ပန်းမြောင်းကြီးချောင်းဒေသတွင် ခြင်မှတစ်ဆင့် ကူးစက်သည့် ရောဂါများ အဖြစ်များနေ

ပန်းမြောင်းကြီးချောင်းဒေသတွင် ခြင်မှတစ်ဆင့် ကူးစက်သည့် ရောဂါများ အဖြစ်များနေ
ဓာတ်ပုံ - (DMG / ပန်းမြောင်းကြီးချောင်းဒေသရှိ ဒေသခံအချို့အား ဇူလိုင်လအတွင်း တွေ့ရစဉ်။)
ဓာတ်ပုံ - (DMG / ပန်းမြောင်းကြီးချောင်းဒေသရှိ ဒေသခံအချို့အား ဇူလိုင်လအတွင်း တွေ့ရစဉ်။)

ရခိုင်ပြည်၊ အဉ္ဇနပူရ (မင်းပြား) မြို့နယ်၊ ပန်းမြောင်းကြီးချောင်းဒေသရှိ ကျေးရွာအများအပြားတွင် ခြင်မှတစ်ဆင့် ကူးစက်တတ်သော ရောဂါများ အဖြစ်များနေကြောင်း ဒေသခံများက ပြောသည်။

ရောဂါလက္ခဏာများအနေဖြင့် စတင်ဖျားနာလာပြီး နှာစေး၊ ချောင်းဆိုးခြင်း၊ လည်ပင်းနာခြင်း၊ အရိုးအဆစ်များ နာကျင်ခြင်း၊ အော့အန်ခြင်း၊ ခန္ဓာကိုယ်တုန်ခြင်း စသည့် ပုံစံမျိုး ဖြစ်ပွားနေကြောင်း ဒေသခံများက ပြောသည်။

ပန်းမြောင်းကြီးချောင်းဒေသတွင် တာဝန်ကျနေသည့် ကျောင်းဆရာတစ်ဦးက “ဒီဒေသမှာက တောတောင်ပေါ ပြီး ရေကြီးရေလျှံမှုလည်း ဖြစ်ခဲ့တာဆိုတော့ ခြင်က အရမ်းပေါတာ။ ကလေးတွေက ကျောင်းကိုလာတာ လက်တို အင်္ကျီတွေနဲ့ဆိုတော့ ခြင်ကိုက်ခံကြရတယ်။ အရင်ကလို ခြင်နိုင်ဆေးတွေက မဖြန်းရဘူး။ ဒါကြောင့် ကျောင်းတက်နေတဲ့ ကလေးတွေ နေမကောင်းဖြစ်ကြတာ” ဟု ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လဆန်းပိုင်းက ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့စဉ် ပန်းမြောင်းကြီးချောင်းဒေသသည်လည်း ရေဘေး  ဒဏ်ကို ဆိုးဆိုးရွားရွား ရင်ဆိုင်ခဲ့ရသည်။

ရေကြီးမှုနောက်ပိုင်း ခြင်ဖောက်ဖွားမှုနှုန်း များပြားလာသဖြင့် ဒေသခံများတွင် နေမကောင်းဖြစ်ပွားမှုများ ပိုမို များပြားလာခြင်းဖြစ်ပြီး ငှက်ဖျားနှင့် ရာသီတုပ်ကွေး အန္တရာယ်များအတွက်ပါ စိုးရိမ်နေကြရကြောင်း ဒေသခံ များက ပြောဆိုကြသည်။

အိမ်ခြေ ၂၈၀ ဝန်းကျင်ရှိသည့် ပန်းမြောင်းကြီးချောင်းဒေသ အိုးပျဉ်တောင်ကျေးရွာတွင် လူဦးရေ ၈၀ နီးပါး ဖျားနာနေကြောင်း အဆိုပါကျေးရွာမှ ဦးဖေသန်းက ပြောသည်။

“ကလေးတွေ အများဆုံးဖြစ်တယ်။ ကျနော်တို့ လင်မယား နှစ်ယောက်မှာ ကျနော် အရင်ဆုံး ဖျားတယ်။ ဆေး သောက်ပြီး ငါးရက်လောက်နေရင် ပြန်ကောင်းလာတယ်။ အခုလည်း မိန်းမက ဖျားနေတယ်” ဟု ဦးဖေသန်းက ပြောသည်။

ပန်းမြောင်းကြီးချောင်းဒေသသည် ဝေးလံပြီး တောတောင်ထူထပ်သော ဒေသတစ်ခုဖြစ်ပြီး ခြင်ဖောက်ဖွားနှုန်း များသည့်အတွက် ဒေသခံများသည် မိုးတွင်းကာလ၌ ငှက်ဖျားနှင့် တုပ်ကွေးဖြစ်ပွားမှုကို နှစ်စဉ် ကြုံတွေ့နေကြ ရသည်။

အဆိုပါဒေသတွင် ဆေးရုံ၊ ဆေးခန်း နည်းပါးပြီး မြို့ပေါ်နှင့် အလှမ်းဝေးသဖြင့် ဒေသခံများအတွက် ကျန်းမာရေး စောင့်ရှောက်မှု ပြဿနာမှာ အကြီးမားဆုံး စိန်ခေါ်မှုတစ်ခု ဖြစ်နေသည်။

ပန်းမြောင်းကြီးချောင်းဒေသတွင် ဆေးကုသပေးနေသူတစ်ဦးက “ပန်းမြောင်းကြီးချောင်းတလျှောက်က တော တောင်ကိုမှီခိုပြီး လုပ်နေကြရတဲ့ လက်လုပ် လက်စားများတယ်။ ခြင်ထောင်မရှိဘဲ တောတောင်တွေမှာ အိပ်ကြ တယ်။ မြို့နဲ့ အလှမ်းဝေးတော့ ဆေးဝါးတွေလည်း မပြည့်စုံဘူး။ ရှိသလောက်ဆေးဝါးတွေနဲ့ အတတ်နိုင်ဆုံး လုပ်ပေးတယ်၊၊ ရောဂါအရမ်းပြင်းရင် မြို့ပေါ်ဆေးရုံကို လွတ်တယ်” ဟု ရှင်းပြသည်။

လက်ရှိ ပန်းမြောင်းကြီးချောင်းဒေသအတွင်း ဖြစ်ပွားနေသော ကျန်းမာရေး အခြေအနေများနှင့် ပတ်သက်၍ ကူးစက်မှုနှုန်း ထပ်မံမြင့်တက်လာမည်ကို စိုးရိမ်သဖြင့် လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများ အမြန်ဆုံး ရရှိရန် ဒေသခံများက မျှော်လင့်နေကြသည်။

ရခိုင်ပြည်အတွင်း ယခုနှစ် မိုးရာသီကာလ၌ ငှက်ဖျား၊ သွေးလွန်တုပ်ကွေးနှင့် ဝမ်းရောဂါ ဖြစ်ပွားမှုနှုန်းများ မြင့်တက်လျက်ရှိသည်။

ဓာတ်ပုံ - DMG / (ပုံစာ - နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ မစ္စတာ ဆာဆာကာဝါအား ၂၀၂၁ ခုနှစ်က စစ်တွေမြို့တွင် တွေ့ရစဉ်။)
September 12, 2026
နှစ်ဖက် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေသည့် စစ်အုပ်စုနှင့် အာရက္ခတပ်တော် (AA) တို့ကြား...
ဓာတ်ပုံ - Myanmar Defence Weapons (File Photo)
September 11, 2026
ရခိုင်ပြည်အတွင်းသို့ ပြန်လည်ဝင်ရောက်နိုင်ရေးအတွက် ရခိုင်-ဧရာဝတီအစပ်ရှိ နေရာသုံးခုမှ...
စစ်အုပ်စုတပ်က လက်နက်ကြီး ပစ်ခတ်လေ့ကျင့်နေစဉ်။ / (Photo: Myanmar Defence Weapons)
September 11, 2026
ရခိုင်ပြည်၊ စစ်တွေ - ဝီရဌာနီ (ပေါက်တော) မြို့နယ်အစပ်တွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA)...
September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့၊ ဘောလုံးကွင်းရပ်ကွက်ရှိ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သည့် အ.ထ.က (၄)...