စစ်တွေမှရန်ကုန်ကိုလေယာဉ်နှင့်သွားမည့် အားကစားသမား ၈ ဦးအပါအဝင် ၁၃ ဦး၌ ကိုဗစ်ပိုးတွေ့ရှိ

စစ်တွေမှရန်ကုန်ကိုလေယာဉ်နှင့်သွားမည့် အားကစားသမား ၈ ဦးအပါအဝင် ၁၃ ဦး၌ ကိုဗစ်ပိုးတွေ့ရှိ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ယနေ့ နေ့လယ်ပိုင်းက ရန်ကုန်ကို လေယာဉ်ဖြင့် သွားမည့် အားကစားသမား ၈ဦး အပါအဝင် ၁၃ ဦး၌ ကိုဗစ်ပိုးတွေ့ရှိခဲ့ကြောင်း သိရသည်။

၄င်းတို့အားလုံးသည် မနက်ဖြန်တွင် ရန်ကုန်သို့ လေကြောင်းဖြင့် သွားရောက်ကြမည့်သူများဖြစ်ပြီး ယနေ့ ဇန်နဝါရီ ၁၅ ရက် နေ့လယ်ပိုင်းက စစ်တွေတက္ကသိုလ်ဟောင်းတွင် ကိုဗစ်ပိုးစစ်ဆေးရာ၌ တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ယခုတွေ့ရှိခဲ့သည့် ၁၃ ဦးတွင် အားကစားသမား ၈ ဦး၊ မူဆလင် ၃ ဦးနှင့် နောက်ထပ် ခရီးသည် ၂ ဦးတို့ဖြစ်သည်ဟု Rakhine Covid -19 Watch မှ ဦးထွန်းလှိုင်က နိရဥ္စရာအားပြောသည်။

“ရန်ကုန်ကိုသွားဖို့ စစ်ဆေးတာမှာတွေ့တာပါ။ Camp ဝင်နေတဲ့လူတွေပါ” ဟုပြောသည်။

ကိုဗစ်ပိုးတွေ့ရှိသူ အားကစားသမားများမှာ ပြေးခုန်ပစ်အားကစားသမားများဖြစ်ပြီး စစ်တွေရှိ ဝေသာလီအားကစားရုံတွင် (Camp) အဆောင်ဝင်နေသူများဖြစ်ကြောင်း သိရသည်။

ပိုးတွေ့သူများအနက် မူဆလင် ၃ ဦးအား စစ်တွေမြို့နယ် သက္ကေပြင်ဆေးရုံသို့ ပို့ဆောင်လိုက်ပြီး နောက်ထပ် ၁ဝ ဦးကို စစ်တွေဆေးရုံကြီးသို့ ပို့ဆောင်လိုက်ကြောင်း သူက ဆက်ပြောသည်။

ယနေ့တွေ့ရှိသည့်ကိုဗစ်ပိုးမှာ မည်သည့်ကိုဗစ်ပိုးအမျိုးအစားဖြစ်သည်ကို သိလို၍ ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးလည်းဖြစ်၊ စစ်တွေဆေးရုံအုပ်ကြီးလည်းဖြစ်သူ ဒေါက်တာကြည်လွင်နှင့် ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်တို့အား ဆက်သွယ်ရာ ဖုန်းမကိုင်သေးပါ။

ရခိုင်မှ ရန်ကုန်သို့ လေကြောင်းဖြင့်သွားမည့်ခရီးသည်များအနက် ကိုဗစ်ဆေးနှစ်ကြိမ်ထိုးပြီးသူများသည် ကိုဗစ်ပိုးစစ်ဆေးစရာမလိုတော့ဘဲ ဆေးနှစ်ကြိမ်မထိုးရသေးသည့်ခရီးသည်များသည် စစ်တွေရှိ တက္ကသိုလ်ဟောင်းတွင် ကိုဗစ်ပိုးစစ်ဆေးနေရခြင်းဖြစ်သည်။

ယင်းသို့စစ်ဆေးရာ ခရီးသည်များတွင် ယခင်ကလည်း ကိုဗစ်ပိုးမကြာခဏတွေ့ရှိခဲ့ဖူးသည်ဟု သိရသည်။

ရခိုင်တွင် ကိုဗစ်တတိယလှိုင်းအတွင်း ဇန်နဝါရီလ ၁၁ ရက်အထိ ကိုဗစ်ပိုးကူးစက်ခံရသူ ၅ ထောင်ကျော်နှင့် သေဆုံးသူ ၅ဝ၁ ဦးရှိခဲ့ကြောင်း ပြည်နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက ထုတ်ပြန်ထားသည်။

Most read this week

December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့ရှိ...
December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...