စစ်တွေမြို့နယ် ငတောက်တက်ကျေးရွာတွင် အမျိုးသမီးတစ်ဦးထံမှ ရွှေထည်များဓားပြတိုက်ခံရ

စစ်တွေမြို့နယ် ငတောက်တက်ကျေးရွာတွင် အမျိုးသမီးတစ်ဦးထံမှ ရွှေထည်များဓားပြတိုက်ခံရ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ ငတောက်တက်ကျေးရွာတွင် ဇန်နဝါရီ ၄ ရက်က အမျိုးသမီးတစ်ဦး၏ ရွှေထည်ပစ္စည်းများ ဓားပြတိုက်ခံခဲ့ရပြီး ၎င်းအနီးအနားရှိ ကျွဲတစ်ကောင်ကိုလည်း ဓားဖြင့် ခုတ်သတ်သွားခဲ့သည်ဟု သတင်းရရှိသည်။

အသက်(၅ဝ) ကျော်အရွယ် ဒေါ်လှမတင်က ၄င်း၏ဟင်းခင်းထဲရှိ ဆောင်းသီးနှံများကို ရောင်းချရန် သွားရောက်စဉ် ဓားပြ တိုက်ခံခဲရခြင်းဖြစ်ကြောင်း ငတောက်တက် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းက နိရဥ္စရာသတင်းဌာနကို ပြောဆိုသည်။

“ ကျွန်တော်ဆီမှာက မနက် ၃ နာရီ ၄ နာရီဆိုရင် ဟင်းခင်းကို အစောကြီး ထသွားကြတယ်။ တစ်မနေ့ ညနေကတည်းက ခူးဆွတ်ထားတဲ့ အသီးအနှံ တွေကို ဖောက်သည်တွေကို ရောင်းချဖို့သွားကြတယ်။ မနက်မလင်းခင် ရောင်းချကြရတယ်။ အဲသလို သွားရာမှာ ရွာထိပ်ကနေ ပေ ၁၅၀၀ လောက် အရောက်၊ ရထားလမ်း အလွန်မှာ ဓါးပြတိုက်ခံရတာ ဖြစ်ပါတယ်။ ဓားပြက သုံးဦးပါတယ်လို့ ပြောပါတယ်” ဟု အုပ်ချုပ်ရေးမှူးက ပြောသည်။

၎င်းအမျိုးသမီးမှာ အိမ်တွင် ယောက်ျားဖြစ်သူနှင့် နှစ်ဦးသာ နေထိုင်ကြပြီး ရွှေထည်များကို အိမ်တွင်ထားရန် စိတ်မချသဖြင့် ခါးတွင် ထုတ်ပိုး၍ ယူရာမှ ဓားပြတိုက်ခံရခြင်းဖြစ်ကြောင်း၊ ရွှေ ၉ ကျပ်နှင့် ငွေ ၂ သိန်း၊ ဖုန်းတစ်လုံး ပါသွားခဲ့ကြောင်း ငတောက်တက်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းက ဆက်လက်ရှင်း ပြပြောဆိုသည်။

“ ဆိုင်ကယ်တစ်စီးနဲ့ လူသုံးယောက်ပါတယ်လို့ပြောတယ်။ သူကို လည်ပင်း ညစ်ပြီးပါတာ အကုန်ပေးလို့ တောင်းတယ်။ ရခိုင်စကားပြောတဲ့ လူနှစ်ယောက် ပါတယ်။ နောက်တစ်ယောက်က ကမန်စကားလိုလို ပြောတယ်လို့သိရတယ်။ နှာခေါင်းစည်းတစ်ယောက်တပ်ထားတယ်။ ကျန်နှစ်ယောက်ရဲ့ မျက်နှာကိုလည်း မမှတ်မိဘူးလို့ပြောတယ်။ သူ့အော်သံကြားလို့ အမျိုးသားဖြစ်သူက ပြေးထွက် သွားတော့ ဆိုင်ကယ်မောင်းပြေးသွားကြတယ်” ဟု ၎င်းက ပြောကြားသည်။

၄င်းအပြင် ယင်းဓားပြတိုက်ရာ ပေ ၂၀၀ အနီးတွင် ငတောက်တက် ကျေးရွာသား ဦးစိန်ရွှေမောင်ပိုင် ကျွဲထီးတစ်ကောင်အား လည်ပင်း ခုတ်ထစ်ဒဏ်ရာတစ်ချက်၊ ညာခြေထောက် ခုတ်ထစ်ဒဏ်ရာ နှစ်ချက်ဖြင့် သေဆုံးလျက်တွေ့ရှိခဲ့ကြောင်း သူကဆက်ပြောသည်။

“ ဓားပြတိုက်ခံရတဲ့ ကိစ္စနဲ့ ဆက်စပ်မှုရှိရင်ရှိသွားနိုင်တယ်။ ကျွဲထီးလေး တစ်ကောင် သေသွားတာပေါ့။ ဒေါ်လှမတင်မှာတော့ ဆွဲကြိုးသုံးကုံး၊ လက်ကောက်လေးကွင်း၊ လော့ကတ်သီးဆွဲခွက် နှစ်ခွက်နှင့် လက်စွပ် နှစ်ကွင်း ပါသွားတယ်။ အိမ်မှာမထားပဲယူသွားတာက အိမ်မှာ သိမ်းဖို့မလုံခြုံလို့ သွားလေရာ ယူသွားတာလို့ ပြောတယ်” ဟုပြောသည်။

ကျေးရွာသားတစ်ဦးကလည်း ယခု ဓားပြတိုက်မှုမှာ ကျွဲကိုသတ်မှုနှင့် ဆက်စပ်နိုင်ကြောင်း၊ ပြဿနာ ဖြစ်ပွားအောင် ဖန်တီးမှုအဖြစ် ရှုမြင်ကြောင်း ပြောကြားသည်။

ဓားပြတိုက်ခံရသူ ဒေါ်လှမတင်အား ဆက်သွယ်ရာတွင် ၄င်းမှာ စစ်တွေမြို့ ပေါ်သို့ ထွက်သွားသဖြင့် လတ်တလောတွင် ဆက်သွယ်မှုမရရှိခဲ့ပါ။

အဆိုပါကိစ္စနှင့် ပတ်သက်၍ လက်ရှိတွင် အမြင့်ကျွန်းနယ်မြေခံရဲစခန်းမှ လာရောက် စစ်ဆေးနေကြောင်းအုပ်ချုပ်ရေးမှူး၏ ပြောပြချက်အရသိရသည်။

Most read this week

December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့ရှိ...
December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...