ကျောက်တော်တွင် ည ၉ နာရီမှ နံနက် ၅ နာရီအတွင်း ညမထွက်ရအမိန့်ထုတ်ပြန်

ကျောက်တော်တွင် ည ၉ နာရီမှ နံနက် ၅ နာရီအတွင်း ညမထွက်ရအမိန့်ထုတ်ပြန်

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်အတွင်း ည ၉ နာရီမှ နံနက် ၅ နာရီအထိ ညမထွက်ရအမိန့်ကို ထုတ်ပြန်လိုက်ကြောင်း သိရသည်။

ကျောက်တော်မြို့နယ် နယ်နိမိတ်အတွင်းရှိ လမ်းမကြီးများ၊ အများပြည်သူတို့သွားရာလမ်း၊ လမ်းသွယ်၊ လမ်းကြား၊ ဥယျာဉ်(သို့မဟုတ်)အများပြည်သူနှင့်ဆိုင်သောနေရာများတွင် ည ၉ နာရီမှ နံနက် ၅ နာရီအထိ ညမထွက်ရအမိန့်ကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဖေဖော်ဝါရီလ ၂ ရက်တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ကျောက်တော်မြို့ခံ ကိုဇော်ဝင်းက “ထွေအုပ်ကတော့ တရားဝင်ထုတ်ပြန်တာတော့ဟုတ်တယ်။ ဒါပေမယ့် ကျေးရွာအုပ်ချုပ်ရေးမှူးတွေကလည်း အရင်လို ရပ်ကွက်ထဲကိုလိုက်ပြီး ဆော်သြတာမျိုးမရှိဘူး။ လူတွေလည်း သိပ်မသိဘူး။ သူတို့ထုတ်ပြန်ချက်က ပြည်သူတွေရဲ့ ရင်ထဲကိုရောက်မှာမဟုတ်ဘူး”ဟု ပြောသည်။

အဆိုပါထုတ်ပြန်ချက်တွင် “ရခိုင်ပြည်နယ်အတွင်း နိုင်ငံတော်တည်ငြိမ်ရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးကို ထိခိုက်နေသော ဖြစ်စဉ်များဖြစ်ပွားခဲ့ခြင်းကြောင့် ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို ဆောင်ရွက်နေသော တပ်မတော်နှင့် ရဲတပ်ဖွဲ့ဝင်များ ကျဆုံး/ထိခိုက်ဒဏ်ရာရရှိခဲ့ရပါသည်။ ထိုဖြစ်စဉ်အချို့တွင် ရပ်ကွက်/ကျေးရွာအုပ်စုအတွင်း၌သော်လည်းကောင်း၊ သာမန်အရပ်သား ပြည်သူများအကြားတွင်လည်းကောင်း၊ တိုက်ခိုက်မှုများဆောင်ရွက်ခဲ့ခြင်းကြောင့် ဖြစ်စဉ်အချို့တွင် အပြစ်မဲ့အရပ်သားပြည်သူအချို့ သေဆုံးဒဏ်ရာရရှိမှုများရှိခဲ့ပါသည်။ ထို့ကြောင့် ညအချိန် လွတ်လပ်စွာသွားလာခွင့်ပြုထားပါက အလားတူဖြစ်စဉ်များ ထပ်မံဖြစ်ပွားရန် အကြောင်းရှိသည်”ဟုဆိုကာ ယခုအမိန့်ကိုထုတ်ပြန်လိုက်ခြင်းဖြစ်သည်ဟု မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စွာညွန့်က လက်မှတ်ရေးထိုးကာ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ကျောက်တော်မြို့ခံ ကိုဇော်ဇော်ထွန်းက “အရင်ကဆို ရပ်ကွက်ထဲမှာဆော်သြ နှိုးဆော်တာမျိုးရှိတယ်။ အခုတော့ ထုတ်ပြန်ထားတာ လေးငါးရက်လောက်ရှိပြီ။ ဘယ်သူမှ သိပ်မသိကြဘူး။ တရားဝင်ထုတ်ပြန်ထားတယ်ဆိုပေမယ့် ပြည်သူတွေက အဲ့ဒါတွေကိုသိပ်ဂရုမစိုက်ကြပါဘူး။ ပုံမှန်လိုပါပဲ”ဟု ပြောသည်။

အဆိုပါအမိန့်သည် နှစ်လမျှ အတည်ဖြစ်သည်ဟုလည်း မြို့နယ်ထွေ/အုပ်က ဆိုထားသည်။

ရခိုင်တွင် ပြီးခဲ့သည့် ၂ဝ၁၈ ခုနှစ်မှ ၂ဝ၂ဝ ပြည့်အတွင်းဖြစ်ပွားခဲ့သည့်တိုက်ပွဲကာလအတွင်းကလည်း ကျောက်တော်အပါအဝင် ရခိုင်မြို့အချို့တွင် ယခုကဲ့သို့ ညမထွက်ရအမိန့်ကို ထုတ်ပြန်ခဲ့ဖူးသည်ဟု သိရသည်။

Most read this week

April 11, 2026
ကျော်သီဟ — ဧပြီလ ၁ဝ ရက်တွင်ကျရောက်သည့် အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း (၁၇) နှစ်မြောက်နေ့သို့...
April 10, 2026
နှင်းနွယ်နီ — ရခိုင်ပြည်၊ မြို့တော်စစ်တွေမြို့ရှိ ထောင်အနီးနှင့် သံတော်လီရွာဝင်ဝအနီးတို့တွင်...
April 9, 2026
ခိုင်လူလှ (ရိုးမမြေ) — ကျောက်ဖြူမြို့နယ်တိုက်ပွဲများတွင် ထိခိုက်သေဆုံးမှုများနေသဖြင့်...
April 8, 2026
မောင်စာဂ — အကြမ်းဖက်စစ်ကော်မရှင်ထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့နယ်ရှိ ပင်လယ်ပြင်တွင်...