အချိုးကျကိုယ်စားပြု (PR) စနစ်ဖြင့် ရွေးကောက်ပွဲပြောင်းလဲကျင်းပနိုင်ရေး ဆွေးနွေးပွဲအားတက်ရောက်ရန် ရခိုင်ပါတီများနှင့် အရပ်ဖက်အဖွဲ့အစည်းများ မဆွေးနွေးရသေး

အချိုးကျကိုယ်စားပြု (PR) စနစ်ဖြင့် ရွေးကောက်ပွဲပြောင်းလဲကျင်းပနိုင်ရေး ဆွေးနွေးပွဲအားတက်ရောက်ရန် ရခိုင်ပါတီများနှင့် အရပ်ဖက်အဖွဲ့အစည်းများ မဆွေးနွေးရသေး

အာဏာသိမ်းစစ်ကောင်စီလက်အောက်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ အချိုးကျကိုယ်စားပြု (PR) စနစ်ဖြင့် ရွေးကောက်ပွဲပြောင်းလဲကျင်းပနိုင်ရေး ဆွေးနွေးပွဲအားတက်ရောက်ရန် ရခိုင်နိုင်ငံရေးပါတီများနှင့် အရပ်ဖက်အဖွဲ့အစည်းများအနေဖြင့် မဆွေးနွေးရသေးကြောင့် တာဝန်ရှိသူများထံမှ သိရသည်။

လာမည့်ရွေးကောက်ပွဲတွင် ပြောင်းလဲလာသည့်ခေတ်အခြေအနေအရ သင့်လျော်သည့်ရွေးကောက်ပွဲစနစ်မျိုးကို ကျင့်သုံးဆောင်ရွက်နိုင်ရန်အတွက် အချိုးကျကိုယ်စားပြုစနစ် (PR) ကို ပြောင်းလဲကျင့်သုံးမည့်ကိစ္စအား ဆွေးနွေးရန်အတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ နိုင်ငံရေးပါတီများနှင့် စိတ်ပါဝင်စားသည့် အရပ်ဖက်အဖွဲ့အစည်းများကို ဖိတ်ခေါ်ထားသည်။

ယင်းဆွေးနွေးပွဲကို ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလပထမအပတ်တွင် ရန်ကုန်မြို့၌ ကျင်းပပြုလုပ်မည်ဖြစ်ပြီး ဆွေးနွေးပွဲတက်ရောက်လိုသူများအနေဖြင့် နိုဝင်ဘာလ ၁ ရက်နေ့နောက်ဆုံးထား၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ အကြောင်းကြားပေးရမည်ဟု ထုတ်ပြန်ထားသည်။

ဆွေးနွေးပွဲသို့ တက်ရောက်မည်၊ မတက်ရောက်ကို ပါတီတွင် မဆွေးနွေးရသေးကြောင်း ရခိုင့်ဦးဆောင်ပါတီ (AFP) မှ ပါတီခေါင်းဆောင် ဒေါက်တာအေးမောင်က ပြောသည်။

“PR နဲ့ ပတ်သက်လို့ ကျနော်တို့ပါတီမှာ လေ့လာထားတာရှိလာ၊ မရှိဘူးလာဆိုတော့ ကျနော်တို့ပါတီမှာ သုတေသနပြုထားတာမရှိပါဘူး။ တချို့ကြံ့ခိုင်ရေးပါတီတွေ တချို့အဖွဲ့တွေ လုပ်ထားတာတွေရှိမှာပါ။ နောက်ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ တခြား CSO အဖွဲ့အစည်းတွေ နောက် INGO၊ NGO အဖွဲ့တွေမှာလည်း ရှိကောင်းရှိနိုင်တယ်။ အဲဒါကတော့ လာမယ့် UEC ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ နိုဝင်ဘာလမှာကျင်းပမယ့် အခမ်းအနားမှာ စာတန်းတင်ရဖို့ဖြစ်နိုင်တယ်။ ကျနော်တို့ပါတီကတော့ တင်ဖို့ရှိလား မရှိဘူးလားဆိုတော့ ဆွေးနွေးမှုလုပ်ဖို့လိုသေးတယ်။ ရှိချင်မှလည်း ရှိမယ်၊ မရှိချင်လည်းမရှိဘူးပေါ့” ဟု ဆိုသည်။

ယင်းဆွေးနွေးပွဲမှ ဖိတ်ကြားချက်တစ်စုံတစ်ရာ မရောက်သေးသည့်အတွက် ယင်းအကြောင်းကိုမသိသေးကြောင်း ရခိုင်အမျိုးသားပါတီ (ANP) အထွေထွေအတွင်းရေးမှူး ဦးခိုင်ပြည်စိုးကပြောသည်။

“ကျနော်တို့ကို ဖိတ်ကြားတာလည်းမရှိသေးပါဘူး။ ပြောတာလည်း မရှိသေးတော့ မပြောနိုင်သေးပါဘူး။ ကျနော်တို့ကို ဖိတ်တယ်ပြောတယ်ဆိုတော့ တမျိုးပေါ့။ အခုက ပြောထားတာလည်း မရှိသေးဆိုတော့ ပြောလိုမရဘူးလေ” ဟု ဆိုသည်။

ရခိုင့်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) အနေဖြင့်လည်း CEC  အစည်းအဝေးကျင်းပပြီးမှသာ ပြောနိုင်မည်ဖြစ်ကြောင်း ALD ပြောရေးဆိုခွင့်ရှိသူ ဦးလှမြင့်ကပြောသည်။

“ဒီကိစ္စတွေကို တာဝန်ခံပြီးပြောဖို့အတွက် CEC အစည်းအဝေးထိုင်ပြီးမှ ပြောလိုရမှာပေါ့၊ အခုမှ အဲဒီလို ဆွေးနွေးမှုမရှိသေးပါဘူး” ဟု ၎င်းကဆိုသည်။

ရခိုင်မှ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့မှ ဦးခိုင်ကောင်းစံကလည်း လက်ရှိအချိန်ထိ ဖိတ်စာရောက်လာခြင်း မရှိသေးကြောင်း ဆိုသည်။

“အခုချိန်ထိတော့ ဖိတ်စာရောက်တာမရှိသေးပါဘူး၊ ဖိတ်စာရောက်လာရင်တော့ ကျနော်တို့ ကော်မတီတွေတိုင်ပင်ရမှာပေါ့၊ ညှိနိူင်းတိုင်ပင်ပြီးတော့ သွားသင့်မသွားသင့်ကိုလည်း တိုင်ပင်ရမယ်၊ ကျနော်တို့က တစ်ဖွဲ့တည်းလုပ်ကြတာမဟုတ်ဘူးလေ။ အဖွဲ့လေးဖွဲ့တိုင်ပင်ပြီးတော့ လုပ်ရမှာဖြစ်တာကြောင့် ညှိနှိုင်းရမှာပေါ့” ဟု ပြောသည်။

PR (Open list system) စနစ်မှာ မဲလက်မှတ်မှာပါသည့် ကိုယ်စားလှယ်လောင်းများကိုရွေးချယ်ပြီး မဲဆန္ဒရှင်များက မဲပေးခွင့်ရှိပြီး မိမိနှစ်သက်ရာကိုယ်စားလှယ်လောင်းကို ရွေးချယ်ရန် လမ်းဖွင့်ပေးထားသည်ဟုဆိုသည်။ ယင်းအတွက် ပါတီကိုကြည့်ပြီး မဲမပေးပဲ လူကိုကြည့်ပြီး ကိုယ်ထောက်ခံရာကိုယ်စားလှယ် တစ်ဦးသာ ရွေးချယ်မဲပေးခြင်းဖြစ်သည်ဟု သိရသည်။

ပြီးခဲ့သည့် ၂၀၁၀၊ ၂၀၁၅ ခုနှင့် ၂၀၂၀ ခုနှစ်တွင် မြန်မာနိုင်ငံ၌ အထွေထွေရွေးကောက်ပွဲများတွင် နိုင်သူအကုန်ယူကြ FPTP (first past the post) စနစ်ကို ကျင့်သုံးခဲ့ကြခြင်းဖြစ်သည်။

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့ကကျင်းပခဲ့သည့် ရွေးကောက်ပွဲအားပယ်ဖျက်ကြောင်း ဇူလိုင် ၂၆ ရက်နေ့တွင် စစ်ကောင်စီလက်ထောက်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ခဲ့သည်။

၂၀၀၈ အခြေခံဥပဒေပါ အရေးပေါ်ကာလပြဌာန်းချက်များအရ ပထမတစ်နှစ်နှင့် နောက်ထပ်ခြောက်လနှစ်ကြိမ် (စုစုပေါင်း ၂ နှစ်) သာ အာဏာရယူနိုင်သည့် သတ်မှတ်ချက်များအပေါ် လိုက်နာမည်ဖြစ်ပြီး ထိုကာလကျော်လွန်ပါက ရွေးကောက်ပွဲအတွက် နောက်ထပ် ခြောက်လအချိန်ယူမည်ဟု စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောဆိုခဲ့သည်။

ရွေးကောက်ပွဲအတွက် ပြင်ဆင်စရာရှိသည့်ကိစ္စများ ၂၀၂၃ ခုနှစ် သြဂုတ်လတွင် ပြီးစီးမည်ဖြစ်ကြောင်းနှင့် ရွေးကောက်ပွဲပြန်ကျင်းပ၍ အနိုင်ရပါတီကို နိုင်ငံတော်တာဝန်လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အာဏာသိမ်းမှုခြောက်လပြည့်နေ့ မိန့်ခွန်းစကားတွင် ထည့်သွင်းပြောဆိုခဲ့သည်။

AA Info Desk (ဩဂုတ်လ ၁၁ ရက်နေ့က သံတွဲမြို့နယ်၊ ကျောက်ကြီးကျေးရွာကို လေကြောင်း တိုက်ခိုက်မှု)
August 17, 2026
စစ်အုပ်စုတပ်၏ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဩဂုတ်လ ၁ ရက်နေ့မှ ၁၄ ရက်နေ့အထိ ရခိုင်နှင့်...
DMG (မိုခါမုန်တိုင်းအပြီး ဆက်သွယ်ရေး ပြတ်တောက်သွားသဖြင့် တောင်ပေါ်တက်၍ ဖုန်းလိုင်း ရှာဖွေနေစဉ် - ပုံဟောင်း)
August 15, 2026
မြန်မာနိုင်ငံတစ်ဝန်းရှိ စစ်အုပ်စုတပ် ထိန်းချုပ်ရာဒေသများ၊ တော်လှန်ရေးအင်အားစု...
ဓါတ်ပုံ - ကျောက်တော်မြို့တွင်းတစ်နေရာ (ပုံဟောင်း)
August 14, 2026
ရခိုင်ပြည်အတွင်းရှိ အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် မြို့နယ်အချို့တွင် ယခု နောက်ပိုင်း...
ဓာတ်ပုံ - ဩဂုတ်လ ၁၀ ရက်နေ့က သံတွဲမြို့နယ်၊ ကျောက်ကြီးရွာ ဗုံးကြဲခံရသည့် မြင်ကွင်း/Photo Credit - CJ
August 13, 2026
စစ်အုပ်စုတပ်၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ရခိုင်ပြည်နှင့် ချင်းပြည်၊...