ရခိုင်တွင် စစ်တပ်ဗုံးကြဲ၍ ကလေးငယ်သေဆုံး၊ လက်တုံ့ပြန်မည်ဟု AA ဆို

ရခိုင်တွင် စစ်တပ်ဗုံးကြဲ၍ ကလေးငယ်သေဆုံး၊ လက်တုံ့ပြန်မည်ဟု AA ဆို

ရခိုင်ပြည်၊ သံတွဲမြို့တွင် ဇူလိုင်လ ၂၄ ရက်နေ့က စစ်တပ်၏ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် ၁၂ နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးသွားခဲ့သည်။

ပြည်သူလူထုနေထိုင်ရာ ဒေသများကို လေကြောင်းမှ ရက်ဆက်ဗုံးကြဲတိုက်ခိုက်နေမှုများနှင့် ပတ်သက်၍ အာရက္ခတပ်တော် (ULA/AA) က အောက်ပါအတိုင်း တုံ့ပြန်ထားသည်။

အာရက္ခပြည်သူ တစ်ရပ်လုံးနဲ့သာမက မိမိတို့ကို ယုံကြည်လေးစား အားကိုးတန်ဖိုးထားသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များ၊ နယ်မြေချင်းထိစပ်နေသော မိတ်ဖက်အဖွဲ့အစည်းများနှင့် အတူတကွ လက်တွဲကာ တုံပြန်ဆောင် ရွက်သွားမည်ဟု အေအေက ထုတ်ပြန်ထားသည်။

ရေဘေးဒဏ်ခံစားနေရပြီး လူသားချင်းစာနာမှု အကူအညီများ အရေးပေါ်လိုအပ်နေသည့် ယခုကဲ့သို့ ကာလ အတွင်း အာဏာသိမ်းစစ်တပ်က သံတွဲ၊ မြောက်ဦး၊ မင်းပြား၊ ကျောက်တော်၊ မအီနှင့် ပုဏ္ဏားကျွန်းမြို့နယ်တို့ကို ဂျက်ဖိုက်တာများ အသုံးပြုကာ ရက်ဆက်ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ဒေသခံတစ်ဦးက “မြောက်ဦး၊ မင်းပြား၊ ကျောက်တော်တောင်တန်းတွေ၊ နယ်စပ်နေရာတွေကို ကြဲချတာ၊ အထိအခိုက် မသိရသေး။ မအီမြို့၊ သံတွဲမြို့ နှင့် ပုဏ္ဏားကျွန်းမြို့တွေက ထိခိုက်စာရင်း တပ်တော်က ထုတ်ပြန် ထားပါပြီ” ဟု ပြောသည်။

အဆိုပါ လေကြောင်း တိုက်ခိုက်မှုများသည် ဇူလိုင်လ ၁၉ ရက်နေ့ အာဇာနည်နေ့မှစတင်ကာ နေရပ်ဒေသများသို့ ရှေ့ဆင့်နောက်ဆင့် ဗုံးကြဲခဲ့ခြင်းဖြစ်ပြီး မအီမြို့တွင် အရပ်သား ၅ ဦး သေဆုံးကာ သံဃာတစ်ပါးနှင့် ကလေးငယ် များ အပါအဝင် ၂၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဘုရားကျောင်းနှင့် လူနေအိမ် အလုံး ၂၀ ပျက်စီးခဲ့ရသည်။

ထို့ပြင် သံတွဲနှင့် ပုဏ္ဏားကျွန်းမြို့များတွင်လည်း လေယာဉ်များဖြင့် ငါးကြိမ်တိုင်တိုင် ဗုံးကြဲခဲ့ရာ သံဃာတော် များနှင့် အရပ်သားများ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ဇူလိုင်လ ၂၀ ရက်နေ့တွင်လည်း စစ်တပ်က မြောက်ဦး၊ မင်းပြားနှင့် ကျောက်တော်မြို့များကို ဂျက်ဖိုက်တာ အုပ်စုလိုက် အသုံးပြုကာ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့သေးသည်။

ဆက်တိုက်ဖြစ်ပွားနေသော လေကြောင်းတိုက်ခိုက်မှုများကြောင့် ရေဘေးကယ်ဆယ်ရေးလုပ်ငန်းများ လုပ် ဆောင်နေသည့် ဒေသခံပြည်သူများမှာ ပိုမိုခက်ခဲပင်ပန်းမှုများနှင့် ရင်ဆိုင်နေကြရသည်။

ရေဘေးကယ်ဆယ်ရေး ဆောင်ရွက်နေသူတစ်ဦးက “၁၉ ရက်နေ့မှာ မအီမြို့၊ သံတွဲမြို့နဲ့ ပုဏ္ဏားကျွန်းမြို့တွေ ကို လေကြောင်းက ဗုံးကြဲတယ်။ နောက်နေ့ ၂၀ ရက်နေ့မှာ မြောက်ဦး၊ မင်းပြား၊ ကျောက်တော်မြို့တွေကို ဗုံးကြဲတယ်။ ရေဘေးကယ်ဆယ်ရေး လုပ်နေတဲ့ အချိန် အခုလိုကြဲတော့ ပြည်သူတွေ ပိုခက်ခဲရတယ်။ ငြိမ်း ချမ်းရေး ဆွေးနွေးဖို့ ပြောနေပေမယ့် ပြည်သူတွေ ကတော့ တော်တော်ခံနေကြရတာပါ” ဟု ပြောသည်။

ဇူလိုင်လ ၁ ရက်နေ့မှ ၂၄ ရက်နေ့အတွင်း စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သား ၁၀ ဦး သေဆုံးကာ ၄၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း AA ၏ ထုတ်ပြန်ချက်များ တွင် ဖော်ပြထားသည်။

ရေဘေးဒဏ်ခံနေရသည့် ကာလအတွင်း ယခုကဲ့သို့ လေကြောင်းတိုက်ခိုက်မှုများ ဆက်လက် လုပ်ဆောင် နေခြင်းသည် အာရက္ခတပ်တော်ကို ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် ပါဝင်လာစေရန် စစ်ရေး၊ နိုင်ငံရေးအရ ဖိအားပေးလိုသည့် ရည်ရွယ်ချက်ဖြစ်ကြောင်း စစ်ရေးသတင်းအရင်းအမြစ် အချို့က သုံးသပ်ပြောဆိုသည်။

ဓါတ်ပုံ - Soe Than WIN/AFP via Getty Images
July 25, 2026
စစ်တပ် ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့နယ်အတွင်း အခုရက်ပိုင်းအတွင်း စစ်တပ်က...
July 21, 2026
စစ်အာဏာသိမ်းပြီးချိန်မှ စ၍ မြန်မာနိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်များတွင် လုံလောက်သော ကျန်းမာရေး...
July 20, 2026
စစ်တပ်က အခိုင်အမာ တပ်စွဲထားသည့် ရခိုင်ပြည်၊ စစ်တွေမြို့နယ်၊ ရေချမ်းပြင်နှင့် ကျက်တောပြင်ကျေးရွာ...
July 20, 2026
ချင်းပြည်တောင်ပိုင်း၊ မင်းတပ်မြို့အနီးတစ်ဝိုက်ကို စစ်တပ်က Y-12 လေယာဉ်ဖြင့် ဗုံးအလုံးရေ ၃၀ ကျော်...