုနှစ်အတွင်း တွေ့ရစဉ် / DMG
September 3, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်ရှိ မူဆလင်ကျေးရွာများနှင့် ဒုက္ခသည်စခန်းများတွင် ဝမ်းပျက်ဝမ်းလျှော...