ရခိုင်ပြည်နယ်အတွင်းရှိ လိုင်စင်မဲ့သုံးဘီးနှင့် ဘေးတွဲဆိုင်ကယ်များကို ဖမ်းဆီးအရေးယူတော့မည်ဟု ပြည်နယ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းက ပြောသည်။
“လုပ်မယ်ဆိုတာကို ဒီလူတွေသိနိုင်အောင် ရုတ်တရက်လုပ်လိုက်တယ်ဆိုရင် ထောင်ချောက်ဆင်ပြီးတော့ ဖမ်းတယ်ဆိုပြီးဖြစ်မှာစိုးရိမ်တဲ့အတွက် လုပ်တော့မယ်ဆိုတာကို သိစေချင်တယ်။ တချို့မြို့နယ်တွေမှာ သုံးဘီးတွေကိုလည်း မြို့နယ်အလိုက် အကန့်အသတ်နဲ့တင်သွင်းခွင့်ပြုတယ်။ လိုင်စင်မပေးထားဘူး။ ဒါကြောင့် လိုင်စင်မဲ့တွေကတော့ ဂရုစိုက်ရမယ်” ဟု ဦးလှသိန်းက ပြောသည်။
ယနေ့ ဇန်နဝါရီ ၃ ရက်နေ့ နေ့လယ်ပိုင်းက ပြည်နယ်ဥပဒေချုပ်ရုံးအစည်းအဝေးခန်းမတွင် ပြုလုပ်သည့်သတင်းစာရှင်းလင်းပွဲ၌ ဦးလှသိန်းက ယခုကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။
“ဘယ်တော့လုပ်မလဲဆိုတာမသိသေးဘူး”ဟု ဆိုသည်။
အဆိုပါယာဉ်များသည် လိုင်စင်မရှိဘဲ တရားမဝင် မောင်းနှင်နေကြခြင်းဖြစ်သလို ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် ညီညွှတ်မှုမရှိသည့်အတွက် ယာဉ်စည်းကမ်းထိန်းသိမ်းရေးကော်မတီနှင့် ပူးပေါင်းကာ ယခုကဲ့သို့ ဖမ်းဆီးအရေးယူရန် စီစဉ်ရခြင်းဖြစ်သည်ဟု ဦးလှသိန်းက ပြောသည်။
အဆိုပါယာဉ်များအား ယခု ဇန်နဝါရီလကုန်လျှင်ဖမ်းမည်ဟု သတင်းကြားပြီး ယင်းသို့ဖမ်းဆီးပါက မိသားစုထမင်းငတ်မည်ဟု သုံးဘီးမောင်းသမားတစ်ဦးက ပြောသည်။
“ဖမ်းရင်လည်း ကျနော်တို့မှာ ဘာတတ်နိုင်မလဲ။ ဒီလကုန်ရင် ဖမ်းဖို့ဆိုပြီးသတင်းကြားတယ်။ ဖမ်းရင် ၃ သောင်းပေးရတော့မယ်။ တစ်ရက်လုံးလုပ်မှ ၈ ထောင်၊ ၁ သောင်းလောက်ပဲရတယ်။ မိသားစုအနေနဲ့ ထမင်းငတ်မှာပဲ အဲဒီလိုဖမ်းရင်”ဟု ပြောသည်။
ပြီးခဲ့သည့် NLD အစိုးရလက်ထက်က ကျောက်ဖြူမြို့တွင် လိုင်စင်မဲ့သုံးဘီးနှင့် ဘေးတွဲယာဉ်များကို စတင်အသုံးပြုခဲ့သော်လည်း ရခိုင်ပြည်နယ်အတွင်း သုံးဘီးနှင့် ဘေးတွဲဆိုင်ကယ်စီးရေပေါင်း မည်မျှရှိသည်ကို မသိရပေ။







