ကျောက်ဖြူမြို့နယ်တွင် လယ်သမား ၃ ဦးပိုင်ဆိုင်သည့် ရိတ်သိမ်းပြီးစ စပါးများ မီးရှို့ဖျက်ဆီးခံရ

ကျောက်ဖြူမြို့နယ်တွင် လယ်သမား ၃ ဦးပိုင်ဆိုင်သည့် ရိတ်သိမ်းပြီးစ စပါးများ မီးရှို့ဖျက်ဆီးခံရ

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် စည်မော်ကျေးရွာတွင် လယ်သမား ၃ ဦးပိုင်ဆိုင်သည့် ရိတ်သိမ်းပြီးစ စပါးများ မီးရှို့ဖျက်ဆီးခံလိုက်ရသည်ဟု သိရသည်။

စည်မော်ကျေးရွာမှ လယ်သမားများဖြစ်သည့် ဦးဦးထွန်း၊ ဦးမောင်ခင်ကြီးနှင့် ဒေါ်စံအေးနုတို့တွင် စပါးရိတ်သိမ်းပြီး၍ လယ်ကွင်းအတွင်းစုပုံထားသည့် စပါးပုံ ၃ ပုံ ဒီဇင်ဘာလ ၁၄ ရက် ညဥ့် ၂ နာရီခန့်က မီးရှို့ဖျက်ဆီးခံခဲ့ရခြင်းဖြစ်သည်ဟု ကာယကံရှင်များက ပြောသည်။

ဦးဦးထွန်းက “ကျနော်တို့စပါးပုံတွေအပါအဝင် အကုန်လုံး ၁ဝ ပုံလောက်ရှိတယ်။ အဲဒီထဲကမှ ကျနော်တို့ ၃ ယောက်မှာ မီးရှို့ခံလိုက်ရတာ။ ဘယ်သူတွေက ရှို့သွားတာလဲတော့မသိဘူး။ စုံစမ်းနေကြတယ်”ဟု ပြောသည်။

မီးရှို့ခံလိုက်ရသည့်စပါးများမှာ ဦးဦးထွန်းတွင် ၃ ဧကခန့်၊ ဦးခင်မောင်ကြီးတွင် ၃ ဧကခန့်နှင့် ဒေါ်စံအေးနုတွင် ၂ ဧကခန့်စိုက်ပျိုးရာမှ ထွက်ရှိလာသည့်စပါးများဖြစ်သည်ဟု သိရသည်။

အဆိုပါစပါးများကို ပြီးခဲ့သည့် ၁ဝ ရက်ခန့်က ရိတ်သိမ်းကာ ခြွေလှည့်ရန်အတွက်စောင့်ဆိုင်းနေစဉ် မီးရှို့ခံလိုက်ရခြင်းဖြစ်သည်ဟုလည်း သိရသည်။

စည်မော်ရွာသားတစ်ဦးဖြစ်သူ ဦးခင်ချမ်းအောင်ကလည်း “မီးရှို့ခံလိုက်ရတဲ့စပါးပုံတွေက တစ်နေရာတည်းမှာ စုထားတာ။ ဘယ်သူတွေက ရှို့သွားတာလဲမသိဘူး”ဟု ပြောသည်။

ယင်းသို့ မီးရှို့ခံလိုက်ရမှုကြောင့် လယ်သမား ၃ ဦးတွင် ကျပ် ၇ သိန်းခွဲခန့် ဆုံးရှုံးသွားကြောင်း သိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၁ဝ ရက် ညဉ့် ၁ နာရီခွဲခန့်ကလည်း မြောက်ဦးမြို့နယ် ထိပ်ဝပြင်ကျေးရွာအနီးလယ်ကွင်းတွင် စပါးရိတ်သိမ်းနေသည့် စပါးရိတ်စက် ၂ လုံး မီးရှို့ဖျက်ဆီးခံလိုက်ရသည့်အတွက် ကျပ်သိန်း ၁၂ဝဝ ကျော်ခန့် နစ်နာဆုံးရှုံးသွားကြောင်း သိရသည်။

ယင်းဖြစ်စဉ်အတွင်း ကျူးလွန်သူများကိုလည်း ယနေ့အထိ စုံစမ်းဖော်ထုတ်၍မရသေးပေ။

August 1, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ရွှေလှေကျေးရွာကို စစ်တပ်က လေကြောင်းမှ...
July 31, 2026
အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင် တစ်ဦးတစ်ယောက်မျှ စစ်တပ်ထံ လက်နက်ချအလင်းဝင်သည့် ဖြစ်စဉ်မျိုး...
July 30, 2026
ရခိုင်-မကွေးရိုးပေါ်မှ တစ်ဆင့် နတ်ရေကန်စစ်မျက်နှာသို့ အင်အားဖြည့်တင်းရန် ရောက်ရှိလာခဲ့သော စစ်ကား...
July 27, 2026
ရခိုင်ပြည်၊ အမ်းမြို့နယ်နှင့် မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်အကြား ရိုးတောင်ကျော်လမ်းပေါ်တွင်...