တပ်မတော်ဖမ်းဆီးထားသည့် ပလက်ဝမှ ကိုတင်ထွန်းအောင်အား ရဟတ်ယာဉ်ဖြင့် စစ်တွေသို့ခေါ်ဆောင်သွားဟု မိသားစုများဆို

တပ်မတော်ဖမ်းဆီးထားသည့် ပလက်ဝမှ ကိုတင်ထွန်းအောင်အား ရဟတ်ယာဉ်ဖြင့် စစ်တွေသို့ခေါ်ဆောင်သွားဟု မိသားစုများဆို

ချင်းပြည်နယ်၊ ပလက်ဝမြို့မှ တပ်မတော်အကြည်အညိုပျက်စေမှုပုဒ်မ ၅၀၅(က)ဖြင့် အမှုဖွင့်စစ်ဆေးခံနေရသည့် ကိုတင်ထွန်းအောင်ကို ဇန်နဝါရီ ၉ ရက်နေ့က ပလက်ဝမြို့ ၂၈၉ တပ်ရင်းမှ စစ်တွေသို့  ရဟတ်ယာဉ်ဖြင့် ခေါ်ဆောင်သွားကြောင်း မိသားစုဝင်များကပြောသည်။

"မနေ့ကညနေ ၅ နာရီလောက်မှာ စစ်တွေကိုရောက်သွားပြီလို့ ကြားရတယ်။ တပ်ဘက်ကတော့ မကြားရဘူး၊ ပြင်ပကကြားရတာ။ စစ်တွေမှာရောက်တဲ့အခါ စစ်တွေဧရိယာက ကြားရတာ။ စစ်တွေဘယ်နားမှာလဲဆိုတာ ကျနော်လည်း မသိရသေးဘူး။ ရမန်ကလည်း ဇန်နဝါရီ  ၁၂ ရက်နေ့မှပြည့်မှာပါ။ အဲဒီရမန်က ကြိုက်တဲ့နေရာကိုပို့ခွင့်ရှိတယ်လို့တော့ ကျနော်ထင်တယ်။ အဲလိုမျိုးလား ကျနော်တို့လည်း တစ်ခုမှမသိရဘူး။ ပလက်ဝတပ်ရင်း ၂၈၉ ဘက်ကိုတော့ ကျနော် အဆက်အသွယ်မလုပ်ကြည့်ရသေးဘူး။ အမှန်မှာဆိုရင်တော့ ဘယ်လိုအကျိုးအကြောင်းရှိရှိ မိသားစုဝင်တွေကိုတော့ ပြောပြသင့်တယ်။ အခုကတော့ မိသားစုတွေကပဲ အပြင်ကစုံစမ်းနေရတာ"ဟု ကိုတင်ထွန်းအောင်၏ မိသားစုဝင်တစ်ဦးကပြောသည်။

ကိုတင်ထွန်းအောင်အား ယူထားသည့်ရမန်သည် လာမည့်ဇန်နဝါရီလ ၁၂ ရက်တွင်ပြည့်မည်ဖြစ်ပြီး ထိုအချိန်တွင်မှသာ ရှေ့နေငှားသင့်၊ မငှားသင့် ဆုံးဖြတ်ရမည်ဖြစ်ကြောင်း သူက ဆက်ပြောသည်။

ပလက်ဝမြို့၊ မြို့မရပ်ကွက်မှ ကိုတင်ထွန်းအောင်(၃၆ နှစ်)သည် တပ်မတော်အကြည်အညိုပျက်စေမှုပုဒ်မ ၅ဝ၅(က)ဖြင့် ပလက်ဝမြို့မရဲစခန်းတွင် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ ၃ဝ ရက်က အမှုဖွင့်ခံခဲ့ရခြင်းဖြစ်သည်။

ကိုတင်ထွန်းအောင်ကို ၂ဝ၂၂ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်အထိ ရမန်ယူထားခြင်းဖြစ်သည်ဟု သိရသည်။

ယခုကိစ္စနှင့်ပတ်သက်၍ နိရဥ္စရာသတင်းဌာနက ပလက်ဝမြို့မရဲစခန်းအား ဖုန်းဖြင့် ဆက်သွယ်ရာ ဖုန်းလက်ခံ ဖြေဆိုခြင်းမရှိခဲ့ပါ။

စစ်တွေသို့မပို့ဆောင်မီတွင် သူ့ကို ပလက်ဝနယ်မြေခံတပ်ရင်း ခလရ ၂၈၉ တွင် ထိန်းသိမ်းထားခဲ့သည်ဟုလည်း သိရသည်။

ကိုတင်ထွန််းအောင်သည် ပလက်ဝမြို့နယ် ရုပ်ဝအခြေခံပညာစာသင်ကျောင်းမှ အထွေထွေဝန်ထမ်း ကိုတင်ဦးနှင့်အတူ ဒီဇင်ဘာလ ၂၈ ရက် ညနေ ၆ နာရီခန့်တွင် ရဲနှင့်စစ်တပ်၏ ဖမ်းဆီးခေါ်ဆောင်ခြင်းကိုခံခဲ့ရခြင်းဖြစ်သည်ဟု မိသားစုဝင်များက ပြောသည်။

ယင်းနောက် ကိုတင်ဦးသည် နောက်တစ်နေ့ ဒီဇင်ဘာလ ၂၉ ရက် ညနေပိုင်းတွင် ပလက်ဝမြို့မရဲစခန်းမှ ခံဝန်ဖြင့် လွတ်မြောက်လာခဲ့သည်။

၎င်းတို့ ၂ ဦးမှာ စစ်တပ်တွင် အလံဖြူထောင်သည့်ကိစ္စကို သတင်းဌာနတစ်ခုသို့ အင်တာဗျူးဖြေဆိုထားခြင်းကြောင့် ဖမ်းဆီးခံရသည်ဟု ပလက်ဝမြို့ ဒေသခံများက ပြောသည်။

၄င်းတို့ ၂ ဦးအနက် ကိုတင်ထွန်းအောင်သည် နေပြည်တော်၊ ပုဗ္ဗသီရိဆေးရုံတွင် ဓာတ်မှန် ၃ အဖြစ် တာဝန် ထမ်းဆောင်နေသူတစ်ဦးဖြစ်ပြီး မိခင်နေမကောင်း၍ လောလောဆယ်ခွင့်ဖြင့် ပလက်ဝသို့ ရောက်ရှိနေစဉ် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်ဟု သိရသည်။

ကိုတင်ဦးမှာ ပလက်ဝမြို့ရှိ စစ်ဘေးရှောင်စခန်းတစ်ခုတွင်နေထိုင််ပြီး ကိုတင်ထွန်းအောင်နှင့်အတူ စစ်ဘေးရှောင်များကို ကူညီထောက်ပံ့ပြီး လူမှုရေးလုပ်ငန်းများလုပ်ကိုင်နေသူဖြစ်သည်ဟုလည်း သိရသည်။

Most read this week

April 11, 2026
ကျော်သီဟ — ဧပြီလ ၁ဝ ရက်တွင်ကျရောက်သည့် အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း (၁၇) နှစ်မြောက်နေ့သို့...
April 10, 2026
နှင်းနွယ်နီ — ရခိုင်ပြည်၊ မြို့တော်စစ်တွေမြို့ရှိ ထောင်အနီးနှင့် သံတော်လီရွာဝင်ဝအနီးတို့တွင်...
April 9, 2026
ခိုင်လူလှ (ရိုးမမြေ) — ကျောက်ဖြူမြို့နယ်တိုက်ပွဲများတွင် ထိခိုက်သေဆုံးမှုများနေသဖြင့်...
April 8, 2026
မောင်စာဂ — အကြမ်းဖက်စစ်ကော်မရှင်ထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့နယ်ရှိ ပင်လယ်ပြင်တွင်...