ရခိုင်တွင် မှတ်ပုံတင်အတုကိုင်ဆောင်သူများ မကြာခဏ ဖမ်းဆီးခံနေရ

ရခိုင်တွင် မှတ်ပုံတင်အတုကိုင်ဆောင်သူများ မကြာခဏ ဖမ်းဆီးခံနေရ

ရခိုင်တွင် မှတ်ပုံတင်အတုကိုင်ဆောင်သူများ ယခုနောက်ပိုင်း မကြာခဏဆိုသလို ဖမ်းဆီးခံရမှုများရှိလာနေကြောင်း သိရသည်။

၄င်းတို့သည် စစ်တွေလေဆိပ်နှင့် အမ်းစစ်ဆေးရေးဂိတ်တို့တွင် အများဆုံးဖမ်းဆီးခံနေရခြင်းဖြစ်သည်ဟု သိရသည်။

စစ်တွေမြို့နယ် လဝကအရာရှိတစ်ဦးက စစ်တွေလေဆိပ်တွင် လေယာဉ်နှင့်ခရီးသွားမည့်ခရီးသည်များကို စစ်ဆေးစဉ် မှတ်ပုံတင်အတုကိုင်ဆောင်သည့် မူဆလင်ဘာသာဝင်များကို ယခုရက်ပိုင်းအတွင်း ဆက်တိုက်ဆိုသလို ဖမ်းဆီးရမိမှုများရှိနေကြောင်း နိရဥ္စရာကို ပြောသည်။

"ကျွန်တော့်အထင်တော့ ၂၀၂၁  ကနေဆို တစ်ဆယ်ကျော်သွားပြီပေါ့။ ဒီတစ်ရက်နှစ်ရက်ကတော့ များတာပေါ့။ ဆက်တိုက်ဆိုသလို ဖြစ်နေတယ်"ဟု ပြောသည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက် ၈ နာရီက စစ်တွေလေဆိပ်မှ ရန်ကုန်မြို့သို့ လိုက်ပါမည့် ခရီးသည်များအား စစ်ဆေးစဉ် မာမာတ်တာဟဲရ်( ၂၂ နှစ်)နှင့် အာမ်ရ်ဟာမ်ဇာ( ၂၀ နှစ်)တို့မှာ မှတ်ပုံတင်အတုကိုင်ဆောင်ထားသည့်အတွက် ဥပဒေအရ အရေးယူနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အလားတူ ဇန်နဝါရီလ ၃၁ ရက် နံနက်ပိုင်းကလည်း စစ်တွေမှ ရန်ကုန်သို့ လေယာဉ်နှင့်သွားမည့် မူဆလင် ၁ ဦး၊ ဇန်နဝါရီလ ၃၀ ရက်တွင် မူဆလင် ၁ ဦးနှင့် ဇန်နဝါရီလ ၂၂ ရက်တွင် မူဆလင် ၂ ဦး ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

မှတ်ပုံအတုကိုင်ဆောင်မှုကြောင့် ဖမ်းဆီးခံရသူများထဲတွင် အခြားတိုင်းရင်းသားလူမျိုးများလည်း ပါဝင်ပြီး ၄င်းတို့မှာ ရန်ကုန်တွင် မှတ်ပုံတင်အတုပြုလုပ်သူများဖြစ်ကြောင်း စစ်တွေမြို့နယ် လဝကအရာရှိက ဆက်ပြောသည်။

"အတုတွေက တော်တော်များများ ပေါတာကို။ ရန်ကုန်တွေမှာဆိုရင် သုံးသောင်းလောက်ပေးရင်ရပြီလေ။ ဟိုနားဒီနားခရီးသွားတာက ရတယ်။ ဂိတ်တွေမှာကျတော့ ဖမ်းတွေ့ပြီလေ အတုဆိုတာကို"ဟု ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၁၆ ရက်ကလည်း အမ်းစစ်ဆေးရေးဂိတ်တွင် မှတ်ပုံတင်အတုကိုင်ဆောင်သည့် မူဆလင် ၉ ဦး ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

ဖမ်းဆီးခံရသူ လူဦးရေအတိအကျကို ထုတ်ဖော်ပြောဆိုခြင်းမရှိပါ။

ဖမ်းဆီးရခံရသူအားလုံးကို လဝကအက်ဥပဒေပုဒ်မ ၁၃(၁)ဖြင့် အမှုဖွင့်အရေးယူထားပြီး ပွဲစားများအား ဖမ်းဆီးရမိရေးဆောင်ရွက်နေကြောင်း သိရသည်။

လဝကအက်ဥပဒေပုဒ်မ ၁၃(၁)သည် ထောင်ဒဏ် ၃ နှစ်နှင့်အထက် ချမှတ်ခံရနိုင်သည့်ပုဒ်မဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ - စစ်တွေဆိပ်ကမ်းတွင် ၂ဝ၂ဝ ပြည့်နှစ်၊ ဧပြီလ ၂ဝ ရက်က တွေ့ရသည့် မူဆလင်ဘာသာဝင်များ။

Most read this week

April 11, 2026
ကျော်သီဟ — ဧပြီလ ၁ဝ ရက်တွင်ကျရောက်သည့် အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း (၁၇) နှစ်မြောက်နေ့သို့...
April 10, 2026
နှင်းနွယ်နီ — ရခိုင်ပြည်၊ မြို့တော်စစ်တွေမြို့ရှိ ထောင်အနီးနှင့် သံတော်လီရွာဝင်ဝအနီးတို့တွင်...
April 9, 2026
ခိုင်လူလှ (ရိုးမမြေ) — ကျောက်ဖြူမြို့နယ်တိုက်ပွဲများတွင် ထိခိုက်သေဆုံးမှုများနေသဖြင့်...
April 8, 2026
မောင်စာဂ — အကြမ်းဖက်စစ်ကော်မရှင်ထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့နယ်ရှိ ပင်လယ်ပြင်တွင်...