ကိုဗစ်ရောဂါပိုး တွေ့ရှိမှုနှုန်း ၅ ရာခိုင်နှုန်းအောက်ရောက်မှ ဈေးများ ပြန်ဖွင့်ခွင့်ပြုမည်ဟုဆို

ကိုဗစ်ရောဂါပိုး တွေ့ရှိမှုနှုန်း ၅ ရာခိုင်နှုန်းအောက်ရောက်မှ ဈေးများ ပြန်ဖွင့်ခွင့်ပြုမည်ဟုဆို

မွန်ပြည်နယ်မှ Stay at Home သတ်မှတ်ထားသော မြို့နယ်များတွင်ကိုဗစ်ရောဂါပိုး တွေ့ရှိမှုနှုန်း ၅ ရာခိုင်နှုန်း အောက်ရောက်မှ စျေးများ ပြန်လည်ဖွင့်လှစ်ရောင်းချခွင့်ပြုသွားမည်ဟု ပြည်နယ် ကျန်းမာရေးဦးစီးဌာနမှ သိရှိရသည်။

စျေးသူစျေးသားများနှင့်အလုပ်သမားများကို ကိုဗစ်စစ်ဆေးမှုများ အရှိန်အဟုန်မြှင့် ပြုလုပ်လျက်ရှိပြီး ဆေးစစ်သည့် လူ ၁၀၀ တွင် Positive တွေ့ရှိသူ ငါးဦးနှင့်အထက်ဖြစ်နေပါက အခြေအနေမကောင်းသေးဘဲ ငါးရာခိုင်နှုန်းအောက်ရှိမှသာ စျေးများကို ပြန်ဖွင့်ခွင့်ပြုမည်ဖြစ်သည်။

"Stay at Home ပယ်ဖျက်နိုင်ဖို့အတွက်က စုစုပေါင်းစစ်ဆေးမှုရဲ့ ငါးရာခိုင်နှုန်းအောက်ကို နှစ်ပတ်တိတိကျသွားမယ်ဆိုရင်တော့ ဒီနေရာမှာ ရောဂါကူးစက်ဖြစ်ပွားမှုနှုန်း တော်တော်နည်းလာတယ်လို့ ယူဆပါတယ်။ နောက် Positive ဖြစ်တဲ့နှုန်းကလည်း လူတစ်သိန်းမှာ ၂၀ ဦးအောက်ကို နှစ်ပတ်ဆက်တိုက် ရောက်လာမယ်ဆိုရင်လည်း Stay at Home ကနေ ဖြေလျော့နိုင်တဲ့အနေအထားမျိုးလေးတွေ ဖြစ်လာနိုင်ပါတယ်" ဟု မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

အမှတ် (၁) ပြည်သူဈေးတွင်  နှာခေါင်းတို့ဖတ်နှစ်ကြိမ်ယူခဲ့ပြီး ပထမအကြိမ်တွင် လူ (၂၀၀) ကျော်၊ ဒုတိယအကြိမ် လူ (၁၀၀) ကျော်အထိ စစ်ဆေးခဲ့ပြီး ကျန်ရှိသူများကိုလည်း ဆက်လက်စစ်ဆေးသွားမည်ဟု စျေးကော်မတီထံမှ သိရသည်။

"ကျွန်မတို့က ပြန်ဖွင့်ချင်နေပြီ။ ဆိုင်တွေကိုမှီခိုနေရတာ ကျွန်မတို့မိသားစုအပြင် ဆိုင်က အလုပ်သမားတွေ၊ ဝန်ထမ်းတွေပါပါတယ်။ အခုဆိုပိတ်ထားရတာလဲ ကြာပြီ။ ကာကွယ်ဆေးတွေအမြန်ထိုးပြီး အမြန်ပြန်ဖွင့်ချင်နေပြီ" ဟု မော်လမြိုင်စျေးကြီးမှ စျေးဆိုင်ပိုင်ရှင်တစ်ဦးကဆိုသည်။

အလားတူ သံဖြူဇရပ်မြို့ အမှတ် (၁) မြို့မဈေးကိုလည်း ကိုဗစ်စည်းမျဉ်းစည်းကမ်းများနှင့်အညီ ပြန်လည်ဖွင့်လှစ်ပေးရန် ဈေးသူဈေးသားများက သက်ဆိုင်ရာသို့ တောင်းဆိုထားကြောင်း သိရသည်။

မွန်ပြည်နယ်အတွင်း Stay at Home သတ်မှတ်ထားခြင်းမရှိသည့် ကျိုက်ထို၊ ပေါင်၊ ကျိုက်မရော၊ မုဒုံနှင့် ရေးစသည့်မြို့နယ်များရှိ စည်ပင်သာယာစျေးများတွင် ဆေးဝါးနှင့် စားသောက်ကုန်များရောင်းချသည့် စျေးဆိုင်ခန်းများအပြင် အခြားသော ကုန်ပစ္စည်းများရောင်းချသည့် စျေးဆိုင်ခန်းများကို အောက်တိုဘာ ၁ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ရောင်းချခွင့် ပြုခဲ့သည်။

 
 

 

 

March 2, 2026
မွန်ပြည်နယ်အတွင်းရှိ အကျဉ်းထောၚ်အသီးသီးက အကျဉ်းသား အကျဉ်းသူ ၁၆၀ ကျော် ပြန်လွတ်လာပြီး...
ပုံ- IMNA
February 28, 2026
တော်လှန်ရေးကာလတစ်လျှောက်တွင် အမျိုးသမီးများ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးရာကဏ္ဍများ၌...
ပုံ-Facebook
February 26, 2026
တက္ကသိုလ်ဝင်တန်းစာမေးပွဲ နီးကပ်လာသည့်အပြင် လက်ရှိမူလတန်းနှင့် အလယ်တန်းပြီးမြောက်ကြောင်း...
February 25, 2026
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့အဝင်အထွက်ရှိ ဝယ်သွန်ချောင်းလမ်းဝဂိတ်(ခ) ပငဂိတ်၌...