ကရင်ဝန်ကြီးချုပ်ဟောင်းအမှုကို တရားသူကြီးက “ခွင့်လွှတ်ပေးရန်” တောင်းပန်ပြီးမှ စစ်ဆေးလေ့ရှိဟု ရှေ့နေပြော

ကရင်ဝန်ကြီးချုပ်ဟောင်းအမှုကို တရားသူကြီးက “ခွင့်လွှတ်ပေးရန်” တောင်းပန်ပြီးမှ စစ်ဆေးလေ့ရှိဟု ရှေ့နေပြော

နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခံလိုက်ရသော ကရင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဒေါ်နန်းခင်ထွေးမြင့်အမှုကို တရားခွင်အတွင်း စစ်ဆေးရာတွင် ၎င်းကို တရားသူကြီးက “ခွင့်လွှတ်ပေးရန်” ဝန်ချတောင်းပန်ပြီးမှ အမှုကို စတင်စစ်ဆေးလေ့ရှိကြောင်း ဝန်ကြီးချုပ်အမှုကို လိုက်ပါဆောင်ရွက်ပေးခဲ့သူ ရှေ့နေ ဦးဇော်မင်းလှိုင်က မဇ္ဈိမကို ပြောသည်။

“အမှုကို စပြီးစစ်ကတည်းက တရားသူကြီးတွေက သူတို့ကို ဒါနဲ့ပတ်သက်ပြီးတော့ ခွင့်လွှတ်ပေးဖို့ တာဝန်ထမ်း ဆောင်နေတဲ့နေရာမှာ အလုပ်သဘောအရ ရှင်းရှင်းပြောရရင်တော့ မလုပ်ချင်ဘဲနဲ့ လုပ်နေရတဲ့သဘောမျိုး ခိုင်းလို့သာလုပ်ရတဲ့ ပုံစံမျိုးနဲ့ အမှုစစ်ရတယ်ဆိုတဲ့ အနေအထားမျိုးပါ။ ယခင်ကတည်းက တရားသူကြီးတွေက အမှုစစ်တဲ့အခါမှာ ခွင့်လွှတ်ပေးဖို့ အမြဲတမ်းတောင်းပန်ပြီးမှ အမှုစစ်တယ်။ အဲဒီလို မြင်ကွင်းက ရိုးနေလောက်အောင်ကို (တရားခွင်အတွင်း) တွေ့ခဲ့ရတယ် ” ဟု ရှေ့နေ ဦးဇော်မင်းလှိုင်က ပြောသည်။

ဝန်ကြီးချုပ်ဟောင်း ဒေါ်နန်းခင်ထွေးမြင့် စွဲဆိုခံထားရသည့်အမှုအတွက် တရားလိုပြသက်သေများက တရားရုံးတွင် သက်သေလာရောက် ထွက်ဆိုရာတွင်လည်း ဝန်ကြီးချုပ်ကို ဦးစွာဝန်ချတောင်းပန်ပြီးမှ ကန့်လန့်ပုံစံမျိုး သက်သေထွက်ရှိလေ့ရှိကြောင်း ၎င်းကဆိုသည်။

တရားခွင်အတွင်းက ထိုမြင်ကွင်းများသည် ရှေ့နေလုပ်လာသည့် သက်တမ်းတစ်လျှောက် တစ်ခါမှ မကြုံစဖူး၊ မမြင်ဖူးသော မြင်ကွင်းများ ဖြစ်သည်ဟုလည်း ရှေ့နေ ဦးဇော်မင်းလှိုင်က မှတ်ချက်ပေးသည်။

“တရားခွင်မှာ တစ်သက်လုံး မြင်လာခဲ့ရတဲ့အတွေ့အကြုံအရဆိုရင် တရားလိုက လာထွက်တယ်။ ဒီလိုထောင်ကျ စေချင်လို့ လာထွက်ဆိုတာ၊ မျက်နှာခပ်တင်းတင်းနဲ့ ကန့်လန့်တွေကြီးပဲ ထွက်တာပဲ မြင်ခဲ့ရဖူးတဲ့အမှုတွေ၊ အခုက အဲလိုမဟုတ်ဘူး။ အရင်ဆုံးဝန်ကြီးချုပ်ကို ရှိခိုးပြီးတော့မှ ကျမ်းကိုင်ပြီးတော့ သက်သေထွက်ဆိုတဲ့ ပုံစံမျိုး၊ အဲတာတရားလိုနဲ့ တရားလိုပြသက်သေ အားလုံးလိုလို ဒီလိုလုပ်ပြီးမှ သက်သေထွက်သွားတာကို တစ်သက်နဲ့ တစ်ကိုယ် မမြင်ဖူးတဲ့ မြင်ကွင်း အဲလိုမြင်ရတယ်” ဟု ရှေ့နေက ပြောသည်။

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်ကို ပုဒ်မ ၅၀၅ (ခ) ဖြင့် ထောင်ဒဏ် နှစ်နှစ် နှင့် အဂတိလိုက်စားမှု ပုဒ်မ ၅၅ အမှုငါးခုဖြင့် ထောင်ဒဏ် ၇၅ နှစ် စုစုပေါင်း ထောင်ဒဏ် ၇၇ နှစ်ကျခံစေရန် စစ်ကောင်စီလက်အောက်ခံ ဘားအံအကျဉ်းထောင်တရားရုံးက နိုဝင်ဘာလ ၉ ရက်နေ့တွင် အပြီးသတ် အမိန့်ချမှတ်လိုက်သည်။

အလားတူ ကရင်ပြည်နယ် စည်ပင်ဝန်ကြီး ဦးသန်းနိုင်ကိုလည်း ပုဒ်မ ၅၀၅ (ခ) ဖြင့် ထောင်ဒဏ် နှစ်နှစ်နှင့် အဂတိလိုက်စားမှု ပုဒ်မ ၅၅နှင့် အမှုခြောက်ခုဖြင့် ထောင်ဒဏ် နှစ် ၉၀ စုစုပေါင်း အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၉၂ နှစ်ကျခံစေရန် ဘားအံအကျဉ်းထောင်က ယမန်နေ့ နိုဝင်ဘာလ ၉ ရက်နေ့တွင် အမိန့်ချမှတ်လိုက်ခြင်း ဖြစ်သည်။

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်သည် လက်ရှိမှာ အသက် ၆၇ နှစ်အရွယ်ရှိပြီး ဘားအံအကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံနေရသည်။

Most read this week

ဓါတ်ပုံ - (ပေးပို့ / Crd)
August 22, 2026
ရက်ဆက် မိုးရွာသွန်းမှုများကြောင့် တောင်ကျရေစီးဆင်းမှုများပြီး မွန်ပြည်နယ်နှင့်...
(ဓာတ်ပုံ – CJ)
August 21, 2026
ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်ရှိ တရုတ်နိုင်ငံသားပိုင် Myanmar Silver Spring...
အိုက်ဇောလ်မြို့တွင် ချင်းတော်လှန်ရေးအဖွဲ့များ တွေ့ဆုံပွဲမြင်ကွင်း။
August 21, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ အိုက်ဇောလ်မြို့တွင် ချင်းတော်လှန်ရေးအဖွဲ့များအကြား...
ဘီးလင်းတံတား စစ်ဆေးရေးဂိတ်ရှိ အဆောက်အအုံတစ်ခု / YT
August 20, 2026
မွန်ပြည်၊ ကျိုက်ထိုမြို့နယ်အတွင်း ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ်၌ စစ်အုပ်စုတပ်က...