ကျိုင်းတုံဟော်နန်းနှင့် မြေနေရာအားပြန်လည်ရရှိရေး ကော်မတီဖွဲ့စည်း

ကျိုင်းတုံဟော်နန်းနှင့် မြေနေရာအားပြန်လည်ရရှိရေး ကော်မတီဖွဲ့စည်း
by -
သျှမ်းသံတော်ဆင့်
သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့တွင် လွန်ခဲ့သောနှစ် ၂၀ ကျော်က ကျိုင်းတုံဟော်နန်းအား ဖျက်ဆီးပြီး ဟော်တယ်တည် ဆောက်ထားသည့် မြေနေရာ ပြန်လည်ရရှိရေးနှင့် ဟော်နန်းပုံတူ ပြည်လည်တည်ဆောက်နိုင်ရေးအတွက် သျှမ်းပြည် ရှေးဟောင်းအမွေအနစ်များ ပြန်လည်ဖော်ထုတ်ရေးကော်မတီ ကျိုင်းတုံ ( ယာယီ ) ကိုဖွဲ့စည်းလိုက် နစ်နာဆုံးရှံုးမှုများအား ပြန်လည်တောင်းဆိုသွားမည်ဟုဆိုသည်။

ဇွန်လ ၁၀ ရက်နေ့က နိုင်ငံရေးပါတီမှအကြီးအကဲများအချို့နှင့် ရပ်မိရပ်ဖများတွေ့ဆုံဆွေးနွေးကာ ကော်မတီဖွဲ့စည်း လိုက်ခြင်းဖြစ်ပါသည်။

ကော်မတီတွဲဖက်အတွင်းရေးမှူး စိုင်းဆမ်တစ်ဆေက - ဧပြီလ ၂၃-၂၅ ရက် ဧပြီလတုန်းကပြုလုပ်တဲ့ ဒေသအလိုက် နိုင်ငံရေးဆွေးနွေးပွဲမှာ ဒေါက်တာစိုင်းဆိုင်တစ်တို့ လုံးစိုင်းလုံမိုင်းခတ်တို့က ဟော်နန်းကိုတောင်းဆိုတဲ့အချက် ၃ ချက်ပါတဲ့ စာတင်ပါတယ်။
၁- ကျိုင်းတုံ စော်ဘွား ဟော်နန်းကြီးကို ပုံစံတူ ပြန်လည်တည်ဆောက်ပေးရန် ။
၂- ဟော်နန်းမြေနေရာ ဟောင်းကို ရှမ်းတိုင်းရင်းသားပိုင်ရှင်များထံ ပြန်လည်လွှဲအပ်ပေးရန် ။
၃- ရှမ်းပြည်နယ်အတွင်းရှိ လက်ကျန်ဟော်နန်း များ ရှေးဟောင်းအဆောက်အဦးများကိုရှေးဟောင်းသုတေသန ဌာနမှထိမ်းသိမ်းရန် စသဖြင့်ပါ၀င်ပါတယ်။

အဲဒီစာနဲ့ပတ်သက်ပြီး ပြည်ထောင်စုဝန်ကြီးကနေ သုတေသနဌာနကိုမေးမြန်း ထား တယ်လို့ကြားသိရပါတယ်။ ကျိုင်းတုံဟော်နန်းကို ဘယ်လို လုပ် ထားသလဲ။ သူတို့တောင်းဆိုနေတဲ့အတိုင်းပြန်လည်တည်ဆောက်ဖို့ အခြေအနေ ဘယ်လိုရှိပါသလဲ။ သူတို့ဘက်က ကော်မတီရှိပြီလား။ အဲလိုမေးသံကြားတာနဲ့ ကျနော်တို့ဘက်ကလည်း ကော်မတီဖွဲ့စည်းလိုက်တယ်။ " သျှမ်းပြည် ရှေးဟောင်းအမွေအနှစ်များ ပြန်လည်ဖော်ထုတ်ရေးကော်မတီ ကျိုင်းတုံ ( ယာယီ ) " ပေါ့။ - ဟု သျှမ်းသံတော်ဆင့်အား ပြောပြသည်။

အဆိုပါကော်မတီတွင် ကော်မတီဝင် ၁၇ ဦးပါ၀င်ရာ ကျိုင်းတုံရပ်မိရပ်ဖ တဦးဖြစ်သည့် ဦးစိုင်းဟောင်ခမ်းက ဥကဌ ၊ဆရာဆိုင်ခမ်းက ဒုဥကဌ ၊ ဦးစိုင်းဝင်းမြင့်က အတွင်းရေးမှူး၊ ဦးစိုင်းဆမ်တစ်ဆေက တွဲဖက်အတွင်းရေးမှူးဖြစ်ပြီး စဝ်ဆီရိ၊ (ဦး)လုံးစိုင်းလုံ၊ ဒေါက်တာစိုင်းဆိုင်တစ်၊ လုံးစိုင်းယီတစ်ဝုန်း၊ လုံးစိုင်းလုံယီး၊ လုံးစိုင်းနွတ်း၊ စိုင်းဆမ်တစ်ပွင့်၊ နန်းဟွမ်နွန်းခမ်း၊ ဦးစိုင်းဌေးအောင်၊ ဦးစိုင်းဆမ်လွတ်၊ စိုင်းချစ်အေး (ရန်ကုန်ကိုယ်စားလှယ်)နှင့် စိုင်းနွတ်း (တောင်ကြီးကိုယ်စားလှယ်) တို့က အဖွဲ့ဝင်အဖြစ်ပါ၀င်ပါသည်။

ရည်ရွယ်ချက်မှာ သျှမ်းပြည်နယ်အစိုးရ ပြည်ထောင်စုအစိုးရနှင့်ဆက်သွယ်အလုပ်လုပ်သွားရန်၊ ကျိုင်းတုံနယ်အတွင်းသာမက သျှမ်းပြည်အရှေ့ပိုင်း ၉ မြို့နယ်အတွင်း၊ သျှမ်းပြည်အတွင်း၊ သျှမ်းပြည်ပြင်ပရောက် စော်ဘွားမျိုးနွယ်များ၊ ဒေသခံလူထုများအားစည်းရုံးမှုပြုရန်၊ ထိုနောက်ပိုင်း ခိုင်မြဲသော ကော်မတီတရပ်ဖွဲ့စည်းကာ လုပ်ငန်းဆောင်တာ များလုပ်ဆောင်သွားရန်နှင့် သျှမ်းပြည်လူထုတရပ်လုံး၏ အရေးဖြစ်သဖြင့် လူထုလူတန်းစားအားလုံး ပါ၀င်လာနိုင်ရေးအတွက် ဆောင်ရွက်သွားရန်ဖြစ်ကြောင်း တွဲဖက်အတွင်းရေးမှူးကပြောသည်။

အရင်တုန်းက ဟော်နန်းတောင်းဖို့မပြောနဲ့ ဖက်ဒရယ်အကြောင်းတောင်ပြောလို့မရဘူး။ ဖက်ဒရယ်ဆိုတာခွဲထွက်ရေးဘဲ ဆိုပြီး ဖမ်းတယ်လေ။ ကျနော်တို့ဟော်နန်းတောင်းဆိုခဲ့လို့ ကျိုင်းတုံရပ်မိ ရပ်ဖ ၃ ဦးအဖမ်းခံခဲ့ရဖူးတယ်လေ။ အခုနောက်ပိုင်းကျတော့ ဒီမိုကရေစီလမ်းပေါ် နဲနဲရောက်လာပြီဆိုမှ ပြောနိုင်ဆိုနိုင်လာပြီဆိုတော့ ကျနော်တို့ဟော်နန်းပြန်ရဖို့ လုပ်ငန်းစဉ်စဖို့ ဆုံးဖြတ် လိုက်ရ တာဖြစ်ပါတယ်။ ကွယ်လွန်သွားပြီဖြစ်တဲ့ လူကြီးသူမတွေကမှာထားတယ်။ ကျိုင်းတုံစော်ဘွားအမွေအနှစ် ဟော်နန်းကြီးကို ရအောင်ပြန်တောင်း ပါတဲ့။ ဟော်နန်းဖျက်ပြီးနောက်ပိုင်းမှ မွေးလာတဲ့ကလေးတွေက လည်းမေးတယ် ဘာကြောင့်ပြန်မတောင်းတာလဲ။ ဆိုတော့ ဒါက ကျိုင်းတုံလူထုတရပ်လုံးရဲ့ နှလုံးသားထဲကလာတဲ့ ဆန်ဒလေ။ အဲတာကြောင့်ပြန်တောင်းဖို့ကော်မတီ တရပ်ဖွဲ့လိုက် တာပါ။- ဟု စိုင်းဆမ်တစ်ဆေက ဆက်လက်ပြောပြသည်။

သျှမ်းသမိုင်းဝင် ကျိုင်းတုံမြို့အထင်ကရ စော်ဘွားများ၏ အမွေအနှစ် ဟော်နန်းကြီးအား အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မောင်အေး ၏ ညွှန်ကြားချက်အရတပ်မ ( ရ၇ ) တပ်မမှူး ဗိုလ်ချုပ် ကက်စိန် က ၁၉၉၁ ခုနှစ် နို၀င်ဘာလ ၉ ရက်နေ့ နံနက် ရ နာရီ ၄၁ မိနစ်တွင် ဖြိုချဖျက်ဆီးလိုက်ပြီး အဆိုပါဟော်နန်းနေရာတွင် ကျိုင်းတုံဟော်တယ် အစားထိုးတည် ဆောက်ထားသည်မှာ ယနေ့တိုင်ဖြစ်ပါသည်။

April 4, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့ရှိ အွန်လိုင်း လောင်းကစားရုံတစ်ခု...
April 3, 2026
သျှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့တွင် စစ်ကော်မရှင်တပ်က လူငယ်များကို ပေါ်တာဆွဲဖမ်းဆီးမှုများ...
April 2, 2026
သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ် နောင်တောင်းကျေးရွာအပါဝင် ညောင်ပင်ကျေးရွာအနီးနားရှိ...
April 1, 2026
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးခရိုင်အတွင်း စက်သုံးဆီ ရှားပါးလာမှုကြောင့် ပရဟိတ...