AA နှင့်ဆက်စပ်ပြီး သံသယဖြင့်ဖမ်းဆီးခံရထားရသူများထဲမှ ၄၇ ဦး ထပ်မံလွတ်မြောက်

AA နှင့်ဆက်စပ်ပြီး သံသယဖြင့်ဖမ်းဆီးခံရထားရသူများထဲမှ ၄၇ ဦး ထပ်မံလွတ်မြောက်
Photo Crd - Tun Tun Naing
Photo Crd - Tun Tun Naing

ရက္ခိုင့်တပ်တော် (AA) နှင့်ဆက်စပ်ပြီး သံသယဖြင့်ဖမ်းဆီးခံရကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနှင့် တရားရင်ဆိုင်နေကြရသူများထဲမှ ၄၇ ဦး ထပ်မံလွတ်မြောက်လာကြောင်း ဖမ်းဆီးခံရသူစာရင်းကို ကောက်ယူနေသည့် အဖွဲ့အစည်းများမှ သိရသည်။

ယခုလွတ်မြောက်လာသူများမှာ ကျောက်ဖြူအကျဉ်းထောင်မှ ၃၇ ဦး၊ သံတွဲအကျဉ်းထောင်မှ ၃ ဦးနှင့် စစ်တွေအကျဉ်းထောင်မှ ၇ ဦးတို့ဖြစ်ကြသည်။

၄င်းတို့မှာ အောက်တိုဘာ ၁၅ ရက်နေ့ ညနေပိုင်းနှင့် ယနေ့အောက်တိုဘာလ ၁၆ ရက်နေ့ နံနက်ပိုင်းတို့တွင် အသီးသီးလွတ်မြောက်လာခြင်းဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်အတွင်းက ကျောက်ဖြူ၊ ရသေ့တောင်၊ ရမ်းဗြဲ၊ တောင်ကုတ်၊ စစ်တွေ၊ ပုဏ္ဏားကျွန်းနှင့် ပေါက်တော စသည့်မြို့နယ်တို့မှ ဖမ်းဆီးတရားစွဲဆိုခံထားရသူများသည် ၄င်းတို့ချုပ်နှောင်ခံထားရသော အကျဉ်းထောင်အသီးသီးမှ ပြန်လည်လွတ်မြောက်ခဲ့ကြခြင်းဖြစ်သည်။

ရမ်းမြဲမြို့နယ်၊ ကုလားပုန်းကျေးရွာမှ ဖမ်းဆီးခံရပြီး ပြန်လည်လွတ်မြောက်လာသူ ကိုစိုးမောင်၏ဇနီး မခင်မျိုးဦးက “အရမ်းဝမ်းသာပါတယ်။ ဒီနေ့ကိုစောင့်ခဲ့ရတာကြပြီ။ အခုတော့ ကျွန်မယောကျ်ားလွတ်ခဲ့ရပြီပေါ့။ မလွတ်မြောက်ဘဲကျန်တဲ့ သူတွေအတွက်တော့စိတ်မကောင်းဖြစ်မိတယ်။ သူတို့တွေကိုလည်း မြန်မြန်လွတ်ပေးစေချင်ပါတယ်” ဟု ပြောသည်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးခြင်း (၆) နှစ်မြောက်နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုသောအားဖြင့် ငြိမ်းချမ်းရေးကိုရှေးရှုကာ နိုင်ငံတော်အတွင်း တရားရုံးအသီးသီး၌ တရားစွဲဆိုထားဆဲဖြစ်သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ အဖွဲ့ဝင်များနှင့် ဆက်စပ်ပါဝင်သူ ၁၁၄ ဦးတို့အား အမှုပိတ်သိမ်းရန် စစ်ကောင်စီမှ အောက်တိုဘာလ ၁၅ ရက်နေ့က ထုတ်ပြန်လိုက်သည်။

ယင်းသို့ အမှုပိတ်သိမ်းပေးလိုက်သည့်အထဲတွင် ရခိုင်ပြည်နယ်မှ ရက္ခိုင့်တပ်တော် (AA) အဖွဲ့ဝင်နှင့် ဆက်စပ်သူ ၆၁ ဦးပါဝင်ခဲ့သည်။

ယင်းကြောင့် ဖမ်းဆီးခံရသူများ ပြန်လည်လွတ်လာကြခြင်းဖြစ်ပြီး ၆၁ ဦးထဲမှ ၁၄ ဦးလွတ်မြောက်ရန် ကျန်ရှိနေသေးသည်။

ယခုလွတ်မြောက်လာသူများကို ပြန်လည်လွတ်ပေးသင့်သည်မှာ ကြာမြင့်နေပြီဖြစ်ပြီး AA ကိုအကြမ်းဖက်အဖွဲ့အဖြစ်မှ ရုပ်သိမ်းပြီးသည့်အချိန်မှစ၍ လွှတ်ပေးသင့်ကြောင်း ပရဟိတလုပ်ဆောင်နေသူတစ်ဦးဖြစ်သည့် စာရေးဆရာဝေဟင်အာင်က ပြောသည်။

“အေအေကို အကြမ်းဖက်ကပယ်ဖျက်ပြီးတဲ့အချိန်အတည်းက ဒီလူတွေလွတ်ရမှာဖြစ်တယ်။ အခုချိန်အထိမလွှတ်သေးဘဲကြာနေတာက စိတ်မကောင်းစရာတစ်ခုဖြစ်တယ်။ ဒါကြောင့်လည်း အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုကလည်း အမှုတွေရုပ်သိမ်းပြီး ကျန်တဲ့လူကို လွှတ်ပေးသင့်တယ်” ဟု စာရေးဆရာဝေဟင်အောင်က ပြောသည်။

မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ ၂ နှစ်တာတိုက်ပွဲဖြစ်ပွားခဲ့သည့် ရခိုင်ပြည်အတွင်းမှာ သံသယဖြင့်ဖမ်းဆီးတရားစွဲဆိုခံရသူ ၂၀၀ ကျော်အထိ ရှိခဲ့သည်။

၂၀၂၁ ခုနှစ် မတ်လ ၁၁ ရက်နေ့က ရက္ခိုင့်တပ်တော် (ULA/AA) အကြမ်းဖက်အဖွဲ့အဖြစ်ကြေငြာထားခြင်းကို စစ်ကောင်စီက ပြန်လည်ရုပ်သိမ်းပြီးနောက်ပိုင်း ရခိုင်က အကြမ်းဖက်မှုအချို့ကိုရုပ်သိမ်းပေးမှုများရှိလာသည်။

ထိုသို့လုပ်ဆောင်မှုမှာ မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ကြား ငြိမ်းချမ်းရေးအတွက် အလာအလာကောင်းတစ်ရပ်ဖြစ်သည်ဟု ကျောက်ဖြူမြို့နယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးကျော်လွင်က သုံးသပ်ပြောဆိုသည်။

“တစ်ဖက်နဲ့တစ်ဖက်က အခုအချိန်မှာ နားလည်မှုယူနေကြတဲ့အချိန်လို့မြင်တယ်။ ဒီလိုအခြေအနေမျိုးမှာ စစ်ကောင်စီဘက်က အခုလိုပျော့ပျောင်းမှုတွေရှိလာတယ်။ ဒီလိုလက်တွေ့ပြတဲ့အတွက် နောက်ထပ်လည်း ကျန်ရှိတဲ့လူတွေကိုပါလွှတ်ပေးသင့်တယ်” ဟု ဦးကျော်လွင်ကပြောသည်။

ရခိုင်ပြည်အတွင်း အကြမ်းဖက်မှုဖြင့်တရားစွဲဆိုခံထားရသည့်အမှုများထဲမှ အမှုပေါင်း ၂၃ မှုနှင့် လူဦးရေ ၄၄ ဦးကို လက်ရှိတွင် ရုပ်သိမ်းပေးခဲ့ပြီဖြစ်ကြောင်း ပြည်နယ်စစ်ကောင်စီ၏စာရင်းများအရသိရသည်။

လက်ရှိတွင် တရားစွဲဆိုခံထားရသူများထဲမှ ပြန်လည်လွတ်မြောက်သူ ယနေ့အချိန်ထိ ၉၁ ဦးရှိသွားပြီဖြစ်သော်လည်း မလွတ်မြောက်သေးသူ ၁၀၀ ကျော်အထိ ကျန်ရှိနေသေးသည်။

အကြမ်းဖက်တိုက်ဖျက်ရေးဗဟိုအဖွဲ့မှ ခွင့်ပြုချက်ညွှန်ကြားစာရောက်ရှိပါက ရခိုင်ပြည်နယ်အတွင်းက အကြမ်းဖက်မှုပုဒ်မဖြင့် တရားစွဲခံထားရသူ ၃၆ ဦး ထပ်မံလွှတ်ပေးသွားမည်ဖြစ်ကြောင်း ပြည်နယ်စစ်ကောင်စီက ပြောကြားထားသည်။

သို့သော် စစ်ကောင်စီကရုပ်သိမ်းပေးသည့်အမှုများထဲတွင် ရခိုင်ပြည်အတွင်း ထင်ရှားသည့်အမှုများဖြစ်သော လက္ကာကျေးရွာသားများအမှုကဲ့သို့ နှစ်တာရှည်ကြာတရားစွဲဆိုခံထားရသည့် အမှုများ ပါဝင်ခြင်းမရှိသေးပေ။

Photo Crd - Tun Tun Naing

 
 

 

 

DMG (မိုခါမုန်တိုင်းအပြီး ဆက်သွယ်ရေး ပြတ်တောက်သွားသဖြင့် တောင်ပေါ်တက်၍ ဖုန်းလိုင်း ရှာဖွေနေစဉ် - ပုံဟောင်း)
August 15, 2026
မြန်မာနိုင်ငံတစ်ဝန်းရှိ စစ်အုပ်စုတပ် ထိန်းချုပ်ရာဒေသများ၊ တော်လှန်ရေးအင်အားစု...
ဓါတ်ပုံ - ကျောက်တော်မြို့တွင်းတစ်နေရာ (ပုံဟောင်း)
August 14, 2026
ရခိုင်ပြည်အတွင်းရှိ အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် မြို့နယ်အချို့တွင် ယခု နောက်ပိုင်း...
ဓာတ်ပုံ - ဩဂုတ်လ ၁၀ ရက်နေ့က သံတွဲမြို့နယ်၊ ကျောက်ကြီးရွာ ဗုံးကြဲခံရသည့် မြင်ကွင်း/Photo Credit - CJ
August 13, 2026
စစ်အုပ်စုတပ်၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ရခိုင်ပြည်နှင့် ချင်းပြည်၊...
August 13, 2026
စစ်တပ်က ဆက်တိုက် လေကြောင်းဗုံးကြဲတိုက်ခိုက်နေသည့် ရခိုင်ပြည်၊ သံတွဲမြို့နယ်တွင် ဒေသခံများ...