မြို့အင်္ဂါရပ်နှင့်ညီရန်ဟုဆိုကာ စစ်တွေမေယုလမ်းတစ်လျှောက်ရှိ စျေးဆိုင်ခန်းများအားဖယ်ရှားမည်ဟုဆို

မြို့အင်္ဂါရပ်နှင့်ညီရန်ဟုဆိုကာ စစ်တွေမေယုလမ်းတစ်လျှောက်ရှိ စျေးဆိုင်ခန်းများအားဖယ်ရှားမည်ဟုဆို

ရခိ်ုင်ပြည်နယ် စစ်တွေမြို့တွင် မြို့အင်္ဂါရပ်နှင့်ညီရန်ဟုဆိုကာ မေယုလမ်းတစ်လျှောက်ရှိ စျေးဆိုင်ခန်းများအား ဖယ်ရှားသွားမည်ဟု ပြည်နယ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းက ပြောသည်။

“အဝေးပြေးလမ်းမှာရှိတဲ့ ကျူးတွေနဲ့အဝေးပြေးလမ်း အကျော်မှာလည်း ကျူးတွေရှိတယ်။ ဒါတွေကိုဖယ်ရှားရမယ်။ အဝေးပြေးရှေ့မှာရှိတဲ့ ကျူးတွေကို ခက်ခက်ခဲခဲနဲ့ဖြေရှင်းရတယ်။ အဲ့ရှင်းထားတဲ့နေရာမှာပဲ ကားတွေလာရပ်တယ်။ ကားမရပ်ရအောင်ခြံစည်းရိုးတွေကာထားတယ်။ နောက်ထပ်နယ်စပ်ကုန်သွယ်ရေးကားတွေက အကြီးကြီး အရှိန်ယူပြီး ကန့်လန့်ဖြတ်ပြီးတော့ ဝင်ပေါက်ကိုတည့်အောင် ရပ်နေတော့ နောက်ကကားတွေက လမ်းပိတ်တော့လေ”ဟု ပြောသည်။

ပြီးခဲ့သည့်  ဇန်နဝါရီ ၃ ရက်နေ့ နေ့လယ်ပိုင်းက ပြည်နယ်ဥပဒေချုပ်ရုံးအစည်းအဝေးခန်းမတွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ဦးလှသိန်းက ယခုကဲ့သို့ပြောဆိုခဲ့ခြင်းဖြစ်သည်။

မည်သည့်နေ့တွင် စတင်ဖယ်ရှားမည်ဆိုသည်ကို တိတိကျကျပြောဆိုခြင်းမရှိပါ။

ယခုကိစ္စနှင့်ပတ်သက်၍ စစ်တွေမြို့နယ်အုပ်ချုပ်ရေးမှူးဦးကျော်လွင်က အသေးစိတ်မသိသေးကြောင်း နိရဥ္စရာကို ပြောသည်။

ယခုကဲ့သို့ဖယ်ရှားမည်ဆိုလျှင် စျေးရောင်းစားသူများတွင် စားဝတ်နေရေးခက်ခဲကာ တစ်ပိုင်းတစ်စနှင့်ဖြစ်နေသော သားသမီးများ၏ပညာရေးအတွက်ခက်ခဲသွားမည်ဟု လမ်းဘေးတွင်စျေးရောင်းနေသူတစ်ဦးက ပြောသည်။

“ကျမတို့က တစ်နေ့ ၅ ထောင်ရမလား ၁ သောင်းရမလားဆိုပြီး။ အမှန်တိုင်းပြောရရင် မဖြိုစေချင်ဘူးကွွယ်။ သားသမီးတွေကိုလည်းပညာသင်ရတယ်။ ဒါပေမယ့် သူတို့ကဖြိုခိုင်းရင်တော့ ဘယ်တတ်နိုင်ပါ့မလဲ”ဟု ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၅ ရက်ကလည်း စစ်တွေအဝေးပြေးကားဂိတ်ရှေ့မှ မီးစက်ကြီးလမ်းဆုံရေပန်းအဝိုင်းအထိ မေယုလမ်းတစ်လျှောက်ရှိလမ်းဘေးဆိုင်ခန်း ၂ဝ ခန့်နှင့် ကားဂိတ်ရှေ့ရှိ ထမင်းဆိုင်တန်း၊ ကွမ်းယာဆိုင်၊ ဖရဲသီးပွဲရုံစသည့် ဆိုင်ခန်း ၁ဝ ခန်းတို့ကို မြို့နယ်စည်ပင်နှင့် ရဲတပ်ဖွဲ့ဝင်များက ဖြိုဖျက်ခဲ့သည်ဟု သိရသည်။

Most read this week

April 11, 2026
ကျော်သီဟ — ဧပြီလ ၁ဝ ရက်တွင်ကျရောက်သည့် အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း (၁၇) နှစ်မြောက်နေ့သို့...
April 10, 2026
နှင်းနွယ်နီ — ရခိုင်ပြည်၊ မြို့တော်စစ်တွေမြို့ရှိ ထောင်အနီးနှင့် သံတော်လီရွာဝင်ဝအနီးတို့တွင်...
April 9, 2026
ခိုင်လူလှ (ရိုးမမြေ) — ကျောက်ဖြူမြို့နယ်တိုက်ပွဲများတွင် ထိခိုက်သေဆုံးမှုများနေသဖြင့်...
April 8, 2026
မောင်စာဂ — အကြမ်းဖက်စစ်ကော်မရှင်ထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့နယ်ရှိ ပင်လယ်ပြင်တွင်...