မောင်တောမြို့နယ်မြောက်ပိုင်းတွင် အသွားအလာကန့်သတ်ပြီး လုံခြုံရေးတိုးမြှင့်

မောင်တောမြို့နယ်မြောက်ပိုင်းတွင် အသွားအလာကန့်သတ်ပြီး လုံခြုံရေးတိုးမြှင့်

တိုက်ပွဲဖြစ်ပွားနေသည့် ရခိုင်ပြည်နယ် မောင်တောမြို့နယ် မြောက်ပိုင်းတွင် ပြည်သူများ၏ ခရီးသွားလာခွင့်ကို ကန့်သတ်လိုက်ပြီး နယ်ခြားစောင့်စခန်းများတွင် လုံခြုံရေးတိုးမြှင့်ထားသည်ဟု ဒေသခံများက ပြောကြားသည်။  

မောင်တောမြို့မှ မြို့နယ်မြောက်ပိုင်းသို့သွားသည့် ကားလမ်းပေါ်တွင် တည်ရှိသော ကြိမ်ချောင်းနယ်ခြားစောင့် တပ်အမှတ်( ၂၄)ဂိတ်နှင့် ကျီးကန်းပြင် နယ်ခြားစောင့်ဌာနချုပ်တို့က ဖြတ်သန်းသွားလာခွင့်ကို ယမန်နေ့ ဖေဖော်ဝါရီလ ၇ ရက်မှစတင်ကာ နယ်ခြားစောင့်တပ်က ပိတ်ထားကြောင်း ဒေသခံတစ်ဦးက ပြောသည်။

"အသွားအလာတွေ ကန့်သတ်ထားတယ်။ မနေ့ညက ကြိမ်ချောင်းဖြစ်စဉ်တွေနဲ့လေ။ ကန့်သတ်ထားတာ ဆိုင်ကယ်တောင် သွားလို့မရဘူး ဖြစ်နေတယ်။ စစ်ဆေးတာမျိုးမဟုတ်ဘူး။ သွားလို့ကိုမရတာ"ဟု ပြောသည်။

ယင်းသို့ သွားလာခွင့်ကန့်သတ်ထားသည့်အတွက် ဒေသတွင်း ကုန်စည်စီးဆင်းမှုကို ထိခိုက်နေပြီး  အခက်အခဲဖြစ်နေရသည်ဟု ဆိုသည်။

တမန်းသားကျေးရွာမှ ကားသမားတစ်ဦးကလည်း လမ်းတွင် အစစ်အဆေးများပြီး စစ်ရေးအခြေအနေမကောင်းသောကြောင့် လမ်းခုလတ်မှပြန်လှည့်လာခဲ့ရကြောင်း နိရဥ္စရာကို ပြောသည်။

"ကျွန်တော်တို့ ဒီနေ့သွားတယ်။ အဆက်အသွယ်မကောင်းလို့ဆိုပြီး လမ်းတစ်ဝက်ကနေ ပြန်လာခဲ့တယ်။ မနေ့က ပြဿနာဖြစ်သွားလို့ သွားခွင့်မပြုဘူးလို့ ပြောတယ်"ဟု ပြောသည်။

မောင်တောမြို့နယ် တမန်းသားရွာအနောက်ဘက် ၁ မိုင်ကျော်အကွာတွင် ယနေ့ ဖေဖော်ဝါရီလ ၈ ရက် နေ့လယ် ၁ နာရီခန့်မှစတင်ကာ တိုက်ပွဲများ ဆက်ဖြစ်ပွားနေကြောင်း ဒေသခံများက ပြောသည်။

မောင်တောမြောက်ပိုင်းတွင် ရက္ခိုင့်တပ်တော်(AA)နှင့် မြန်မာတပ်မတော်တို့အကြား ဖေဖော်ဝါရီလ ၄ ရက်မှ စတင်တိုက်ပွဲဖြစ်ပွားခဲ့ပြီး ယနေ့ ဖေဖော်ဝါရီလ ၈ ရက်တွင်လည်း ထပ်မံ တိုက်ပွဲဖြစ်ပွားနေသည်ဟု သေနတ်သံများကို ကိုယ်တိုင်ကြားခဲ့ရသည့် ရွာသားတစ်ဦးက ပြောသည်။

တိုက်ပွဲဖြစ်ပွားသည့်ဒေသအနီးတွင် ယခုကဲ့သို့ အသွားအလာများ ကန့်သတ်ထားသဖြင့် ကားအသွားအလာများ လုံးဝ ရပ်တန့်နေပြီး ကားလမ်းတစ်လျှောက်ရှိ နယ်ခြားစောင့်စခန်းများတွင်လည်း တပ်အင်အားကို နယ်ခြားစောင့်ဘက်က ဖြည့်တင်းထားသည်ဟု ဆိုသည်။

Most read this week

April 11, 2026
ကျော်သီဟ — ဧပြီလ ၁ဝ ရက်တွင်ကျရောက်သည့် အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း (၁၇) နှစ်မြောက်နေ့သို့...
April 10, 2026
နှင်းနွယ်နီ — ရခိုင်ပြည်၊ မြို့တော်စစ်တွေမြို့ရှိ ထောင်အနီးနှင့် သံတော်လီရွာဝင်ဝအနီးတို့တွင်...
April 9, 2026
ခိုင်လူလှ (ရိုးမမြေ) — ကျောက်ဖြူမြို့နယ်တိုက်ပွဲများတွင် ထိခိုက်သေဆုံးမှုများနေသဖြင့်...
April 8, 2026
မောင်စာဂ — အကြမ်းဖက်စစ်ကော်မရှင်ထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့နယ်ရှိ ပင်လယ်ပြင်တွင်...