စစ်တွေတွင် ဝမ်းပျက်ဝမ်းလျှော ဖြစ်ပွားနေပြီး ကလေးငယ်များ သေဆုံး

စစ်တွေတွင် ဝမ်းပျက်ဝမ်းလျှော ဖြစ်ပွားနေပြီး ကလေးငယ်များ သေဆုံး
စစ်တွေမြို့နယ်မှ မွတ်ဆလင်ဒုက္ခသည်စခန်းတစ်ခုကို ၂၀၂၃ ခုနှစ်အတွင်း တွေ့ရစဉ် / DMG
စစ်တွေမြို့နယ်မှ မွတ်ဆလင်ဒုက္ခသည်စခန်းတစ်ခုကို ၂၀၂၃ ခုနှစ်အတွင်း တွေ့ရစဉ် / DMG

ရခိုင်ပြည်၊ စစ်တွေမြို့နှင့် ကျေးရွာအချို့တွင် ဝမ်းပျက်ဝမ်းလျှော ရောဂါ ဖြစ်ပွားမှုနှုန်း မြင့်တက်နေပြီး သေဆုံး သူများလည်း ရှိနေကြောင်း ဒေသခံများက ပြောသည်။

စစ်တွေမြို့ပေါ် ရပ်ကွက်အချို့၊ စစ်ဘေးရှောင်များ နေထိုင်ရာနေရာများ၊ မွတ်ဆလင်ကျေးရွာများနှင့် ဒုက္ခသည် စခန်းများတွင် ပြီးခဲ့သည့် တစ်ပတ်ခန့်မှ စတင်၍ ဝမ်းပျက်ဝမ်းလျှော ရောဂါ ဖြစ်ပွားနေခြင်း ဖြစ်သည်။

“ရောဂါတွေဖြစ်နေတာ တော်တော်ရှိတယ်။ ခံနိုင်ရည် မရှိတဲ့ ကလေးငယ်တွေဆို သေတာတွေလည်း ရှိတယ်။ ကျနော်တို့ တစ်နေရာက တစ်နေရာ သွားလာရလည်း မလွယ်ဘူး။ အခုက ဆေးဝါးနဲ့ အကူအညီတွေ လိုအပ်ပါ တယ်” ဟု စစ်တွေမြို့မှ မွတ်ဆလင်အမျိုးသားတစ်ဦးက ပြောသည်။

စစ်အုပ်စုတပ်၏ သွားလာခွင့် ကန့်သတ်ချက်များကြောင့် ကျန်းမာရေးစောင့်ရှောက်မှု ခံယူရာတွင် အခက်အခဲ များ ရှိနေပြီး ရောဂါဖြစ်ပွားမှုမှာလည်း မြင့်တက်နေသဖြင့် ဒုက္ခသည်စခန်းအတွင်း နေထိုင်သူများအတွက် စိုးရိမ် နေကြရသည်။

စစ်တွေမြို့ပေါ်တွင်လည်း ဝမ်းပျက်ဝမ်းလျှော ရောဂါ အဖြစ်များနေပြီး ဘုန်းတော်ကြီးကျောင်းများတွင် ခိုလှုံနေ ကြသည့် စစ်ဘေးရှောင်များမှာ ငွေကြေးအခက်အခဲကြောင့် ဆေးရုံ၊ ဆေးခန်းများသို့ မသွားရောက်နိုင်ကြပေ။

လက်ရှိတွင် မြို့တွင်းနှင့် မွတ်ဆလင်ဒုက္ခသည်စခန်းများ၌ ဆေးကုသမှု အပြည့်အဝ မရရှိသဖြင့် ဝမ်းရောဂါ ကြောင့် ကလေးငယ် ၄ ဦးထက်မနည်း သေဆုံးခဲ့ကြောင်းလည်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

စစ်တွေအခြေအနေကို သိရှိသူ အမျိုးသမီးတစ်ဦးက “စစ်တွေမှာက မြို့ရဲ့ တချို့နေရာတွေမှာ ဖြစ်နေတာကို တချို့နေရာကလူတွေက မသိကြနဲ့။ ဒီအထဲ ကျန်းမာရေး စောင့်ရှောက်မှုကလည်း မရနဲ့ စိုးရိမ်ဖို့ ကောင်းတာ ပေါ့။ ဘုန်းကြီးကျောင်းတွေမှာ နေတဲ့ စစ်ရှောင်တွေဆို ဖြစ်နေရင်တောင် ဆေးကုသခံဖို့ သွားနိုင်မှာ မဟုတ်ဘူး။ စားဖို့သောက်ဖို့တောင် အနိုင်နိုင် ငွေကြေးအခက်အခဲတွေ အများကြီးရှိနေတာ” ဟု ပြောသည်။

စစ်တွေမြို့ကို စစ်အုပ်စုတပ်က လုံခြုံရေး တင်းကျပ်ကာ သွားလာခွင့်များကို ပိတ်ပင်ထားသဖြင့် ဒေသခံများမှာ စားဝတ်နေရေးနှင့် ကျန်းမာရေး အခက်အခဲများ ရင်ဆိုင်နေရပြီး မွတ်ဆလင်ကျေးရွာများနှင့် ဒုက္ခသည်များမှာ ပို၍ အခက်အခဲတွေ့နေကြရသည်။

ဝမ်းပျက်ဝမ်းလျှော ရောဂါသည် အစားအစာနှင့် သောက်သုံးရေမှတစ်ဆင့် ကူးစက်နိုင်ပြီး ခုခံအားနည်းသူများ အတွက် အသက်အန္တရာယ် အလွန်စိုးရိမ်ရကြောင်း ကျန်းမာရေးအသိုင်းအဝိုင်းက သတိပေးထားသည်။

Most read this week

ဓာတ်ပုံ - DMG / (ပုံစာ - နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ မစ္စတာ ဆာဆာကာဝါအား ၂၀၂၁ ခုနှစ်က စစ်တွေမြို့တွင် တွေ့ရစဉ်။)
September 12, 2026
နှစ်ဖက် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေသည့် စစ်အုပ်စုနှင့် အာရက္ခတပ်တော် (AA) တို့ကြား...
ဓာတ်ပုံ - Myanmar Defence Weapons (File Photo)
September 11, 2026
ရခိုင်ပြည်အတွင်းသို့ ပြန်လည်ဝင်ရောက်နိုင်ရေးအတွက် ရခိုင်-ဧရာဝတီအစပ်ရှိ နေရာသုံးခုမှ...
စစ်အုပ်စုတပ်က လက်နက်ကြီး ပစ်ခတ်လေ့ကျင့်နေစဉ်။ / (Photo: Myanmar Defence Weapons)
September 11, 2026
ရခိုင်ပြည်၊ စစ်တွေ - ဝီရဌာနီ (ပေါက်တော) မြို့နယ်အစပ်တွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA)...
September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့၊ ဘောလုံးကွင်းရပ်ကွက်ရှိ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သည့် အ.ထ.က (၄)...