ဖားကန့်မြေစာပုံပြိုကျမှုတွင် မုန့်တီရောင်းနေသူ ရခိုင်အမျိုးသမီးနှစ်ဦး အပါအဝင် နောက်ထပ်ရခိုင်တချို့ပါဝင်သွားဟု သတင်းထွက်ပေါ်နေ

ဖားကန့်မြေစာပုံပြိုကျမှုတွင် မုန့်တီရောင်းနေသူ ရခိုင်အမျိုးသမီးနှစ်ဦး အပါအဝင် နောက်ထပ်ရခိုင်တချို့ပါဝင်သွားဟု သတင်းထွက်ပေါ်နေ

ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံခင်းအုပ်စု မော်စီတာကျေးရွာ လုပ်ကွက်ဟောင်း တစ်ခုတွင် ယနေ့နံနက်အစောပိုင်းက မြေစာပုံပြိုကျရာ၌ မုန့်တီရောင်းနေသည့် ရခိုင်အမျိုးသမီးနှစ်ဦးအပါအဝင် နောက်ထပ် ရခိုင်အချို့ပါသွားသည်ဟု သတင်းထွက်ပေါ်နေကြောင်း သိရသည်။

အဆိုပါမြေစာပုံသည် ယမန်နေ့ ဒီဇင်ဘာလ ၂၂ ရက် နံနက် ၃ နာရီခန့်တွင် ပြိုကျသွားခြင်းဖြစ်သည်ဟု သိရသည်။

ပြိုကျသွားသည့်မြေစာပုံအောက်ဘက်တွင် မုန့်တီရောင်းချနေကျဖြစ်သည့် ရခိုင်အမျိုးသမီးနှစ်ဦးသည် မြေပြိုမှုကြောင့် ရေလှိုင်းပုတ်ရာတွင်ပါသွားကြောင်း သတင်းထွက်ပေါ်နေသည်ဟု ဖားကန့်ရောက် ရခိုင်လူမျိုးဦးရွှေသိန်းက နိရဥ္စရာအားပြောသည်။

“မြေစာပုံမှာ ဦးလေးတို့ ရခိုင်သူနှစ်ယောက် မုန့်တီရောင်းနေတာတဲ့။ သူတို့လည်း မြေပြိုတဲ့အချိန် လှိုင်းပုတ်ပြီးပါသွားတယ်။ သေသွားတယ်လို့ သိရတယ်။ မြေစာပုံပြိုတဲ့အထဲ မျက်မြင်တစ်ယောက်က ပြောတာ” ဟု ပြောသည်။

မြေစာပုံပြိုကျသည့်အချိန် ၄င်းလုပ်ကွက်အနီးရောက်ရှိနေသည့် ကိုကျော်မျိုးသန့်ကလည်း အဆိုပါအမျိုးသမီးနှစ်ဦးမှာ မုန့်တီရောင်းနေကျဖြစ်သဖြင့် မြေစာပုံပြိုကျမှုတွင် ပါသွားကြောင်း သတင်းထွက်ပေါ်နေသည်ဟု ဆိုသည်။

“မုန့်တီရောင်းတဲ့အမျိုးသမီးတွေက အောက်မြေစာခြေရင်းမှာ ရောင်းနေတာပါ။ ရောင်းတာမကြာသေးဘူးလို့သိရတယ်။ တစ်ညလုံးရောင်းတာ။ မြေမပြိုခင် ရခိုင်စကားနဲ့ အချင်းချင်းအော်ပြောသံတွေကြားခဲ့သေးတယ်။ ရခိုင်တွေပါပါတယ်။ ပြန်ရှင်လာတဲ့လူတွေလည်း ရှိတယ်လို့သိရတယ်” ဟုပြောသည်။

မော်စီတာကျေးရွာနေ ရခိုင်အမျိုးသမီး ဒေါ်တင်တင်မေကလည်း ယခုဖြစ်စဉ်ကြောင့် လူပေါင်း ၁ဝဝ ကျော်ပျောက်ဆုံးနေပြီး ယင်းအထဲတွင် ရခိုင်လူမျိုးအများအပြားပါဝင်သည်ဟု ပြောသည်။

“ရခိုင်တွေများတယ်လို့ပြောတယ်။ ကချင်များတယ်။ ရခိုင်များတယ်။ မုန့်တီရောင်းတဲ့ရခိုင်သူမလေးနှစ်ယောက်နဲ့ စျေးထမ်းရောင်းတဲ့လူလည်း ပါသွားတယ်။ သူတို့နဲ့တော့ မရင်းနှီးဘူး။ ရခိုင်ယဉ်ကျေးမှုအသင်းကတော့ ရခိုင်ဘယ်လောက်ပါသွားလဲစုံစမ်းနေကြတယ်” ဟုပြောသည်။

ဖားကန့်မြို့နယ် သင်္ခါလူမှုကူညီရေးအသင်းနာယက ဦးဆိုင်းတောင်က ၄င်းတို့အနေဖြင့် မြေပြိုရာတွင် ပါသွားသည့် လူအရေအတွက်နှင့် မည်သူမည်ဝါများပါဝင်သွားသည်ကို အတည်မပြုနို်င်သေးကြောင်း ယနေ့ ညနေ ၄ နာရီခန့်က နိရဥ္စရာကို ပြောသည်။

“အလောင်းတစ်လောင်းတော့ ရထားတယ်။ ဘာလူမျိုးလဲမသိဘူး။ ကလေးနှစ်ယောက်အဖေလို့ပဲသိရတယ်။ ရခိုင်တွေပါလားဆိုတာ အတည်မပြုနို်င်သေးဘူး။ ဒီညနေအိမ်ပြန်မရောက်မှ လာတိုင်တန်းကြမယ်။ အဲဒီအချိန်မှ ပျောက်နေတဲ့လူစာရင်းကို သိရမယ်” ဟုပြောသည်။

လွန်ခဲ့သည့် ၂ဝ၂ဝ ပြည့်နှစ် ဇူလိုင်လ ၂ ရက်က ဖားကန့်မြို့နယ် ဝှေ့ခါကျေးရွာမြေစာပုံပြိုကျမှုတွင်လည်း အနယ်နယ်အရပ်ရပ်မှ လူပေါင်း ၂ဝဝ ကျော်သေဆုံးခဲ့ပြီး ယင်းအထဲတွင် ရခိုင်လူမျိုး ၃၂ ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ ၂ဝ ကျော်ရှိခဲ့ကြောင်း သိရသည်

Most read this week

December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့ရှိ...
December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...