ဌာနေ သားဖွားဆရာမများကို ကာကွယ်ပေးရန် သံလွင်ငြိမ်းချမ်းရေးဥယျာဉ်နှင့် KWO တောင်းဆို

ဌာနေ သားဖွားဆရာမများကို ကာကွယ်ပေးရန် သံလွင်ငြိမ်းချမ်းရေးဥယျာဉ်နှင့် KWO တောင်းဆို
ဓာတ်ပုံ - CJ
ဓာတ်ပုံ - CJ

ပဋိပက္ခဒေသများတွင် ပိုမိုအားထားနေရသော ဌာနေတိုင်းရင်းသား သားဖွားဆရာမ (ရိုးရာလက်သည်) များကို ကာကွယ်ပေးရန် လိုအပ်ကြောင်း အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့ဌာနေတိုင်းရင်းသားများနေ့၌ သံလွင်ငြိမ်းချမ်းရေး ဥယျာဉ် ကော်မတီနှင့် ကရင်အမျိုးသမီးအစည်းအရုံး (KWO) တို့က တိုက်တွန်းတောင်းဆိုလိုက်သည်။

၂၀၂၆ ခုနှစ် ဩဂုတ်လ ၉ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့ဌာနေတိုင်းရင်းသားများနေ့ ဆောင်ပုဒ်တွင် ဌာနေတိုင်းရင်းသား သားဖွားဆရာမများအား ဂုဏ်ပြုခြင်း၊ အသက်ဇီဝနှင့် ကျန်းမာသုခများကို ကာကွယ်စောင့်ရှောက်စို့ဟု သတ်မှတ်ထုတ်ပြန်ထားခြင်း ဖြစ်သည်။

လက်ရှိ ဒေသတွင်းအခြေအနေသည် ထိုဆောင်ပုဒ်နှင့် ကိုက်ညီနေသည့်အတွက် တောင်းဆိုရခြင်းဖြစ်ကြောင်း သံလွင်ငြိမ်းချမ်းရေးဥယျာဉ် ကော်မတီဥက္ကဋ္ဌ စောပေါလ်စိန်ထွားက ပြောသည်။

“ရပ်ရွာဒေသမှာ ဆေးရုံ၊ ဆေးခန်းမရှိတဲ့အချိန် ဒီလက်သည်တွေကပဲ မိခင်တွေ ကိုယ်ဝန်ဆောင်ချိန်ကစပြီး ကလေးမွေးပြီးတဲ့အထိ တာဝန်ယူကြည့်ပေးရတာ။ အခက်အခဲတွေကြားက သူတို့က လုပ်ဆောင်ပေးနေရတာ။ သူတို့ဟာ ရှေ့တန်းမှာ လိုအပ်ချက်တွေကို တာဝန်ယူထားတာဖြစ်တယ်။ သူတို့ရဲ့တာဝန်က အရမ်းကြီးတယ်။ ဒါကို အသိအမှတ်ပြုသင့်တာ အမှန်ပဲ” ဟု စောပေါလ်စိန်ထွားက ပြောသည်။

သံလွင်ငြိမ်းချမ်းရေးဥယျာဉ် ကော်မတီအနေဖြင့် ကမ္ဘာ့ဌာနေတိုင်းရင်းသားများနေ့ ထုတ်ပြန်ချက်တွင် ၎င်းတို့ ဥယျာဉ်အတွင်းရှိ ဌာနေတိုင်းရင်းသားများအတွက် အချက် ၅ ချက်ကို တောင်းဆိုထားသည်။

ဌာနေတိုင်းရင်းသား သားဖွားဆရာမများကို အသိအမှတ်ပြုရန်၊ ၎င်းတို့ လိုအပ်သည့် ထောက်ပံ့ပစ္စည်းများကို ထောက်ပံ့ရန်နှင့် အရေးပေါ် လွှဲပြောင်းကုသရေးများကို ဖြည့်ဆည်းကာကွယ်ပေးရန်တို့ ပါဝင်သည်။

သံလွင်ငြိမ်းချမ်းရေးဥယျာဉ်သည် “ဒေပေါ်ထူး (ချက်ကြိုးတော)” ကို ဆောင်ပုဒ်အဖြစ် ထားရှိသလို ကရင်ရိုးရာ ဓလေ့များကို လေးစားတန်ဖိုးထား၍ ဌာနေသားဖွားဆရာမများကို သင်တန်းဆင်းဆရာမများနှင့် တန်းတူဆက်ဆံ ပူးပေါင်းဆောင်ရွက်ရန်၊ တောတောင်နှင့် ဆေးဖက်ဝင်အပင်များကို ကာကွယ်ရန်နှင့် မျိုးဆက်သစ်လူငယ်များထံ လက်ဆင့်ကမ်းပေးရန်လည်း တိုက်တွန်းတောင်းဆိုထားသည်။

ထို့အတူ လက်ရှိ တိုက်ပွဲကာလတွင် တောတောင်ထဲ ထွက်ပြေးတိမ်းရှောင်နေရသည့် မိခင်များမှာ ရိုးရာလက် သည် သားဖွားဆရာမများကိုသာ အမှီပြုနေရသည့်အတွက် ၎င်းတို့ကို ဂုဏ်ပြုရန် ထိုက်တန်ကြောင်း KWO ဥက္ကဋ္ဌ နော်ကညောဖောက ဆိုသည်။

နော်ကညောဖောက “ဒီသားဖွားဆရာမတွေမှာ အခကြေးငွေဆိုတာမရှိဘူး ကူညီဖို့အတွက်သက်သက်ပဲ။ သူတို့ တွေဟာ အတန်းပညာနဲ့သင်ထားတာမဟုတ်ဘူး ဘိုးဘွားစဉ်ဆက် အဆင့်ဆင့်လက်ဆင့်ကမ်းပြီး ရလာတဲ့ ပညာ ဖြစ်တယ်။ ဒါကို လေးစားတန်ဖိုးထားရမယ်” ဟု ကေအိုင်စီသို့ ပြောသည်။

ကော်သူးလေဒေသတွင် ဌာနေသားဖွားဆရာမများဖြစ်သည့် လက်သည်အများအပြား ကျန်ရှိနေသေးပြီး KWO အနေဖြင့် ၎င်းတို့ကို ကူညီထောက်ပံ့ပေးခြင်းများ ရှိသလို ကရင်ကျန်းမာရေးနှင့် ကယ်ဆယ်ရေးဌာန (KDHW) ကလည်း ရိုးရာလက်သည်များအား ထောက်ပံ့ကူညီပေးလျက်ရှိသည်။

ဩဂုတ်လ ၆ ရက်နေ့က စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင်အား ထိုင်းနိုင်ငံက တရားဝင် လက်ခံတွေ့ဆုံ ချိန်တွင် သံလွင်ငြိမ်းချမ်းရေး ဥယျာဉ်အတွင်းရှိ ကျေးရွာတစ်ရွာသို့ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု ဖြစ်ပွားခဲ့ ရာ လူထိခိုက်သေဆုံးမှုများ ရှိခဲ့သည့်အပြင် လူနေအိမ်နှင့် ဘုန်းကြီးကျောင်း အဆောက်အအုံများ ပျက်စီးခဲ့ရ ကြောင်း ယမန်နေ့ ထုတ်ပြန်ချက်တွင် တဆက်တည်း ဖော်ပြထားသည်။

ထို့ကြောင့် ဌာနေတိုင်းရင်းသားများသည် လေးလံသော နှလုံးသားများဖြင့် လူနေမှုဘဝကို ဖြတ်သန်းနေကြ ရကြောင်း သံလွင်ငြိမ်းချမ်းရေးဥယျာဉ် ကော်မတီက ထည့်သွင်းပြောဆိုထားသည်။

August 11, 2026
ကရင်အမျိုးသားအစည်းအရုံး - KNU ထိန်းချုပ်နယ်မြေ၊ ဘိတ်-ထားဝယ်ခရိုင်အတွင်း မိုးရာသီကာလ ဒေသခံ...
ဓါတ်ပုံ - KILC
August 11, 2026
ဒေသအသီးသီးမှ အလွှာစုံ ကရင်မျိုးဆက် ခေါင်းဆောင်များနှင့် လူငယ်များ ပါဝင်မည့် တတိယအကြိမ်မြောက်...
August 11, 2026
ထိုင်းရောက် မြန်မာအလုပ်သမားများ အထောက်အထားကိစ္စ အပါအဝင် ဦးမင်းအောင်လှိုင်ကို ဆန္ဒပြခဲ့သည့်...
ဓါတ်ပုံ - KIC
August 10, 2026
တောင်ငူ-သံတောင်ကြီး လမ်းပေါ်ရှိ ပျားစခန်းကျေးရွာအနီး စစ်အုပ်စု တပ်ဖွဲ့ဝင်များ...