အကျဉ်းကျနေခဲ့ချိန်အတွင်း ရူးချင်သလိုတောင် ဖြစ်ခဲ့ရဟု ဒန်နီ ဖန်စတာ ပြော

အကျဉ်းကျနေခဲ့ချိန်အတွင်း ရူးချင်သလိုတောင် ဖြစ်ခဲ့ရဟု ဒန်နီ ဖန်စတာ ပြော

မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်ကောင်စီရဲ့ ၆ လကြာ ဖမ်းဆီးအကျဉ်းချမှုကို ခံခဲ့ရပြီး နိုဝင်ဘာ ၁၅ ရက်နေ့က ပြန်လွတ်လာခဲ့တဲ့ အမေရိကန် ဂျာနယ်လစ် ဒန်နီ ဖန်စတာက ၎င်းဟာ ထောင်ထဲမှာ ရှိနေခဲ့ချိန်အတွင်းက ရူးချင်စိတ်တောင်ပေါက်ခဲ့ကြောင်းနဲ့ ၎င်း ကြုံတွေ့ရတဲ့ ဒုက္ခသုက္ခဟာ အဆုံးမသတ်ဘဲ ဖြစ်မှာကို စိုးရိမ်ခဲ့ရတယ်လို့ ပြောကြားခဲ့ပါတယ်။

တချိန်တည်းမှာလည်းပဲ ၎င်းဟာ ဘာအပြစ်မှ မရှိတာကြောင့် ခုလိုမျိုး ထိန်းသိမ်းမခံခဲ့ရသင့်ဘူးလို့လည်း ဖန်စတာက အခိုင်အမာ ပြောခဲ့ပါတယ်။

ဒန်နီ ဖန်စတာဟာ ဆူပူမှုဖြစ်အောင် လှုံ့ဆော်မှု၊ မတရားအသင်းဆက်သွယ်မှုနဲ့ လဝက ဥပဒေ ချိုးဖောက်မှုတို့နဲ့ ထောင်ဒဏ် ၁၁ နှစ် ပြစ်ဒဏ်ချမှတ်ခဲ့ရပြီး မနေ့က ပြန်လွတ်လာခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ၎င်းဟာ ထောင်ဒဏ်တစ်သက်အထိ ချမှတ်နိုင်တဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေး၊ နိုင်ငံတော်အကြည်ညိုပျက်စေမှု စွဲချက်တွေနဲ့လည်း အမှုရင်ဆိုင်ရဖို့ ရှိနေခဲ့ချိန်မှာ မနေ့က လွတ်ငြိမ်းချမ်းသာခွင့်နဲ့အတူ ပြန်လွတ်ခဲ့တာဖြစ်ပါတယ်။

အသက် ၃၇ နှစ်ရှိ ဖန်စတာဟာ လများစွာကြာ ထိန်းသိမ်းခံခဲ့ရပြီးနောက် ပိန်လှီနေပုံ ပေါ်နေပြီး ဆံပင်၊ မုတ်ဆိတ်တို့လည်း ရှည်နေခဲ့ကာ ၎င်းဟာ မနေ့က ထောင်ကနေ ပြန်လွတ်ပြီးနောက် အမေရိကန်သံတမန်ဟောင်း ဘီလ် ရစ်ချတ်ဆန်နဲ့အတူ အမေရိကန်သို့ အပြန် ကာတာလေဆိပ်မှာ ခရီးတစ်ထောက်နားစဉ်မှာ ခုလို ပြောကြားသွားခဲ့တာဖြစ်ပါတယ်။

"ဘာ အကြောင်းပြချက်မှ မရှိဘဲ ကျွန်တော် အဖမ်းခံရပြီး အကျဉ်းချခံခဲ့ရပါတယ်၊ ဒါပေမယ့် ခန္ဓာကိုယ်ပိုင်းအရ ကျွန်တော် ကျန်းမာပါတယ်၊ ထောင်ထဲမှာ ကျွန်တော့်ကို ရိုက်နှက်တာ၊ အစာအငတ်ထားတာမျိုးတော့ မရှိခဲ့ပါဘူး၊ ခန္ဓာကိုယ်ရုပ်ပိုင်းဆိုင်ရာအရ ကျွန်တော် ကောင်းပါတယ်၊ ဒါက ဘယ်လိုပုံစံနဲ့ပဲဖြစ်ဖြစ် အကျဉ်းကျခံရချိန်မှာ ဖြစ်ပေါ်တဲ့ စိတ်အကျပ်အတည်းကို ခံစားခဲ့ရပါတယ်၊ ဒါက နည်းနည်းတော့ ရူးချင်စိတ်ဖြစ်မိပါတယ်၊ ထောင်ထဲမှာ နေရတာ ကြာလာတာနဲ့အမျှ ဒါက ဘယ်တော့မှ မဆုံးမသတ်ဘဲ ဖြစ်သွားတော့မလား ဆိုပြီး ကျွန်တော် စိုးရိမ်မိခဲ့ပါတယ်၊ ဒါက အကြီးဆုံး စိုးရိမ်မှုပါပဲ၊ အဲဒါကို ကျော်ဖြတ်နိုင်ဖို့ စိတ်ကို ထိန်းပြီး နေခဲ့ပါတယ်" လို့ ဖန်စတာက ပြောခဲ့ပါတယ်။

ဖန်စတာဟာ ဖရွန်းတီးယားမြန်မာ သတင်းဌာနမှာ တစ်နှစ်ခန့်ကြာ အလုပ်လုပ်ခဲ့ပြီး ပြီးခဲ့တဲ့ မေလက မိသားစုထံ ပြန်ဖို့ လုပ်ခဲ့စဉ် လေဆိပ်မှာ အဖမ်းခံခဲ့ရတာဖြစ်ပါတယ်။

ဖန်စတာက ထိန်းသိမ်းခံရစဉ်အတွင်း COVID-19 ကူးစက်ခံခဲ့ရတယ်လို့ ယုံကြည်ရကြောင်း မိသားစုဝင်တွေက သြဂုတ်လက အမေရိကန်ဂျာနယ်လစ်တွေနဲ့ တွေ့ဆုံရာမှာ ပြောခဲ့ပါတယ်။

ဖန်စတာဟာ မှားယွင်းစွာ မတရား ထိန်းသိမ်းခံခဲ့ရတာဖြစ်ကြောင်းနဲ့ ခုလို သူပြန်လွတ်လာတာကို ကြိုဆိုကြောင်း အမေရိကန်က ပြောခဲ့ပါတယ်။

Most read this week

ဓါတ်ပုံ - (ပေးပို့ / Crd)
August 22, 2026
ရက်ဆက် မိုးရွာသွန်းမှုများကြောင့် တောင်ကျရေစီးဆင်းမှုများပြီး မွန်ပြည်နယ်နှင့်...
(ဓာတ်ပုံ – CJ)
August 21, 2026
ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်ရှိ တရုတ်နိုင်ငံသားပိုင် Myanmar Silver Spring...
အိုက်ဇောလ်မြို့တွင် ချင်းတော်လှန်ရေးအဖွဲ့များ တွေ့ဆုံပွဲမြင်ကွင်း။
August 21, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ အိုက်ဇောလ်မြို့တွင် ချင်းတော်လှန်ရေးအဖွဲ့များအကြား...
ဘီးလင်းတံတား စစ်ဆေးရေးဂိတ်ရှိ အဆောက်အအုံတစ်ခု / YT
August 20, 2026
မွန်ပြည်၊ ကျိုက်ထိုမြို့နယ်အတွင်း ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ်၌ စစ်အုပ်စုတပ်က...