စစ်ကောင်စီကိုယ်စားလှယ်တက်မည့် အာဆီယံစာရင်းပညာရှင်များအသင်း ညီလာခံမှ ဩစတြေးလျ နှင့် နယူးဇီလန်တို့ နုတ်ထွက်

စစ်ကောင်စီကိုယ်စားလှယ်တက်မည့် အာဆီယံစာရင်းပညာရှင်များအသင်း ညီလာခံမှ ဩစတြေးလျ နှင့် နယူးဇီလန်တို့ နုတ်ထွက်

မြန်မာစစ်ကောင်စီ၏ ကိုယ်စားလှယ်ကို အထူးဧည့်သည်တော်အဖြစ် ဖိတ်ကြားမည့် အာဆီယံစာရင်းပညာရှင်များအသင်း ညီလာခံ (AFA)မှ ဩစတြေးလျ စာရင်းပညာရှင်များအသင်း (CPA Australia) နှင့် ဩစတြေးလျနှင့် နယူးဇီလန် စာရင်းပညာရှင်များအသင်း (CA ANZ) တို့ နုတ်ထွက်ကာ ၎င်းတို့၏ ပံ့ပိုးကူညီမှုများကို ရုပ်သိမ်းလိုက်ပြီဟု Justice for Myanmar က နိုဝင်ဘာ ၁၀ရက်တွင် သတင်းထုတ်ပြန်လိုက်သည်။

"ပြည်သူလူထုရဲ့ ညီညွတ်မှုနဲ့ လက်မှတ်ထိုးတောင်းဆိုလှုပ်ရှားမှုမှ တစ်ဆင့် ရုပ်သိမ်းနိုင်ခဲ့ပြီ" ဟု Justice For Myanmar (JFM)က သတင်းထုတ်ပြန်ထားသည်။

ဂျပန်၊ နယူးဇီလန်၊ ယူကေ၊ အမေရိကန် ပြည်ထောင်စုနှင့် အရှေ့တောင်အာရှနိုင်ငံအသီးသီးတို့မှ နိုင်ငံတကာနှင့် ဒေသတွင်း စာရင်းကိုင်အဖွဲ့အစည်းများသည် ထိုညီလာခံသို့ တက်ရောက်မည် ဖြစ်သည်။

မြန်မာစစ်ကောင်စီ၏ စာရင်းစစ်ချုပ်က ဂုဏ်သိက္ခာကင်းမဲ့စွာ “အထူးဧည့်သည်တော်” အနေနှင့်တက်မည့် AFA ညီလာခံ ကို နိုင်ငံတကာနှင့် ဒေသတွင်း စာရင်းကိုင်အဖွဲ့အစည်းများက ထောက်ပံ့ထားသည်ဟု Justice for Myanmar က ထုတ်ပြန်ပြီးသည့်နောက် ယခုကဲ့သို့ နှစ်နိုင်ငံက နုတ်ထွက်လိုက်ခြင်းဖြစ်သည်။

"အာဆီယံစာရင်းပညာရှင်များအသင်းချုပ်ရဲ့ ညီလာခံမှာ ကျွန်တော်တို့ရဲ့ပါဝင်မှု အပေါ် လတ်တလော ဝေဖန်ပြောဆိုမှုတွေက ကျွန်တော်တို့ရဲ့ အရေးကြီးပန်းတိုင်ကနေ သွေဖီသွားမှာကို စိုးရိမ်ပါတယ်။ ဒါကြောင့် အဲဒီ အခမ်းအနားမှာ ကျွန်တော်တို့ရဲ့ ပါဝင်မှုကို ရုပ်သိမ်းဖို့ ဆုံးဖြတ်လိုက်ပါတယ်။" ဟု CPA Australia နှင့် CA ANZ တို့က Justice For Myanmar သို့ ပေးပို့ခဲ့သည့် ပူးတွဲတုံ့ပြန်စာတစ်စောင်တွင် ရေးသားထားသည်။

Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “AFA နှစ်စဉ်ညီလာခံမှာ သူတို့ပါဝင်မှုကို ရုပ်သိမ်းဖို့ CPA Australia နဲ့ CA ANZ တို့ရဲ့ ဆုံးဖြတ်ချက်ကို ကျွန်မတို့ ကြိုဆိုပါတယ်။ ဒီဆုံးဖြတ်ချက်က အကြမ်းဖက်စစ်ကောင်စီကို အစိုးရတစ်ရပ်အနေနဲ့ အသိအမှတ်ပြုတာနဲ့ အရင်ပုံမှန် အတိုင်း စီးပွားရေး ဆက်လုပ်တာတွေဟာ လက်ခံနိုင်စရာမဟုတ်ဘူးဆိုတာကို အာဆီယံနဲ့ သူတို့ရဲ့ ဆက်စပ်အဖွဲ့အစည်းတွေဆီ ပြတ်သားတဲ့ သတင်းစကားတစ်ရပ်ပါးလိုက်တာ ဖြစ်ပါတယ်။ မြန်မာ စစ်ကောင်စီက သူတို့ရဲ့ တရားမဝင် အုပ်ချုပ်မှုကို တရားဝင်နိုင်အောင် AFA ရဲ့ စင်မြင့်ကို အသုံးချဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။ မြန်မာစစ်ကောင်စီနဲ့ MICPA တို့ကို မဖယ်ရှားရင် AFA ညီလာခံကနေ ချက်ချင်းနုတ်ထွက်ကြဖို့ ကျန်နေသေးတဲ့ နိုင်ငံတကာစာရင်းပညာရှင်အဖွဲ့တွေကို ကျွန်မတို့ တောင်းဆိုပါတယ်" ဟု ထုတ်ပြန်ချက်တွင် ပြောဆိုထားသည်။

အဆိုပါ ညီလာခံကို မြန်မာနိုင်ငံလက်မှတ်ရ ပြည်သူ့စာရင်းကိုင်းများအသင်း (MICPA) က ပူးတွဲစီစဉ်ကျင်းပမည်ဖြစ်ပြီး မြန်မာစစ်ကောင်စီ၏ ပြည်ထောင်စု စာရင်းစစ်ချုပ်ဖြစ်သူ ဒေါက်တာကံဇော်သည် “အထူးဧည့်သည်တော်” အဖြစ် တက်ရောက်မည်ဖြစ်သည်။

စစ်ကောင်စီ၏ စာရင်းစစ်ချုပ်နှင့် MICPA တို့အား ဖယ်ရှားခြင်းမရှိလျှင် အဆိုပါ ညီလာခံမှ နုတ်ထွက်ကြရန် နိုင်ငံတကာစာရင်းပညာရှင်အဖွဲ့များအား တောင်းဆိုသည့် ကြေညာချက် တစ်စောင်ကို Justice For Myanmar က နိုဝင်ဘာလ ၃ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ ထို့အပြင် MICPA ၏ အဖွဲ့ဝင် ဖြစ်မှုကို ရပ်ဆိုင်းထားရန် AFA အား Justice For Myanmar က တောင်းဆိုခဲ့သည်။

စစ်ကောင်စီအား တရားဝင်မှု မပေးအပ်ရေးတွင် ကူညီရန် CPA Australia and CA ANZ တို့အား change.org မှ လက်မှတ်ရေးထိုးတောင်းဆိုမှုတစ်ရပ်ကို စတင်ခဲ့ပြီး လက်မှတ်ထိုးတောင်းဆိုမှု လေးရက်မပြည့်မီပင် လူပေါင်း ၁၂,၀၀၀ ကျော်က ပါဝင် လက်မှတ်ရေးထိုးခဲ့ကြသည်။

Most read this week

ဓါတ်ပုံ - (ပေးပို့ / Crd)
August 22, 2026
ရက်ဆက် မိုးရွာသွန်းမှုများကြောင့် တောင်ကျရေစီးဆင်းမှုများပြီး မွန်ပြည်နယ်နှင့်...
(ဓာတ်ပုံ – CJ)
August 21, 2026
ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်ရှိ တရုတ်နိုင်ငံသားပိုင် Myanmar Silver Spring...
အိုက်ဇောလ်မြို့တွင် ချင်းတော်လှန်ရေးအဖွဲ့များ တွေ့ဆုံပွဲမြင်ကွင်း။
August 21, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ အိုက်ဇောလ်မြို့တွင် ချင်းတော်လှန်ရေးအဖွဲ့များအကြား...
ဘီးလင်းတံတား စစ်ဆေးရေးဂိတ်ရှိ အဆောက်အအုံတစ်ခု / YT
August 20, 2026
မွန်ပြည်၊ ကျိုက်ထိုမြို့နယ်အတွင်း ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ်၌ စစ်အုပ်စုတပ်က...