ပေါက်တောမြို့နယ်အနောက်ရဲဒုက္ခသည်စခန်းရှိ NGO အမျိုးသမီးအဆောင် တစ်ပတ်အတွင်းနှစ်ကြိမ်မီးရှို့ခံရ

ပေါက်တောမြို့နယ်အနောက်ရဲဒုက္ခသည်စခန်းရှိ NGO အမျိုးသမီးအဆောင် တစ်ပတ်အတွင်းနှစ်ကြိမ်မီးရှို့ခံရ
ဓာတ်ပုံ- ရခိုင်နေ့စဉ်/ Narinjara
ဓာတ်ပုံ- ရခိုင်နေ့စဉ်/ Narinjara

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၊ အနောက်ရဲမှုဆလင်ဒုက္ခသည်စခန်းရှိ NGO အမျိုးသမီးအဆောင် ဇန်နဝါရီ ၁၂ ရက်က မီးရှို့ခံခဲ့ရပြီး ဇန်နဝါရီ ၆ ရက်နေ့ကလည်း တစ်ကြိမ် မီးရှို့ခံထားရသဖြင့် တစ်ပတ်အတွင်း နှစ်ကြိမ် မီးရှို့ခံခဲ့ရသည်ဟု သတင်းရရှိသည်။

မီးရှို့ခံရသည့် အဆောင်မှာ အနောက်ရဲမူဆလင်ဒုက္ခသည်စခန်းမှ LWF(The Lutheran World Federation) အမျိုးသမီးအဆောင်ဖြစ်သည်ဟု သိရသည်။

ဇန်နဝါရီ ၁၂ ရက်က ထပ်မံ မီးရှို့မှုနှင့် ပတ်သက်ပြီး အနောက်ရဲစန်းမှ ဦးဆိုဒူလာမီက “ ဘယ်သူ ရှို့တာလည်းတော့ မသိသေးဘူး။ အရင် အပတ်ကလည်းတစ်ကြိမ် မီးရှို့ခံရတယ်။ အဲဒီအဆောင်မှာ လူမနေပါဘူး။ ရုံးခန်းပါ။ မနေ့ကတော့ အဲဒီရုံးရှေ့ အိမ်ကကျောင်းသားကလေး နှစ်ယောက် စာကျက်နေရင်း မီးလောင်နေတာကိုတွေ့တာပါ။ သူတို့ မီး.. မီးဆိုပြီး အော်တော့ ပတ်ဝန်းကျင်တွေတော့ ဆူညံသွားတာပေါ့။ မမြင်လိုက်ရင် အဲဒါနဲ့ အဆောင်တွေ၊ အိမ်တွေကကပ်နေတာဆိုတော့ စခန်းတစ်ခုလုံး အကုန် ပါသွားမှာပေါ့” ဟုပြောသည်။

အဆိုပါ အဆောင်အား နှစ်ကြိမ်တိတိ မီးရှို့သော်လည်း နှစ်ကြိမ်စလုံး ငြိမ်းသတ်နိုင်ခဲ့သဖြင့် အဆောင်တစ်ခုလုံး မီးလောင်ပျက်စီးသွားခဲ့ခြင်း မရှိဟု သိရသည်။

အနောက်ရဲအမှုစစ်အရာရှိရဲအုပ်သန်းဌေးက “ ပေ ၁၅ဝလောက် အဝေးကအိမ်မှာ ကလေး နှစ်ယောက်စာကျက်နေတာမီးမြင်လို့အော်လို့ မီးငြိမ်းနိုင်ခဲ့တာ။ မဟုတ်ရင် စခန်းတစ်ခုလုံး မီးလောင်သွားမယ်။ မီးရှို့တဲ့လူကိုတော့ စုံစမ်းနေတယ်။ ပထမတစ်ခေါက် မီးလောင်တုန်းကလည်း အဲဒီ LWF ကလည်းအမှုမဖွင့်ခဲ့ဘူး။ အများလောင်တာမဟုတ်တော့။ အခုတခေါက်တော့စခန်းတာဝန်ခံက တရားလိုလုပ်ပြီးအမှုဖွင့်ထားတယ်” ဟုပြောသည်။

၎င်းမီးရှို့မှုအား ပေါက်တောမြို့မရဲစခန်းမှ မီးရှို့မှုအတွက် ရာဇသတ်ကြီးပုဒ် ၄၃၆ ဖြင့် အမှုဖွင့်ဆောင်ရွက်နေကြောင်း ၎င်းက ပြောကြားသည်။

၎င်းအနောက်ရဲမူဆလင်ဒုက္ခသည်စခန်းတွင် အိမ်ထောင်စု ၁၁၁၅ စုရှိပြီး လူဦးရေ ၅၂ဝဝ ခန့်ခိုလှုံနေခြင်းဖြစ်ကြောင်း သိရသည်။

(ဓာတ်ပုံ- ရခိုင်နေ့စဉ်/ Narinjara)

July 31, 2026
အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင် တစ်ဦးတစ်ယောက်မျှ စစ်တပ်ထံ လက်နက်ချအလင်းဝင်သည့် ဖြစ်စဉ်မျိုး...
July 30, 2026
ရခိုင်-မကွေးရိုးပေါ်မှ တစ်ဆင့် နတ်ရေကန်စစ်မျက်နှာသို့ အင်အားဖြည့်တင်းရန် ရောက်ရှိလာခဲ့သော စစ်ကား...
July 27, 2026
ရခိုင်ပြည်၊ အမ်းမြို့နယ်နှင့် မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်အကြား ရိုးတောင်ကျော်လမ်းပေါ်တွင်...
July 22, 2026
ရခိုင်ပြည်၏ မြို့တော်၊ စစ်တွေမြို့၊ ဆင်ကူးလမ်းရပ်ကွက်ရှိ ဆင်ကူးလမ်းကျောင်း စစ်ဘေးရှောင်စခန်းမှ...