BGF က ရွှေကုက္ကိုလ်မြို့သစ်တွင် ရပ်ကွက်တစ်ခုလျှင် အမျိုးသား ၁၅ယောက် ပေးရန် ခြိမ်းခြောက်တောင်းခံနေ

BGF က ရွှေကုက္ကိုလ်မြို့သစ်တွင် ရပ်ကွက်တစ်ခုလျှင် အမျိုးသား ၁၅ယောက် ပေးရန် ခြိမ်းခြောက်တောင်းခံနေ

ကရင်ပြည်နယ်၊ မြဝတီ ရွှေကုက္ကိုလ်မြို့သစ်တွင် စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ် (BGF )က  ရပ်ကွက်တစ်ခုလျှင် အမျိုးသား ၁၅ ယောက်ပေးရန် အုပ်ချုပ်ရေးမှူးများထံမှ တစ်ဆင့် ခြိမ်းခြောက်တောင်းခံကာ လူသစ်စုဆောင်းနေကြောင်း ဒေသခံသတင်းရင်းမြစ်က မဇ္ဈိမကို ပြောသည်။

ရွှေကုက္ကိုလ်မြို့သစ်တွင် ရပ်ကွက် ငါးခုရှိပြီး ရှေ့တန်းစစ်ဆင်ရေးတွင် အသုံးပြုရန် ထိုသို့ လူသစ်စုဆောင်းနေခြင်းဖြစ်ကြောင်း သိရသည်။

“တစ်ရပ်ကွက်ကို အမျိုးသား ၁၅ ယောက်တောင်းတယ်။ မလိုက်နိုင်တဲ့ သူတွေကို ပိုက်ဆံတောင်းတယ်။ ဘတ် ၂‚၀၀၀ (မြန်မာကျပ်ငွေ တစ်သိန်းကျော် ဝန်းကျင်)အထိ တောင်းတဲ့ အိမ်တွေ ရှိတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

အကြောင်းပြချက်ပေးကာ လူသစ်စုဆောင်းမှုတွင် ပါဝင်ရန် ငြင်းဆန်ပါက ငွေကြေးတောင်းခံမှုများ ရှိနေပြီး အတင်းအကျပ် လူသစ်စုဆောင်းမှုများလည်းရှိနေကြောင်း သိရသည်။

“ပြီးခဲ့တဲ့ရက်ပိုင်းက ရွှေကုက္ကိုလ်မြို့သစ်ထဲမှာ ရှိတဲ့ ရထိုက် အိမ်ရာမှာ လုံခြုံရေး အလုပ်လုပ်ဖို့ဆိုပြီး အမျိုးသား ၁၅ ယောက်ခေါ်သွားတယ်။ ဒီမှာက လုံခြုံရေးလုပ်ချင်ရင်တောင် BGF ရဲ့ စစ်သင်တန်းတက်ရတယ်။ အဲ့နေ့က ခေါ်သွားတဲ့ လူတွေနဲ့ အခုထိ အဆက်အသွယ်မရသေးဘူး” ဟု နောက်ထပ်ဒေသခံတစ်ဦးက ပြောသည်။

BGF အနေဖြင့် ရွှေကုက္ကိုလ်မြို့သစ်အတွင်း လူသစ်စုဆောင်းမှုကို နှစ်စဉ် လုပ်ဆောင်နေပြီး ယခုအချိန်တွင် ကရင်ပြည်နယ်အတွင်း တိုက်ပွဲများဖြစ်ပေါ်နေခြင်းကြောင့်  ဒေသခံများက စိုးရိမ်နေကြသည်။

BGFသည် ၎င်းတို့ထိန်းချုပ်နယ်မြေဖြစ်သည့် ရွှေကုက္ကိုလ်မြို့သစ်အတွင်း လူအခွင့်အရေးချိုးဖောက်မှုများကို လုပ်ဆောင်နေကြောင်းလည်း KNU ဘက်က ထုတ်ပြန်ထားသည်။

လက်ရှိအချိန်တွင် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် အာဏာသိမ်း စစ်ကောင်စီတပ်တို့  လေးကေ့ကော်မြို့သစ်တွင် ဒီဇင်ဘာ ၁၅ ရက်နေ့ နံနက် ၁၁ နာရီ ၁၀ မိနစ်ခန့်က စတင်တိုက်ပွဲ ဖြစ်ပွားနေသည်။

July 27, 2026
မကွေးတိုင်း၊ ကျောက်ထုမြို့နယ်တွင် စစ်အုပ်စုတပ်က စစ်အင်အား ၂,၀၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးနေခြင်း...
July 27, 2026
အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ၏ မန္တလေးတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ခံ...
July 22, 2026
ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်ရှိ ရဲစခန်းအား မိုင်းခွဲတိုက်ခိုက်ခဲ့ရာတွင်...
July 21, 2026
ရှမ်းပြည် တောင်ပိုင်း၊ မိုးဗြဲမြို့နှင့် ကရင်နီပြည်၊ နန်းမယ်ခုံအကြားတွင် ဇွန်လ ဒုတိယပတ်က...