PDF နှင့်ဆက်စပ်သံသယဖြင့် ဧရာ၀တီတိုင်းမှ ရခိုင် ၁၄ ဦး ဖမ်းဆီးခံရဟုဆို

PDF နှင့်ဆက်စပ်သံသယဖြင့် ဧရာ၀တီတိုင်းမှ ရခိုင် ၁၄ ဦး ဖမ်းဆီးခံရဟုဆို

ဧရာဝတီတိုင်းဒေသကြီး၊ ငွေဆောင်ကမ်းခြေမြို့အပိုင် ကျေးရွာတစ်ရွာတွင် နေထိုင်သည့် အမျိုးသမီး ၄ ဦး အပါအဝင်  ရခိုင်လူမျိုး ၁၄ ဦးကို  PDF နှင့်ဆက်စပ်သည်ဟုဆိုကာ ပြီးခဲ့သည့်ရက်ပိုင်းက စစ်တပ်က ဖမ်းဆီး သွားခဲ့သည်ဟု သတင်းနှင့်မီဒီယာကွန်ရက် သတင်းအရ သိရသည်။

ဖမ်းဆီးခံရသူများသည် ငွေဆောင်ကမ်းခြေမြို့၊ ဘုန်းမောင်ဂျိုင်ကျေးရွာမှ အသက် ၇၃ နှစ် အရွယ်ရှိ ဦးလှထွန်းနှင့် မိသားစုဝင်စုစုပေါင်း ၁၄ ဦးဖြစ်သည်ဟု သိရသည်။

၄င်းတို့ကို စစ်တပ်က ဇန်နဝါရီလ ၂၃ ရက်နေ့တွင် ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု သတင်းနှင့်မီဒီယာကွန်ရက် သတင်းတွင် ဖော်ပြသည်။

ယင်းနေ့က ငွေဆောင်ကမ်းခြေမြို့၊ ဘူးကွဲကျေးရွာရှိ စစ်တပ်အထိုင်တပ်မှ အင်အား ၈၀ ကျော်ခန့်သည် ဘုန်းမောင်ဂျိုင်ကျေးရွာကို အင်အား အလုံးအရင်းဖြင့် ဝင်ရောက်လာပြီး ဦးလှထွန်း၏ ဆွေမျိုးတစ်စုလုံးကို PDF နှင့်အဆက်အသွယ်ရှိသည်ဟုဆိုကာ ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ဒေသခံများ၏ပြောဆိုချက်ကိုကိုးကားပြီး သတင်းတွင်ဖော်ပြသည်။

အမျိုးသမီး ၄ ဦးတွင် ၂ ဦးမှာ အသက် ၃၀ အရွယ် လူလွတ်ဖြစ်ပြီး နှစ်ဦးမှာ အိမ်ထောင်ရှိသူများဖြစ်ကြသသည်ဟုဆိုသည်။ ဖမ်းဆီးခံရသူများအထဲတွင် လူငယ်နှင့် လူလတ် ၈ ဦးခန့် ပါဝင်သည်ဟုသတင်းတွင် ဖော်ပြထားသည်။

ဒေသခံများကမူ ဖမ်းဆီးခံရသူများသည် PDF နှင့် ဆက်သွယ်မှုမရှိကြောင်း ပြောဆိုထားသည်။

လက်ရှိတွင် ရခိုင်ပြည်နယ်အတွင်းတွင်လည်း PDF နှင့်ဆက်စပ်သံသယဖြင့် အကြမ်းဖက်မှုပုဒ်မဖြင့် ဖမ်းဆီးတရားစွဲခံထားရသူ သံတွဲတွင် ၃ ဦး၊ ငပလီတွင် ၂ ဦး၊ မြောက်ဦးတွင် ၁ ဦးနှင့် တောင်ကုတ်တွင် ၂ ဦး၊ စုစုပေါင်း ၈ ဦးအထိရှိနေပြီဟု သိရသည်။

July 31, 2026
အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင် တစ်ဦးတစ်ယောက်မျှ စစ်တပ်ထံ လက်နက်ချအလင်းဝင်သည့် ဖြစ်စဉ်မျိုး...
July 30, 2026
ရခိုင်-မကွေးရိုးပေါ်မှ တစ်ဆင့် နတ်ရေကန်စစ်မျက်နှာသို့ အင်အားဖြည့်တင်းရန် ရောက်ရှိလာခဲ့သော စစ်ကား...
July 27, 2026
ရခိုင်ပြည်၊ အမ်းမြို့နယ်နှင့် မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်အကြား ရိုးတောင်ကျော်လမ်းပေါ်တွင်...
July 22, 2026
ရခိုင်ပြည်၏ မြို့တော်၊ စစ်တွေမြို့၊ ဆင်ကူးလမ်းရပ်ကွက်ရှိ ဆင်ကူးလမ်းကျောင်း စစ်ဘေးရှောင်စခန်းမှ...