၈၈ မျိုးဆက် ခေါင်းဆောင် ဦးဂျင်မီကို စစ်ကောင်စီက ပုဒ်မ ၆ ခုဖြင့် အရေးယူရန်ကြံစည်

၈၈ မျိုးဆက် ခေါင်းဆောင် ဦးဂျင်မီကို စစ်ကောင်စီက ပုဒ်မ ၆ ခုဖြင့် အရေးယူရန်ကြံစည်

၈၈ မျိုးဆက် ခေါင်းဆောင် ဦးကျော်မင်းယု (ခ) ဦးဂျင်မီကို အကြမ်းဖက်မှု ဥပဒေပုဒ်မ အပါအဝင် ဥပဒေပုဒ်မ ခြောက်ခုဖြင့် အရေးယူရန် အာဏာသိမ်းစစ်တပ်က စီစဉ်လျက်ရှိသည်။

ယနေ့ နိုဝင်ဘာလ ၈ ရက်နေ့ထုတ် အာဏာသိမ်း စစ်တပ် လက်အောက်ခံ သတင်းစာတွင် ဦးဂျင်မီကို ၂၀၁၄ ခုနှစ် အကြမ်းဖက် တိုက်ဖျက်ရေးဥပဒေ၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄၊ မတရားအသင်း အက်ဥပဒေ၊ လက်နက်နှင့် ပတ်သက်သော အက်ဥပဒေ၊ ပေါက်ကွဲစေတတ်သော ဝတ္ထုပစ္စည်းများ အက်ဥပဒေ စုစုပေါင်း ပုဒ်မ ငါးခုဖြင့်အရေးယူမည်ဟု ဖော်ပြထားသည်။

ဦးဂျင်မီသည် စစ်တပ်က အာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် နိုင်ငံတော် အကြည်အညို ပျက်စေမှု ပုဒ်မ ၅၀၅ (ခ) ဖြင့် အမှုဖွင့် ခံထားရသူလည်း ဖြစ်သည်။

ထို့ကြောင့် လက်ရှိတွင် ၎င်းအား စစ်ကောင်စီက ပုဒ်မ ခြောက်ခုဖြင့် အရေးယူရန် စီစဉ်လျက်ရှိသည်။

၎င်းသည် ပြီးခဲ့သည့် အောက်တိုဘာလ ၂၃ ရက်၊ ညပိုင်းတွင် ရန်ကုန် ဒဂုံမြို့သစ်မြောက်ပိုင်း မြို့နယ် ပင်လုံအိမ်ရာ၌ အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးမှုကို ခံခဲ့ရခြင်း ဖြစ်သည်။

၎င်းနှင့်အတူ AK-47 သေနတ် ခြောက်လက်၊ M-16 သေနတ် ရှစ်လက်၊ ၁၂-ဗို့ သေနတ် နှစ် လက်၊ ဒေသန္တရလုပ် သေနတ် တစ်လက်၊ ကျည်အိမ် ၁၈ ခု တို့ကို သိမ်းဆည်းရမိခဲ့ပြီး NUG/CRPH/NUCC တို့နှင့် ပူးပေါင်း ကြံစည်သည်ဟု စစ်ကောင်စီက စွပ်စွဲထုတ်ပြန်သည်။

ကိုဂျင်မီ၏ ဇနီးဖြစ်သူ မနီလာသိန်းက "ကိုဂျင်မီရေ ဒီနေ့ စစ်ခွေး(စစ်ကောင်စီတပ်ဖွဲ့ဝင်)တွေက 0 % Possibility Media (ဘာမှ ယုံကြည်လို့မရတဲ့ စစ်ကောင်စီပိုင် မီဒီယာ)ကနေ ဘာတွေပဲ ဘယ်လိုပဲ စွဲချက်တင် ပြောချင်ရာ ပြောသွား၊ ပုဒ်မတွေတပ်၊ နှစ်ရှည် ထောင်ချပါစေ၊ စစ်အာဏာရှင် ဖြုတ်ချရေး တော်လှန်ရေးကို ဘယ်တုန်းကမှ လက်မ‌လျှော့ဘဲ ဇွဲကောင်းလှတဲ့ ၈၈-ပွင့်လင်းက ကိုဂျင်မီနဲ့ ကိုဇော်ဝမ်းမောင်အတွက် ကျွန်မတို့တွေ အားလုံးက ဂုဏ်ယူမဆုံး တန်ဖိုးထားလေးစား မဆုံးပါဘူး။ ကျွန်မတို့ အားလုံးရဲ့ ချစ်ခင် လေးစားမူတွေနဲ့ ကိုဂျင်မီ ကျန်းမာဘေးကင်းပါစေ" ဟု ၎င်း၏ လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားထားသည်။

စစ်တပ်က ဖမ်းဆီးစဉ် ဦးဂျင်မီ ဦးခေါင်းတွင် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည့်အတွက် မင်္ဂလာဒုံ စစ်ဆေးရုံတွင် ဆေးကုသမှု ခံယူနေရကြောင်း သတင်းများ ထွက်ပေါ်ခဲ့ပြီး အခြေအနေ အသေးစိတ်ကို တိတိကျကျ မသိရှိရသည့်အတွက် စိုးရိမ်ကြောင်း မိသားစုဝင်များက ပြောထားသည်။

ဦးဂျင်မီ အပါအဝင် ဒီမိုကရေစီအရေးတော်ပုံကြီးတွင် မတရားဖမ်းဆီးခံထားရသူများကို ချက်ချင်း ပြန်လွှတ်ပေးရန်နှင့် ဖမ်းဆီးထိန်းသိမ်းခံထားရသူတို့၏ ဂုဏ်သိက္ခာနှင့် အခြေခံ လူ့အခွင့် အရေးများကို လေးစားလိုက်နာရန် အမေရိကန်သံရုံးက အောက်တိုဘာလ ၂၅ ရက်နေ့တွင် ကြေညာချက် ထုတ်ပြန်ထားသည်။

Most read this week

ဓါတ်ပုံ - (ပေးပို့ / Crd)
August 22, 2026
ရက်ဆက် မိုးရွာသွန်းမှုများကြောင့် တောင်ကျရေစီးဆင်းမှုများပြီး မွန်ပြည်နယ်နှင့်...
(ဓာတ်ပုံ – CJ)
August 21, 2026
ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်ရှိ တရုတ်နိုင်ငံသားပိုင် Myanmar Silver Spring...
အိုက်ဇောလ်မြို့တွင် ချင်းတော်လှန်ရေးအဖွဲ့များ တွေ့ဆုံပွဲမြင်ကွင်း။
August 21, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ အိုက်ဇောလ်မြို့တွင် ချင်းတော်လှန်ရေးအဖွဲ့များအကြား...
ဘီးလင်းတံတား စစ်ဆေးရေးဂိတ်ရှိ အဆောက်အအုံတစ်ခု / YT
August 20, 2026
မွန်ပြည်၊ ကျိုက်ထိုမြို့နယ်အတွင်း ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ်၌ စစ်အုပ်စုတပ်က...