စိုင်းဆိုင်အိုက် — သျှမ်းပြည်တဝှမ်းရှိ အသက်မပြည့်သေးသည့် လူငယ်များအကြား ဘိန်းစာရွက်ရည် သုံးစွဲသူများပြားပြီး၊ ပေါ်ပေါ်တင်တင် ရောင်းချမှုများလည်း ရှိနေကြောင်း စုံစမ်းသိရသည်။
စစ်အာဏာသိမ်းပြီးစ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ နောက်ပိုင်းတွင် ဘိန်းစာရွက်ရည်သုံးစွဲမှုသည် သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့နယ်၊ မိုင်းဆတ်မြို့နယ်၊ မိုင်းတုံမြို့နယ်များတွင်သာ တွေ့ရသော်လည်း လက်ရှိတွင် သျှမ်းပြည် တဝှမ်းသို့ ပျံ့နှံ့လာပြီး အသက်မပြည့်သေးသည့်သူများလည်း သုံးစွဲနေသည်။
လက်ရှိ အသက် ၁၈နှစ်အောက် မိန်းကလေးငယ်များကစ ဘိန်းစာရွက်ရည်ကို ဖျော်ရည်ကဲ့သို့ အသုံးပြု သောက်သုံးနေကြသည်။
လက်ရှိ ဘိန်းစာရွက်ရည်သည် သျှမ်းပြည်တောင်ပိုင်း မိုင်းရှူးမြို့နယ်၊ ဝမ်ဟိုင်း၊ နမ့်စန်၊ ပင်လုံ၊ လဲချားနှင့် သျှမ်းပြည်မြောက်ပိုင်း တန့်ယန်း၊ မိုင်းရယ်၊လားရှိုးမြို့များတွင် ပေါ်တင်သုံးစွဲ ရောင်းချနေကြောင်း ကိုယ်တိုင်မြင်တွေ့ပြီး ဝယ်ယူသုံးစွဲခဲ့သည့် လူငယ် အမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။
“ကျနော်က သျှမ်းတောင်နဲ့ သျှမ်းမြောက်လမ်းကြောင်းကို မကြာခဏသွားတယ်။ အဲ့မြို့တွေမှာ ကရထွမ့်ရောင်းတဲ့ဆိုင်တွေကို တွေ့တယ်။ ကျနော်လည်း ဝယ်သောက်ဖူးတယ်။အရင်က အဲ့ဆိုင်တွေက မများဘူး။ ဒီနှစ် လမ်းမကြီးပေါ်မှာ နှစ်ဆိုင်၊ သုံးဆိုင်ရှိတယ်။ ပေါ်တင်ကိုရောင်း သောက်နေကြတာ” ဟု ကိုယ်တိုင် ဝယ်ယူသောက်သုံးသည့် မိုင်းရယ်ဒေသခံ လူငယ်အမျိုးသားက ဆိုသည်။
ဘိန်းစာရွက်ရည် (ကရထွမ့်)ကို့ အချိုရည်၊ ဘီယာ၊ အရက်တို့နှင့် ရောနှော သောက်သုံးကြကြောင်း သုံးစွဲသူများက ပြောသည်။
ဆက်လက်ပြီး တန့်ယန်းမြို့တွင်ကိုယ်တိုင် ရောင်းချနေသည့် လူငယ်တဉီးက “တန့်ယန်းဘက်မှာလူငယ်တွေ အသက် ၁၈ နှစ်အောက်ကလေးတွေကစပြီး သောက်နေကြတာပါ။ ဒီမှာရောင်းနေတာတွေက အချိုရည်တွေ ရောထားပြီးပါပြီ။အသီးရဲ့ အရသာ အမျိုးမျိုးရှိတော့ သောက်လို့လည်း လွယ်တယ်။မိန်းကလေးတွေ သောက်တာများတယ်” ဟု ဆိုသည်။
ထိုဘိန်းစာရွက်ရည် (ကရထွမ့်)ကို တစ်ဗူးလျှင် မြန်မာ ကျပ်ငွေ ၂ သောင်းခွဲမှ ကျပ် ၃ သောင်းအထိ ရောင်းချပြီ၊ သျှမ်းပြည် အရှေ့ပိုင်း - ထိုင်းနယ်စပ်ဖြစ်သည့် တာချီလိတ်မြို့မှ တဆင့် သျှမ်းပြည်တောင်ပိုင်း၊ မြောက်ပိုင်းသို့ တင်ပိုရောင်းချနေကြကြောင်းသိရသည်။
“ဒီအရွက်ကို တာချီလိတ်ဘက်နေက အိတ်ကြီးလိုက်ဝယ်တာပါ။ ဒီရောက်မှ ကျိုးပြီး ရောင်းတာပါ” ဟု တန်းယန့်မြို့တွင် ဘိန်းစာရွက်ရည် ရောင်းချသူ လူငယ်က ပြောပြသည်။
လက်ရှိ သျှမ်းပြည်အတွင်း ပျံ့နှံ့လာသည့် ဘိန်းစာရွက်ရည် ရောင်းချမှုနှင့်ပတ်သက်ပြီး သက်ဆိုင်ရာ က တားဆီးမှုမရှိကြောင်းလည်း ရောင်းချနေသူများက ဆိုသည်။
ပြီးခဲ့သည့် ၂၀၂၃ခုနစ်တွင် ဘိန်းစာရွက်ရည် Kratom (ကရထွမ့်) ကို မူးယစ်ဆေးဝါး စာရင်းမှ ပယ်ဖျက်ထားပြီး UNODC (United Nations Office on Drugs and Crime) ကလည်း မူးယစ်ဆေးဝါး စာရင်းမှ ပယ်ဖျက်ထားသဖြင့် မူးယစ်ဆေး အမည်တပ်ရန်လည်းခက်ခဲသည်။
ထိုဘိန်းစာရွက် အပင်အတွင်း ပါဝင်သည့် Mitragynine (မီထရာဂျိုင်နင်း) ဓာတ်သည် နာကျင်မှု သက်သာစေခြင်း၊ ရောင်ရမ်းမှု လျော့နည်းစေခြင်းနှင့် မူးယစ်ဆေးဖြတ်တောက်စဉ် ဖြစ်ပေါ်သည့် လက္ခဏာအချို့ကို လျော့ပါးစေနိုင်ကြောင်း ၂၀၂၄ ခုနှစ်တွင် ထိုင်းနိုင်ငံရှိ Chulalongkorn University မှ Kratom (ဘိန်းစာရွက်) နှင့် ပတ်သက်သည့် ဆေးပညာဆိုင်ရာ သုတေသနတွင်ဖော်ပြထားသည်။
သို့သော် ဘိန်းစာရွက်(ကရထွမ့်)ကို အလွန်အကျွံ သုံးစွဲခြင်း၊ အခြားမူးယစ်ဆေးဝါးများနှင့် ရောစပ်သုံးစွဲခြင်းသည် ကျန်းမာရေးအန္တရာယ်များ ဖြစ်ပေါ်စေနိုင်ကြောင်း ကလေး၊ကိုယ်ဝန်ဆောင် အမျိုးသမီးနှင့် အသည်းရောဂါ၊ ကျောက်ကပ်ရောဂါ ရှိသူများ မသုံးစွဲရန် သုတေသနတွင်ရေးသားထားသည်။
ထို့အပြင် နှလုံးခုန်မြန်ခြင်း၊ မူးဝေခြင်းနှင့် အော့အန်ချင်ခြင်းကဲ့သို့သော ဘေးထွက်လက္ခဏာများလည်း ဖြစ်ပွားနိုင်ကြောင်း ဖော်ပြထားပြီး ဆေးဝါးအဖြစ် အသုံးပြုနိုင်မှုကို ဆက်လက်လေ့လာရန် လိုအပ်နေသေးကြောင်းလည်း သုတေသန စာစောင်တွင် ဖော်ပြထားသည်။







