အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်များကို အာမခံနိုင်မှု၊ ဖက်ဒရယ်ဒီမိုကရေစီ နှင့် နိုင်ငံတည်ဆောက်ရေးအတွက် ခိုင်မာသည့် မူဝါဒ၊ ရည်မှန်းချက်များ ချမှတ်၍ တော်လှန်တိုက်ပွဲဝင်နေ ကြောင်း ကရင်နီပြည်တပ်မတော် (KA) စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် အောင်မြတ်က ပြောသည်။
ဩဂုတ်လ ၁၇ ရက်နေ့တွင် ကျရောက်သည့် (၇၈) နှစ်မြောက် ကရင်နီပြည်တပ်မတော်နေ့ အခမ်းအနားကို ထိုင်း-ကရင်နီနယ်စပ်ရှိ ကရင်နီပြည်တပ်မတော် ထိန်းချုပ်နယ်မြေ တစ်နေရာ၌ ယနေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့ပြီး အဆိုပါ အခမ်းအနားတွင် ပေးပို့လာသည့် စစ်ဦးစီးချုပ်၏ မိန့်ခွန်းကို စစ်ရေးချုပ် ဗိုလ်မှူးကြီး အယ်မွီးက ဖတ် ကြားခဲ့ခြင်းဖြစ်သည်။
KA စစ်ဦးစီးချုပ် မိန့်ခွန်းတွင် “မိမိတို့အနေနှင့် လက်နက်ကိုင်တော်လှန်တိုက်ပွဲဝင်ခြင်းသည် စစ်အာဏာရှင်နှင့် အာဏာရှင်ဟူသမျှ ဖြုတ်ချရန်၊ ပြည်သူများကို ကာကွယ်စောင့်ရှောက်ရန်နှင့် မတရားဖိနှိပ်မှုကို တွန်းလှန်ရန် ဖြစ်ကြောင်း အားလုံးသိစေလိုပါသည်” ဟု ထည့်သွင်းပြောဆိုထားသည်။
ကရင်နီပြည် တပ်မတော်သည် ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုနှင့်အတူ တော်လှန်ရေးမှ ချမှတ်ထားသည့် ရည်မှန်းချက်ပန်းတိုင် ရောက်ရှိသည်အထိ ပြည်သူများ လွတ်လပ်စွာ ဖွံ့ဖြိုးတိုးတက်နိုင်ပြီး တရားမျှတမှုရှိသော အနာဂတ် ဖက်ဒရယ်ပြည်ထောင်စုဆီသို့ အရောက်တက်လှမ်းသွားမည်ဟု စစ်ဦးစီးချုပ်က ဆိုသည်။
အခမ်းအနားသို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) မှ သဝဏ်လွှာ ပေးပို့ခဲ့သည်။
အဆိုပါ သဝဏ်လွှာတွင် ကရင်နီအမျိုးသားတို့၏ ဘုံအနာဂတ်ကို ရှေ့ရှု၍ အမျိုးသားရေး ရည်မှန်းချက်များကို အကောင်အထည်ဖော်နိုင်ရန် ပြည်သူနှင့်အတူ ရပ်တည်ရေး၊ ပြည်သူကို သစ္စာစောင့်သိရေးနှင့် တော်လှန်ရေး အင်အားစုများအကြား ယုံကြည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရေးတို့သည် တော်လှန်ရေး အောင်မြင် ရန် အဓိက အခြေခံအချက်များဖြစ်ကြောင်း ထည့်သွင်းဖော်ပြထားသည်။
ထို့ပြင် ကရင်နီပြည်တပ်မတော်အနေဖြင့် ကရင်နီပြည်သူများ၏ မျှော်မှန်းချက်နှင့်အညီ ငြိမ်းချမ်းရေး၊ တရားမျှ တမှု၊ ဒီမိုကရေစီနှင့် ဖက်ဒရယ် တန်းတူညီမျှရေးတို့ကို အခြေခံသည့် ကရင်နီပြည် အနာဂတ်ကို တည်ဆောက်ရာ တွင် ပြည်သူတစ်ရပ်နှင့်အတူ ကျရာတာဝန်ကို ဆက်လက်ထမ်းဆောင်နိုင်ပါစေကြောင်း KNPP သဝဏ်လွှာတွင် တိုက်တွန်းထားသည်။
အဆိုပါ သဝဏ်လွှာ၌ ကရင်နီပြည်တပ်မတော်၏ (၇၈) နှစ်တာ ခရီးတစ်လျှောက်တွင် အသက်၊ သွေးနှင့် ခန္ဓာကို ပေးလှူခဲ့ကြသည့် တပ်ဖွဲ့ဝင်များ၊ တပ်ဗိုလ်တပ်မှူးများနှင့် တော်လှန်ရေး၏ ဒုက္ခဝေဒနာများကို ကြံ့ကြံ့ခံကာ စွန့်လွှတ် အနစ်နာခံခဲ့ကြသည့် မိသားစုဝင်များအားလုံးကို မှတ်တမ်းတင် ဂုဏ်ပြုကြောင်းလည်း ဖော်ပြထား သည်။







