နွားထိုးကြီးတွင် စိတ်ဝေဒနာသည်အား စစ်ကောင်စီမှ အကြောင်းမဲ့ပစ်သတ်ကာ ရွာသား ၂၂ ဦးကို ဖမ်းဆီးထား

နွားထိုးကြီးတွင် စိတ်ဝေဒနာသည်အား စစ်ကောင်စီမှ အကြောင်းမဲ့ပစ်သတ်ကာ ရွာသား ၂၂ ဦးကို ဖမ်းဆီးထား

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ် လက်ဝဲ- မြင်းနီရွာတွင် ယမန်နေ့ ဒီဇင်ဘာလ ၈ ရက် နံနက် ၂ နာရီခန့်က လျှောက်သွားနေသည့် အသက် ၃၅ နှစ်ဝန်းကျင်အရွယ် စိတ်ဝေဒနာသည် အမျိုးသားတစ်ဦးအား စစ်ကောင်စီမှ အကြောင်းမဲ့ သေနတ်ဖြင့် ပစ်သတ်သွားကြောင်း ဒေသခံများထံမှ သိရသည်။

ထို့အပြင် အဆိုပါကျေးရွာရှိ ရွာသား၂၂ ဦးကို ဒီဇင်ဘာ ၆ ရက်နေ့နှင့် ၇ ရက်နေ့ ၂ ရက်အတွင်း ဖမ်းဆီးကာ မည်သည့်နေရာသို့ ခေါ်ဆောင်သွားသည်ကို မသိရကြောင်း လက်ဝဲရွာဒေသခံတစ်ဦးက မဇ္ဈိမကို ပြောသည်။

"ဒီနေ့မနက်ကလည်း သေသွားတဲ့အုပ်ကြီး ဆန်းဝင်းရဲ့ အိမ်နဲ့မနီးမဝေးနေရာမှာ စိတ်မနှံ့တဲ့သူကို စစ်‌ကောင်စီက လမ်းပေါ်တွေ့လို့ သေနတ်နဲ့ ၃ ချက် ပစ်သတ်လိုက်တယ်၊ မကြာခင် ရဲတွေရောက်လာပြီး အလောင်းကို နွားထိုးကြီးကို သယ်သွားတယ်။ ဟိုရက်ကလည်း NLD ပါတီ နဲ့ဆက်စပ်တဲ့သူတွေ၊ ဒလန်လက်ညှိုးထိုးပြတဲ့ အိမ်တွေကို PDF တွေနဲ့ဆက်စပ်တယ်လို့ စွတ်စွဲပြီး ၂၂ ယောက်‌ လောက်ဖမ်းသွားတာ" ဟု ၎င်းကပြောသည်။

ထို့အပြင် ဒီဇင်ဘာလ ၆ ရက် ည ၉ နာရီကျော်ကလည်း စစ်ကောင်စီတပ် အင်အား ၆၀ ကျော်သည် နေအိမ် ၁၀ အိမ်ရှိ ရွှေထည်ပစ္စည်း၊ သိန်းရာချီသည့် ငွေသားများ၊ ဆိုင်ကယ်များ၊ ဆန်အိတ်၊ ဆီပုံးများ ယူဆောင်၍ နေအိမ်အချို့ရှိ ရေခဲသေတ္တာနှင့် အိမ်သုံးပစ္စည်းများအား ဖျက်ဆီးပြီး လမ်းပေါ်သို့လွှင့်ပစ်ကာ ရွာကိုမီးရှို့မည်ဟု ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့ကြောင်း လက်ဝဲ-မြင်းနီ ရွာခံများက ပြောသည်။

"နောက်ပြီး ၅ ရက်နေ့ညက ဒလန်တွေ အစည်းအဝေးလုပ်တော့ သူတို့ရှိတဲ့အိမ်ကို သေနတ်နဲ့ပစ်ခတ်ခဲ့တာ ၄ ယောက်သေတယ်၊ နောက်ပြီး ကျည်ကဘေးက ဆီပုံးကိုထိတော့ မတော်တဆ မီးလောင်တာကို သူတို့ဘက်က တမင်မီးရှို့တယ်ဆိုပြီး ပြောနေတာ၊ အမှန်က မတော်တဆလောင်တာ" ဟု အဆိုပါအဖွဲ့များနှင့် နီးစပ်သည့် လက်ဝဲ-မြင်းနီဒေသခံက ပြောသည်။

အဆိုပါကျေးရွာတွင် ပြီးခဲ့သည့် ဒီဇင်ဘာလ ၅ ရက်နေ့ညပိုင်းက နွားထိုးကြီး ပြည်သူ့ကာကွယ်ရေးတပ်နှင့် 27 Revolution Force အဖွဲ့တို့ပူးပေါင်း၍ ပျူစောထီးခေါင်းဆောင်ဖြစ်သည့် ရပ်ကျေးအုပ်ချုပ်ရေးမှူး ဦးဆန်းဝင်းနှင့် စစ်ကောင်စီသတင်းပေး ၃ ဦးတို့ အစည်းအဝေးလုပ်နေစဉ် သေနတ်ဖြင့် ပစ်သတ်ခဲ့ပြီး နောက်ရက်၌ စစ်ကောင်စီတပ်က ရွာထဲသို့ ဝင်ရောက်စီးနင်းကာ နေအိမ်များ ဖျက်ဆီးခြင်း၊ ဖမ်းဆီးခြင်းများ ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း လက်ရှိအခြေအနေအရ လက်ဝဲရွာအတွင်းရှိ ရွာသစ်ရွာရပ်ကွက်မှ အိမ်ခြေ ၂၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရကြာင်း သိရသည်။

Most read this week

ဓါတ်ပုံ - (ပေးပို့ / Crd)
August 22, 2026
ရက်ဆက် မိုးရွာသွန်းမှုများကြောင့် တောင်ကျရေစီးဆင်းမှုများပြီး မွန်ပြည်နယ်နှင့်...
(ဓာတ်ပုံ – CJ)
August 21, 2026
ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်ရှိ တရုတ်နိုင်ငံသားပိုင် Myanmar Silver Spring...
အိုက်ဇောလ်မြို့တွင် ချင်းတော်လှန်ရေးအဖွဲ့များ တွေ့ဆုံပွဲမြင်ကွင်း။
August 21, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ အိုက်ဇောလ်မြို့တွင် ချင်းတော်လှန်ရေးအဖွဲ့များအကြား...
ဘီးလင်းတံတား စစ်ဆေးရေးဂိတ်ရှိ အဆောက်အအုံတစ်ခု / YT
August 20, 2026
မွန်ပြည်၊ ကျိုက်ထိုမြို့နယ်အတွင်း ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ်၌ စစ်အုပ်စုတပ်က...