မဲနှစ်ကြိမ်ပေးသည့်စွဲချက်ဖြင့် ရန်ကုန်ရောက် ရခိုင်အမျိုးသမီးနှစ်ဦး အမှုရင်ဆိုင်နေရ

မဲနှစ်ကြိမ်ပေးသည့်စွဲချက်ဖြင့် ရန်ကုန်ရောက် ရခိုင်အမျိုးသမီးနှစ်ဦး အမှုရင်ဆိုင်နေရ

ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်၊ ရပ်ကွက်(၈)တွင် နေထိုင်သူ အသက် နှစ်ဆယ်ကျော်အရွယ် ရခိုင်အမျိုးသမီး နှစ်ဦးမှာ ရွေးကောက်ပွဲဆိုင်ရာ မသမာမှု ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၇၁(စ)ဖြင့် ရွှေပြည်သာ တရားရုံး၌ အမှုရင်ဆိုင်နေရကြောင်း သတင်းရရှိသည်။

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်ဇာတိ မနန်းစိုးခိုင်(၂၁)နှစ် နှင့် ပုဏ္ဏားကျွန်းမြို့နယ်ဇာတိ မဝင်းမေ(၂၈) နှစ်တို့ဖြစ်ကြပြီး လွန်ခဲ့သည့် ၂ဝ၂ဝ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် မဲ(၂) ကြိမ်ထည့်ခဲ့သည်ဟု စွပ်စွဲချက်ဖြင့် ရွေပြည်သာရဲစခန်းက နိုဝင်ဘာလက ၎င်းတို့ကိုအမှုဖွင့်ခဲ့ပြီး ဇန်နဝါရီ ၁၀ ရက်နေ့တွင် မနန်းစိုးခိုင်အား ရုံးချိန်းခေါ်ယူခဲ့သည်။

မနန်းစိုးခိုင်က “ ရာအိမ်မှူးက ရဲကခေါ်တယ်ဆိုပြီး ခေါ်တော့ လိုက်သွား ခဲ့ကြပါတယ်။ တရားရုံးကို ရောက်တော့ မဲနှစ်ခါထည့်ထားလားလို့မေးပါတယ်။ ကျွန်မတို့က မထည့်ခဲ့ဘူးဖြေပါတယ်။ လက်သန်းမှာမှင်စွန်းတာ ဘယ်နှစ်ခေါက်လဲ မေးပါတယ်။ တစ်ခါတည်းလို့ဖြေပါတယ်။သူတို့က မဲနှစ်ခါထည့်တဲ့အတွက် တရားစွဲထားတယ်လို့ပြောပါတယ်။ ကြောက်ပါတယ်။ အဲဒီမဲတစ်မဲက ကိုယ့်ရခိုင်တိုင်းရင်းသားရေးရာကို ထည့်ခဲ့တာပါ။ ဒီနေ့ ကျွန်မတစ်ယောက်တည်းကို ရုံးချိန်း ခေါ်ပါတယ်”ဟု ပြောသည်။

မနန်းစိုးခိုင်မှာ ရွှေပြည်သာမြို့နယ်တွင် အဖွားဖြစ်သူနှင့်အတူ နေထိုင်နေသည်မှာ ၃ နှစ်ခန့်ရှိပြီဖြစ်ကာ အထည်ချုပ်စက်ရုံတစ်ခုတွင် အလုပ်လုပ်ကိုင်နေသူဖြစ်ကြောင်း သူမကဆက်ပြောသည်။

အမှုဖွင့်ခံရသည်မှာ ရခိုင်အမျိုးသမီး ၃ ဦးဖြစ်ပြီး နောက်ထပ် ပေါက်တော မြို့နယ်မှ မလှသိန်းမြင့်ဆိုသူမှာ ထိုင်းနိုင်ငံတွင် သွားရောက် အလုပ် လုပ်ကိုင်နေသဖြင့် ရန်ကုန်တွင် နေထိုင်သည့် မနန်းစိုးခိုင်နှင့် မဝင်းမေတို့ နှစ်ဦး အမှုကို ရင်ဆိုင်နေရခြင်းဖြစ်ကြောင်းသိရသည်။

အမှုဖွင့်ခံရသူနောက်ထပ်တစ်ဦးဖြစ်သူ မဝင်းမေက “ ကျွန်မကိုလည်း အမှုဖွင့်ထားပါတယ်။ မဲနှစ်ခါ ထည့်တယ်လို့ပြောတယ်။ ကျွန်မတို့က မထည့်ပါဘူး။ တစ်ခါတည်းထည့်ခဲ့တာပါ။ ကိုယ့်ရခိုင်ကိုပဲ ထည့်ပါတယ်။ ရုံးချိန်းတော့ကျွန်မကိုမခေါ်သေးပါဘူး” ဟုပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ရွှေပြည်သာမြို့နယ် ရဲစခန်းမှ တာဝန်ကျ ရဲအရာရှိအား မေးမြန်းရာ ၎င်းမှာ တရားဝင်ဖြေဆိုခွင့်မရှိသော်လည်း သူမတို့အား ရွေးကောက်ပွဲနှင့် ဆိုင်သည့် ၁၇၁(စ) ဖြင့် အမှုဖွင့်ထားသည်ကို ပြောနိုင်ကြောင်း ပြောသည်။

အဆိုပါရွေးကောက်ပွဲဆိုင်ရာပုဒ်မ ၁၇၁(စ)မှာ ပြစ်မှုထင်ရှားပါက ထောင်ဒဏ် တစ်နှစ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည့် ပုဒ်မ ဖြစ်ကြောင်း သိရသည်။

Most read this week

April 11, 2026
ကျော်သီဟ — ဧပြီလ ၁ဝ ရက်တွင်ကျရောက်သည့် အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း (၁၇) နှစ်မြောက်နေ့သို့...
April 10, 2026
နှင်းနွယ်နီ — ရခိုင်ပြည်၊ မြို့တော်စစ်တွေမြို့ရှိ ထောင်အနီးနှင့် သံတော်လီရွာဝင်ဝအနီးတို့တွင်...
April 9, 2026
ခိုင်လူလှ (ရိုးမမြေ) — ကျောက်ဖြူမြို့နယ်တိုက်ပွဲများတွင် ထိခိုက်သေဆုံးမှုများနေသဖြင့်...
April 8, 2026
မောင်စာဂ — အကြမ်းဖက်စစ်ကော်မရှင်ထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့နယ်ရှိ ပင်လယ်ပြင်တွင်...