မန္တလေးအခြေစိုက် VOM သတင်းဌာန ယာယီရပ်ဆိုင်း

မန္တလေးအခြေစိုက် VOM သတင်းဌာန ယာယီရပ်ဆိုင်း

မန္တလေးအခြေစိုက် VOM (Voice of Myanmar) သတင်းဌာနကို လာမည့်ဇန်နဝါရီ ၁ ရက်မှစ၍ ယာယီရပ်ဆိုင်းမည်ဖြစ်ကြောင်း ယနေ့ ဒီဇင်ဘာ ၂၄ ရက် နေ့စွဲဖြင့် သတင်းထုတ်ပြန်သည်။

VOM သတင်းဌာနအယ်ဒီတာချုပ် ဦးနေမျိုးလင်းက “၎င်းတို့၏ သတင်းထောက်များအား လက်နက်ကိုင်အဖွဲ့များက အသက်အန္တရာယ် ခြိမ်းခြောက်မှုများ အကြိမ်ကြိမ်ပြုလုပ်လာကြသဖြင့် သတင်းတင်ဆက်မှုကို ရပ်နားလိုက်ခြင်းဖြစ်ပြီး သတင်းထောက်များအားလည်း အလုပ်မှ ရပ်နားလိုက်ရခြင်းဖြစ်ကြောင်း” ပြောကြားသည်။

“နှစ်ဖက်အန္တရာယ်ကြားကနေပြီးတော့ ကျွန်တော်တို့ ရုန်းထွက်တဲ့သဘောပဲ။ ကျွန်တော်တို့ သတင်းထောက်တွေရဲ့အသက်အန္တရာယ်ထက် သတင်းက ဘာမှ အရေးမကြီးဘူးလို့ယူဆလို့ ကျွန်တော်တို့ သတင်းတွေကို ရပ်လိုက်တာဖြစ်တယ်။ သတင်းတင်ဆက်မှုတွေကို ယာယီရပ်ထားတဲ့သဘောပါ။ သတင်းထောက်တွေလည်း အကုန်လုံး အလုပ်နားလိုက်ရတာပေါ့ဗျာ။ လက်တွေ့ဆိုရင် အွန်လိုင်းမှာ ထုတ်ပြန်ချက်တွေလည်း တွေ့မယ်ထင်ပါတယ်။ အခုတိုင်းရင်းသား လက်နက်ကိုင်မဟုတ်ဘူး။ အခုဒီဖက်ပေါ်လာတဲ့ လက်နက်ကိုင်တွေက VOM သတင်းထောက်တွေ အသက်အပိုပါရင် လာခဲ့တို့ ဘာတို့ ဒီလိုမျိုး ထုတ်ပြန်ချက်တွေ နှစ်ဖွဲ့သုံးဖွဲ့က အဲလိုမျိုး ထုတ်တာတွေ့ရပါတယ်” ဟု ၎င်းက ပြောသည်။

၎င်းအပြင် ယမန်နေ့ ဒီဇင်ဘာ ၂၃ ရက်ကလည်း လက်ရှိ အစိုးရ စစ်ကောင်စီလက်ထက် အသစ်ပြန်လည်ဖွဲ့စည်းထားသည့် သတင်းမီဒီယာ ကောင်စီကလည်း ယခင်အစိုးရ လက်ထက်က တာဝန်ထမ်းဆောင်ခဲ့သည့် လူပုဂ္ဂိုလ်၊ ရာထူးများအား ယခင်ရာထူးအတိုင်း ရေးသားဖော်ပြနေခြင်းနှင့်ပတ်သက်၍ တရားစွဲခံရပါက တာဝန်မယူကြောင်း ထုတ်ပြန်ခဲ့သည့်ကိစ္စမှာလည်း ပြည်တွင်းသတင်းဌာနများအတွက် အခက်အခဲများဖြစ်လာစေကြောင်း သူက ဆက်ပြောသည်။

“တစ်ဖက်ကကျတော့ မီဒီယာကောင်စီက သတင်းစာမှာထုတ်ပြန်ထားတာတွေ့ပါလိမ့်မယ်။ ဝန်ကြီးချုပ်တွေဘာတွေ ဒါမျိုးထောင်ချတဲ့သတင်းတွေရေးတယ်ဆိုရင် ဝန်ကြီးချုပ်ဟောင်းလို့ ရေးရမယ်။ အရင်ရာထူးကို လက်ရှိလိုလို ဘာလိုလိုမရေးနဲ့။ ဒါမျိုးဆိုရင် တရားစွဲခံရနိုင်တယ်ဆိုတာတွေက အတွင်းထဲမှာရှိနေတဲ့ မီဒီယာတွေအတွက် တော်တော်ကြီးကို အခက်အခဲဖြစ်စေတယ်။ ဒါကြောင့် ကြားညှပ်မခံချင်လို့ ရပ်လိုက်ရတာပါ”ဟုပြောသည်။

VOM သတင်းဌာနအယ်ဒီတာချုပ် ဦးနေမျိုးလင်းကို ၂ဝ၂ဝ ပြည့်နှစ် မတ်လ (၂၇) ရက်တွင် ထုတ်လွှင့်ခဲ့သော “ အေအေပြောရေးဆိုခွင်ရှိသူ ခိုင်သုခနှင့် VOM ဆက်သွယ်မေးမြန်းချက်”သည် အကြမ်းဖက်ဥပဒေနှင့် ငြိစွန်းသည်ဟုဆိုကာ ဖမ်းဆီးပြီး အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅ဝ(က) ဖြင့် တရားစွဲဆိုခဲ့ပြီး လပိုင်းအနည်းငယ်တွင် ပြန်လွတ်လာခဲ့သည်။

Voice of Myanmar (VOM) သတင်းဌာနကို ၂၀၀၇ ခုနှစ်၊ ဇူလိုင်လက မန္တလေးချမ်းမြသာစည်မြို့နယ်တွင် စတင်တည်ထောင်ခဲ့သည်ဟု သိရသည်။

July 31, 2026
အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင် တစ်ဦးတစ်ယောက်မျှ စစ်တပ်ထံ လက်နက်ချအလင်းဝင်သည့် ဖြစ်စဉ်မျိုး...
July 30, 2026
ရခိုင်-မကွေးရိုးပေါ်မှ တစ်ဆင့် နတ်ရေကန်စစ်မျက်နှာသို့ အင်အားဖြည့်တင်းရန် ရောက်ရှိလာခဲ့သော စစ်ကား...
July 27, 2026
ရခိုင်ပြည်၊ အမ်းမြို့နယ်နှင့် မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်အကြား ရိုးတောင်ကျော်လမ်းပေါ်တွင်...
July 22, 2026
ရခိုင်ပြည်၏ မြို့တော်၊ စစ်တွေမြို့၊ ဆင်ကူးလမ်းရပ်ကွက်ရှိ ဆင်ကူးလမ်းကျောင်း စစ်ဘေးရှောင်စခန်းမှ...