စစ်တပ်က ဖမ်းဆီးတရားစွဲဆိုထားသည့် သတင်းသမား ၅၀ ကျော်ကို ပြန်လွှတ်ပေးရန် Myanmar Press Freedom In-Depth တောင်းဆို

စစ်တပ်က ဖမ်းဆီးတရားစွဲဆိုထားသည့် သတင်းသမား ၅၀ ကျော်ကို ပြန်လွှတ်ပေးရန် Myanmar Press Freedom In-Depth တောင်းဆို

မြန်မာနိုင်ငံတွင် စစ်တပ်မှ နိုင်ငံတော်အာဏာကိုသိမ်းယူခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်ပြီး ၈ လကျော်အတွင်း ဖမ်းဆီးတရားစွဲဆိုခံထားရသည့် သတင်းသမား (၅၄) ဦးကို ပြန်လွှတ်ပေးရန် Myanmar Press Freedom In-Depth မှ ယနေ့အောက်တိုဘာ ၁၁ ရက်နေ့တွင် ထုတ်ပြန်ချက်ထုတ်၍ တောင်းဆိုလိုက်သည်

ဖမ်းဆီးတရားစွဲဆိုခံထားရသည့်သတင်းသမားအများစုမှာ နိုင်ငံတော်တော်အကြည်ညိုပျက်စေမှုပုဒ်မ- ၅၀၅(က)၊ မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ- ၁၇(၁) တို့ဖြင့် တရားစွဲဆိုခံထားရခြင်းဖြစ်ပြီး ယင်းအထဲမှသတင်းသမား ၈ ဦးမှာ ထောင်ဒဏ် (၂) နှစ်၊ (၃) နှစ် အသီးသီးချမှတ်ခံထားရကြောင်း သိရသည်။

နိုင်ငံတကာတွင် ဒီမိုကရေစီ စံချိန်စံနှုန်းအတိုင်းသွားနေသည့်အချိန်တွင် မြန်မာနိုင်ငံအတွင်းက သတင်းသမားများကို ဖမ်းဆီးတရားစွဲခြင်းများကို ရှုတ်ချကြောင်း (ကရင်နီ) ကယားပြည်နယ်မှ လုံခြုံရေးအရအမည်မဖော်လိုသည့် အမျိုးသမီးသတင်းထောက်တစ်ဦးက ပြောသည်။

“ဒီအပေါ်မှာ နှစ်ချက်မြင်တယ်။ ပထမတစ်ချက်က သတင်းသမားတွေရဲ့သတင်းရယူခွင့်နဲ့ သတင်းစီးဆင်းမှုအပိုင်းကို လုံးဝပိတ်ပင်လိုက်တာဖြစ်တယ်။ ဒုတိယအချက်က ပြည်သူလူထုတွေကို သတင်းအမှောင်ချလိုက်တာဖြစ်တယ်။ သတင်းအချက်အလက်စီးဆင်းတဲ့နေရာမှာ သတင်းသမားတွေက ကြားခံတစ်ဆင့် ပြည်သူလူထုတွေကို တင်ဆက်ပေးတာဖြစ်တဲ့အတွက် သတင်းသမားတွေကိုဖမ်းဆီးတာ၊ စစ်ဆေးတာ၊ အမှုစွဲတင်တာက မဖြစ်သင့်ဘူး” ဟု ၎င်းကပြောသည်။

တရားစွဲဆိုခံထားရသည့် သတင်းသမားများမှာ DVB ၊ Mizzima ၊ Frontier Myanmar ၊ The Voice ၊ ကမာရွတ်မီဒီယာ၊ သင်္ဃန်းကျွန်းပို့စ်၊ ကမ္ဘောဇတိုင်းမ်၊ သံလွင်သွေးချင်း၊ မြစ်ကြီးနားဂျာနယ် စသည့်သတင်းဌာနများအပါအဝင် ဆောင်းပါးရှင်၊ အလွတ်တန်းသတင်းထောက်များဖြစ်ကြသည်။

စစ်ကောင်စီသည် သတင်းမီဒီယာများကိုပိတ်ပင်ခြင်း၊ သတင်းသမားများကို ဖမ်းဆီးတရားစွဲဆိုခြင်း၊ သတင်းလွတ်လပ်ခွင့်ကို ဖိနှိပ်နေခြင်းများကို ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း Myanmar Press Freedom In-Depth ၏ ထုတ်ပြန်ချက်က ဆိုထားသည်။

ယင်းအပြင် သတင်းသမားများအား ဖမ်းဆီးတရားစွဲဆိုခံရခြင်းမှာ ဖမ်းဆီးခံသတင်းသမားများနှင့် လက်ရှိသတင်းလုပ်ငန်းလုပ်ကိုင်နေသူများအတွက် အလွန်စိုးရိမ်စရာ အနေအထားဖြစ်ကြောင်း မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဝင်ဟောင်းဖြစ်သူ ဦးမြင့်ကျော်က သုံးသပ်ပြောဆိုသည်။

“အခုဆိုရင် သတင်းသမားလုပ်ရင် အဖမ်းခံရနိုင်တဲ့အလုပ်လိုဖြစ်လာတဲ့ဟာကိုက သတင်းလွတ်လပ်ခွင့်ကို တိုက်ရိုက်ထိခိုက်နိုင်တယ်။ သတင်းမလုပ်ကြအောင် ဖိအားပေးတယ်။ ခြိမ်းခြောက်တယ်ဆိုတဲ့သဘောလို့ နားလည်တယ်။ အားလုံးလည်းနားလည်ကြတယ်။ ဒီဟာက သတင်းလွတ်လပ်ခွင့်အတွက် အကြီးမားဆုံး ခြိမ်းခြောက်မှု၊ ထိခိုက်မှုဖြစ်တယ်” ဟု ၎င်းကပြောသည်။

မတရားဖမ်းဆီးခံထားရသည့် သတင်းသမားများ၊ ဂျာနယ်လစ်များကို ခြွင်းချက်မရှိ ချက်ချင်းပြန်လွှတ်ပေးရန်၊ သတင်းလွတ်လပ်ခွင့် အပြည့်အဝအာမခံပေးရန်၊ သတင်းမီဒီယာများအားလုံးကို သတင်းလုပ်ငန်းများ လွတ်လပ်စွာလုပ်ကိုင်ခွင့်ပေးရန် စဉ်ဆက်မပြတ်တောင်းဆိုကြောင်း Myanmar Press Freedom In-Depth က ဆိုသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၂၈ ရက်နေ့ကလည်း Burma News International (BNI) က ဖမ်းဆီးခံထားရဆဲဖြစ်သည့် သတင်းသမားများကို အမြန်ဆုံးလွှတ်ပေးရန်အပါအဝင် အဖမ်းဆီးခံထားရသည့် သတင်းမီဒီယာသမားများကို အကျဉ်းထောင်များနှင့် စစ်ကြောရေးဌာနများတွင် စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက် ညှင်းပမ်းနှိပ်စက်မှုများမပြုလုပ်ရန်၊ သတင်းမီဒီယာသမားများအပေါ် ပြစ်မှုပုဒ်မအမျိုးမျိုးတပ်၍ ဝရမ်းများထုတ်ပြန် ထားခြင်းကို ရုပ်သိမ်းပေးရန် တောင်းဆိုထားသည်။

ယင်းအပြင် သတင်းထုတ်လုပ်ခွင့်လိုင်စင်ရုပ်သိမ်းခံထားရသည့် သတင်းဌာနများကို သတင်းထုတ်လုပ်မှုပြန်လည်ခွင့်ပြုရန်၊ လွတ်လပ်စွာသတင်းရယူရေးသားဖော်ပြခွင့်နှင့် သတင်းအချက်အလက် သိရှိရယူခွင့်ကိုလေးစားလိုက်နာရန် စသည့်အချက်များကိုလည်း BNI က တောင်းဆိုထားသည်။

 
 

 

 

ဓာတ်ပုံ - (မောင်တော၊ ကြိမ်ချောင်းရွာ ကမ်းပါးပြိုကျမှုကြောင့် ပျက်စီးနေသည့် မြင်ကွင်း / ပေးပို့)
August 19, 2026
ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ ကြိမ်ချောင်းကျေးရွာတွင် မိုးအဆက်မပြတ် ရွာသွန်းမှုနှင့်အတူ...
ဓာတ်ပုံ - (DMG / ပန်းမြောင်းကြီးချောင်းဒေသရှိ ဒေသခံအချို့အား ဇူလိုင်လအတွင်း တွေ့ရစဉ်။)
August 19, 2026
ရခိုင်ပြည်၊ အဉ္ဇနပူရ (မင်းပြား) မြို့နယ်၊ ပန်းမြောင်းကြီးချောင်းဒေသရှိ ကျေးရွာအများအပြားတွင်...
စစ်တွေမြို့နယ်မှ မွတ်ဆလင်ဒုက္ခသည်စခန်းတစ်ခုကို ၂၀၂၃ ခုနှစ်အတွင်း တွေ့ရစဉ် / DMG
August 18, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နှင့် ကျေးရွာအချို့တွင် ဝမ်းပျက်ဝမ်းလျှော ရောဂါ ဖြစ်ပွားမှုနှုန်း...
ဓါတ်ပုံ - (ပေးပို့) ၂၀၂၆ ခုနှစ်၊ ဩဂုတ် ၁၄ ရက်နေ့က ဖုံသာချောင်းဒေသ နတ်ထောင့်ကျေးရွာ မူလွန်စာသင် ကျောင်းတွင် ပညာသင်ကြားနေသည့် ကလေးငယ်များကို တွေ့ရစဉ်။
August 18, 2026
ရခိုင်ပြည်၊ အဉ္ဇနပူရ (မင်းပြား) မြို့နယ်၊ ဖုံသာချောင်းဒေသရှိ နတ်ထောင့် (ရွာဟောင်း) ကျေးရွာတွင်...