လွိုင်ကော်မြို့တွင်း လျှပ်စစ်မီး၊ စည်ပင်ရေ ဖြတ်တောက်ထား၊ မြို့နေလူထုများ ဆိုလာပြားရှာဝယ်နေရ

လွိုင်ကော်မြို့တွင်း လျှပ်စစ်မီး၊ စည်ပင်ရေ ဖြတ်တောက်ထား၊ မြို့နေလူထုများ ဆိုလာပြားရှာဝယ်နေရ

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့တွင် လျှပ်စစ်မီးဖြတ်တောက်ထားတဲ့အတွက် မြို့နေ လူထုများ ဆိုလာပြား ရှာဝယ်ထားရပြီး ဆိုင်တွေမဖွင့်တော့တာကြောင့် အခက်အခဲရှိတယ်လို့ မြို့နေဒေသခံတွေဆီကနေ သိရပါတယ်။

“ အခုဆိုရင်ဗျား ဆိုလာပြားတွေ လိုက်ရှာဝယ်နေကြပြီ။ ဆိုလာမီးတွေ ဝယ်ကြရပြီ။ ဖုန်းအားအတွက်လေ။ ဆိုင်တစ်ဆိုင်ကတော့ မီးစက်နိုးပေးတယ်။ ကျနော်တို့က အားသွားသွင်းလို့ရတယ်ပေါ့နော။ သူတို့နိုးပေးတဲ့အချိန်ပေါ့နော။ ကူညီပေးတာပေါ့။ ဒါပေမယ့် အကုန်လုံးကတော့ အများစုကတော့ ဆိုလာမီးတွေရှာဝယ်ကြတယ်။ ပါဝါဘက်တွေ လိုက်ရှာဝယ်ကြတယ်။ ပြသာနာက ဆိုင်တွေလည်း မဖွင့်တော့ဘူး။ အဲ့ဒါကြောင့် ပိုပြီးတော့လည်း ရှာရခက်တယ်။” လို့ မြို့နေ ဒေသခံတစ်ဦးက ပြောပါတယ်။

ဇန်နဝါရီလ ၆ ရက်နေ့မှစပြီး ယခုချိန်ထိ မြို့ပေါ်ရပ်ကွက်ဖြစ်တဲ့ မိုင်းလုံး၊ ပန်ကန်း၊ ရွာတန်းရှည် တစ်လျှောက်မှာ တိုက်ပွဲပြင်းထန်နေလျက် လျှပ်စစ်မီးဖြတ်တောက်ခံရနေကြရတာဖြစ်ပါတယ်။

ယမန်နေ့ ( ဇန်နဝါရီလ ၉ ရက်) ညပိုင်းမှာ စစ်ကောင်စီမှ လက်နက်ကြီးတွေ ရမ်းသန်းပစ်ခတ်ပြီး တမြို့နယ်လုံး လျှပ်စစ်မီးပြတ်တောက်သွားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဒါ့အပြင် ရပ်ကွက်နေလူထုများအသုံးပြုတဲ့ စည်ပင်ရေလည်း ပြတ်လပ်မှု ဖြစ်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

“ သူတို့ပြောတဲ့ ၃၃ လိုင်း ဆိုလားမသိဘူး။ ရွာတန်းရှည်ဖက် သွားတဲ့လိုင်းက ၃ ရက်လောက်ရှိပြီ။ ဖြတ်တာ။မနေ့က ညနေလောက်ကစပြီးတော့ တမြို့လုံးစပြီးဖြတ်တယ်။ အဲ့ဒါ ပျက်သွားပြီပေါ့နော။ နောက်ပြီးတော့ စည်ပင်နဲ့ ပတ်သက်ပြီးတော့ မြို့တွင်းအခြေအနေကျတော့ စည်ပင်ကားတွေ၊ အမှိုက်နဲ့ ပတ်သက်တာတွေ၊ ရေတွေမရတော့တာကတော့ သုံးလေးရက်လောက် ရှိပြီ။ ဒါကတော့တမြို့လုံးနီးပါးတော့ မရတော့တာ သုံးရက်လောက်ရှိပြီ။ အခြေအနေတွေက အဲ့လို ဖြစ်နေပြီပေါ့။” လို့ နောက်ထပ် ဒေသခံအမျိုးသားတစ်ဦးက ဆိုပါတယ်။

လွိုင်ကော်မြို့နေ ဒေသခံလူထုအများစုဟာ ဘီးလူးချောင်းကနေ မြို့ထဲဖြန့်ဝေလျက်ရှိတဲ့ စည်ပင်ရေကို အသုံးပြုနေကြတာဖြစ်ပါတယ်။

လျှပ်စစ်မီးမလာတာကြောင့် ရေတင်ဖို့လည်း အခက်အခဲ ရှိနေကြတာဖြစ်ပါတယ်။

ဇန်နဝါရီလ ၆ ရက်နေ့က တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့သလို စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှုအပြင်၊ နေ့စဉ် လက်နက်ကြီးများ ရမ်းသန်းပစ်ခတ်မှုတွေကြောင့် မြို့နေ လူထုတွေ နေရပ်စွန့်ခွာပြီး ထွက်ပြေးတိမ်းရှောင်သူ အများအပြား ရှိလာပါတယ်။ အခြေအနေအမျိုးမျိုးကြောင့် မတိမ်းရှောင်နိုင်သူများလည်း ကျန်ရှိနေကြသေးတာဖြစ်ပါတယ်။

August 17, 2026
အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်များကို အာမခံနိုင်မှု...
ဓာတ်ပုံ - ကရင်နီဒုက္ခသည်စခန်း အမှတ် (၁) ရှိ ဆေးပေးခန်း (ပုံဟောင်း)
August 17, 2026
ထိုင်း-ကရင်နီနယ်စပ်ရှိ ကရင်နီဒုက္ခသည်စခန်း အမှတ် (၁) ၌ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ အဖြစ်...
August 14, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်သည် ဒေါပိုရှေ့ကျေးရွာ၌...
ဓာတ်ပုံ - ထိုင်းနိုင်ငံရှိ လုပ်ငန်းခွင်တစ်ခုသို့ ရောက်ရှိလာသည့် ကရင်နီဒုက္ခသည်များကို တွေ့ရစဉ်/Photo Credit - ณรงค์เวทย์ มหเศรษฐพงษ์ (Facebook)
August 14, 2026
ထိုင်းအစိုးရ အစီအစဉ်ဖြင့် ကရင်နီ ဒုက္ခသည်လူငယ်များ လုပ်ငန်းခွင်အသီးသီး၌ တရားဝင် အလုပ်လုပ်ကိုင်နေ...