ရခိုင်တွင် အမ်းနှင့် တောင်ကုတ်ကို ခရိုင်မြို့အဖြစ် ပြောင်းလဲဖွဲ့စည်းမည့်သတင်းထွက်ပေါ်

ရခိုင်တွင် အမ်းနှင့် တောင်ကုတ်ကို ခရိုင်မြို့အဖြစ် ပြောင်းလဲဖွဲ့စည်းမည့်သတင်းထွက်ပေါ်

ရခိုင်ပြည်နယ်အတွင်းရှိ အမ်းမြို့နယ်နှင့် တောင်ကုတ်မြို့နယ်တို့ကို ခရိုင်မြို့အဖြစ် ပြောင်းလဲဖွဲ့စည်းတော့မည်ဟု လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် သတင်းများထွက်ပေါ်နေသည်။

တိုင်းဒေသကြီး/ပြည်နယ်အလိုက် လက်ရှိရှိနေသည့်ခရိုင်များနှင့် တိုးချဲ့ဖွဲ့စည်းမည့်ခရိုင်များကို ဖော်ပြထားသည့်စာများ ယမန်နေ့ ဇန်နဝါရီလ ၁၉ ရက်မှစတင်ကာ လူမှုကွန်ရက်စာမျက်နှာများတွင် ပျံ့နှံ့နေခြင်းဖြစ်သည်။

အဆိုပါစာတွင် တိုင်းဒေသကြီး/ပြည်နယ်များအနက် ရခိုင်တွင် အမ်းနှင့် တောင်ကုတ်တို့ကို ခရိုင်မြို့များအဖြစ် တိုးချဲ့ဖွဲ့စည်းမည်ဟု ဖော်ပြထားသော်လည်း မည်သည့်အချိန်တွင် ဖွဲ့စည်းမည်ဆိုသည်ကို ထည့်သွင်းဖော်ပြထားခြင်းမရှိပါ။

ယခုကိစ္စနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ပြည်နယ်ဥပဒေချုပ်ဦးလှသိန်းက မသိရှိသေးဟု ပြောသည်။

“လောလောဆယ်တော့ အဲဒီခရိုင်ကိစ္စနဲ့ပတ်သက်ပြီး တရားဝင်ဘာမှ မသိရသေးဘူး။ ဦးသိန်းစိန်အစိုးရလက်ထက်ကတော့ အမ်းခရိုင်ပေါ်မယ်ဆိုပြီး ငါတို့ကြားခဲ့တယ်။ အခု တောင်ကုတ်နဲ့ အမ်းခရိုင်ဆိုတာ အပေါ်ကနေပြီးတော့ ဖွဲ့လိုက်ပြီလို့တော့ မဟုတ်သေးဘူး။ ဖွဲ့ဖို့အလားအလာရှိတာ ဖြစ်ကောင်းဖြစ်နိုင်တယ် ”ဟု ပြောသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်များကို ခရိုင်မြို့အဖြစ်သတ်မှတ်ပေးခြင်းကို နိုင်ငံတော်က သတ်မှတ်ခြင်းသာဖြစ်ပြီး ပြည်နယ်အဆင့်က သတ်မှတ်၍ မရကြောင်း ဦးလှသိန်းက ပြောသည်။

အမ်းမြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဦးမောင်ရွေအေးကလည်း အွန်လိုင်းထက်တွင် ယခုကဲ့သို့စာများကို မြင်တွေ့ရပြီး သူတို့အနေဖြင့် တရားဝင်စာနှင့်တကွ လက်ခံရရှိထားခြင်းမရှိသေးဟု နိရ ဉ္စရာကို ပြောသည်။

မြေပုံမြို့နယ် ကမ်းထောင်းကြီးမြို့မှ လူမှုရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ဦးမောင်ချယ်ရီကမူ ရခိုင်ပြည်နယ်အတွင်း မြို့နယ်(၂) ခုအား ခရိုင်အဆင့်တိုးမြှင့်မည်ဆိုလျှင် ဝမ်းသာစရာဖြစ်သလို တစ်ဘက်တွင်လည်း စိတ်မကောင်းစရာဖြစ်မိသည်ဟု ပြောသည်။

“ဘာကြောင့် ဝမ်းသာစရာမဟုတ်လဲဆိုတော့ ခရိုင်မြှင့်လိုက်တဲ့အတွက် ရွာတွေက မြို့ဖြစ်သွားမယ်။ မြို့တွေဟာ မြို့နယ်ဖြစ်သွားမယ်။ အခုအချိန်က အဲဒီလို လုပ်ရမယ့်အချိန်မဟုတ်ဘူး။ နိုင်ငံရေးအရ ဆိုးဆိုးဝါးဝါးဖြစ်နေတဲ့အချိန်ပါ။ အမှန်တယ်လိုအပ်တဲ့အချိန်မှာမလုပ်ဘဲ အခုမှ လုပ်တယ်ဆိုတာကတော့ စစ်ရေးအမြင်၊ နိုင်ငံရေးအမြင်နဲ့ ကစားနေတယ်လို့ပဲ မြင်တယ်” ဟု ပြောသည်။

ခရိုင်တစ်ခုဖွဲ့စည်းမည်ဆိုလျှင် ဖွဲ့စည်းပုံအရ အနည်းဆုံး မြို့နယ် (၂) ခုလိုပြီး နယ်စပ်မြို့ဆိုလျှင် မြို့နယ် (၁)ခုတည်းနှင့်ဖွဲ့စည်း၍ရသည်ဟုလည်း ဦးလှသိန်း၏ပြောပြချက်အရ သိရသည်။

လက်ရှိတွင် ရခိုင်ပြည်နယ်အတွင်း စစ်တွေခရိုင်၊ မောင်တောခရိုင်၊ မြောက်ဦးခရိုင်၊ ကျောက်ဖြူခရိုင်နှင့် သံတွဲခရိုင် စသည့် ခရိုင် (၅) ခုရှိပြီး မြို့နယ်(၁၇) မြို့နယ်ရှိကြောင်း သိရသည်။

July 31, 2026
အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင် တစ်ဦးတစ်ယောက်မျှ စစ်တပ်ထံ လက်နက်ချအလင်းဝင်သည့် ဖြစ်စဉ်မျိုး...
July 30, 2026
ရခိုင်-မကွေးရိုးပေါ်မှ တစ်ဆင့် နတ်ရေကန်စစ်မျက်နှာသို့ အင်အားဖြည့်တင်းရန် ရောက်ရှိလာခဲ့သော စစ်ကား...
July 27, 2026
ရခိုင်ပြည်၊ အမ်းမြို့နယ်နှင့် မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်အကြား ရိုးတောင်ကျော်လမ်းပေါ်တွင်...
July 22, 2026
ရခိုင်ပြည်၏ မြို့တော်၊ စစ်တွေမြို့၊ ဆင်ကူးလမ်းရပ်ကွက်ရှိ ဆင်ကူးလမ်းကျောင်း စစ်ဘေးရှောင်စခန်းမှ...