ရခိုင်ဘုရင့်နိုင်ငံတော်ကျရှုံးသည့်ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် မြောက်ဦးမြို့မစျေးကို တစ်နေကုန်ပိတ်ထား

ရခိုင်ဘုရင့်နိုင်ငံတော်ကျရှုံးသည့်ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် မြောက်ဦးမြို့မစျေးကို တစ်နေကုန်ပိတ်ထား

၂၃၇ နှစ်မြောက် ရခိုင်ဘုရင့်နိုင်ငံတော်ကျရှုံးသည့် ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် ရခိုင်ပြည်နယ် မြောက်ဦးမြို့ရှိ မြို့မစျေးများကို  ဇန်နဝါရီ ၃၁ ရက်နေ့တွင် တစ်နေကုန် ပိတ်ထားသည်ဟု ဒေသခံများက ပြောသည်။

ပြာသိုလ်လကွယ်နေ့ဖြစ်သော ယနေ့ ဇန်နဝါရီ ၃၁ ရက်နေ့ နံနက်ပိုင်းမှစတင်ကာ မြောက်ဦးမြို့မစျေးကို စျေးသူ၊ စျေးသားများက မိမိသဘောဖြင့် တစ်နေကုန်ပိတ်ထားကြခြင်းဖြစ်သည်ဟု မြောက်ဦးမြို့မစျေးတွင် ဟင်းသီး၊ ဟင်းရွက်ရောင်းနေသူစျေးသည်တစ်ဦးက နိရဥ္စရာကို ပြောသည်။

“ကျမတို့ စျေးသူစျေးသားတွေ ကိုယ့်သဘောထားနဲ့ပိတ်ကြတာပါ။ ရခိုင်ဘုရင့်နိုင်ငံတော်ကျဆုံးတဲ့နေ့ ဝမ်းနည်းတဲ့အထိမ်းအမှတ်နဲ့လုပ်တာပါ”ဟု ပြောသည်။

ယခုကဲ့သို့ပိတ်ထားရခြင်းသည် ရခိုင်သူ၊ ရခိုင်သားများအနေဖြင့် လုပ်သင့်လုပ်ထိုက်သည်ဟု မြောက်ဦးနာရေးကူညီမှုအသင်းဒုဥက္ကဋ္ဌ ဦးမောင်သိန်းနုက ပြောသည်။

“ဒါက မည်သူတစ်ဦးတစ်ယောက်မှ ခိုင်းတာမျိုးမဟုတ်ပါဘူး။ ရခိုင်သူ၊ ရခိုင်သားအနေနဲ့ လုပ်သင့်လုပ်ထိုက်တာကိုလုပ်ကြတာပါ”ဟု ပြောသည်။

ရခိုင်သမိုင်းတွင် နောက်ဆုံးဘုရင်ဖြစ်သည့် မဟာသမ္မတရာဇာမင်းလက်ထက် ၁၁၄၆ ခုနှစ်၌ ရခိုင်ထီးနန်းကို မြန်မာဘုရင်ဗဒုံမင်း(ခေါ်)ဘိုးတော်မောင်ဝိုင်း၏တပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ထွက်ပြေးတိမ်းရှောင်နေကြသည့် မဟာသမ္မတရာဇာမင်းနှင့် မိဖုရားစောမြသန္တာတို့သည် သက္ကရာဇ် ၁၁၄၆ ခုနှစ်၊ ပြာသိုလ်လကွယ်နေ့တွင် မြေပုံမြို့နယ်၊ ကမ်းသာယာကျွန်းမှ ဖမ်းဆီီးခေါ်ဆောင်ခြင်းခံခဲ့ရသည်ဟု သိရသည်။

ယင်းသို့ခေါ်ဆောင်ခြင်းခံရသည်ကို အစွဲပြု၍ “လလည်းကွယ် ပြည်လည်း ဆုံး”ဟုသတ်မှတ်ကာ ရခိုင်ပြည်သူများက ဝမ်းနည်းအောက်မေ့ဖွယ်နေ့အထိမ်းအမှတ်အခမ်းအနားများကို ကျင်းပလာခဲ့ခြင်းဖြစ်သည်ဟု ရခိုင်သမိုင်းစာပေများတွင် ရေးသားဖော်ပြချက်အရ သိရသည်။

Most read this week

April 11, 2026
ကျော်သီဟ — ဧပြီလ ၁ဝ ရက်တွင်ကျရောက်သည့် အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း (၁၇) နှစ်မြောက်နေ့သို့...
April 10, 2026
နှင်းနွယ်နီ — ရခိုင်ပြည်၊ မြို့တော်စစ်တွေမြို့ရှိ ထောင်အနီးနှင့် သံတော်လီရွာဝင်ဝအနီးတို့တွင်...
April 9, 2026
ခိုင်လူလှ (ရိုးမမြေ) — ကျောက်ဖြူမြို့နယ်တိုက်ပွဲများတွင် ထိခိုက်သေဆုံးမှုများနေသဖြင့်...
April 8, 2026
မောင်စာဂ — အကြမ်းဖက်စစ်ကော်မရှင်ထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့နယ်ရှိ ပင်လယ်ပြင်တွင်...