AA အမာခံဟုစွပ်စွဲချက်ဖြင့် ဖမ်းဆီးတရားစွဲဆိုခံထားရသည့် မအီမြို့မှ အမွှာညီအစ်ကိုနှစ်ဦးအမှု တရားလိုသက်သေများမရောက်၍ ကြန့်ကြာနေ

AA အမာခံဟုစွပ်စွဲချက်ဖြင့် ဖမ်းဆီးတရားစွဲဆိုခံထားရသည့် မအီမြို့မှ အမွှာညီအစ်ကိုနှစ်ဦးအမှု တရားလိုသက်သေများမရောက်၍ ကြန့်ကြာနေ

ရက္ခိုင့်တပ်တော် (AA) ၏ အမာခံဟုဆိုကာ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေဖြင့် ဖမ်းဆီးတရားစွဲဆိုခံထားရသည့် တောင်ကုတ်မြို့နယ်၊ မအီမြို့မှ အမွှာညီအစ်ကိုနှစ်ဦး၏အမှုမှာ တရားလိုသက်သေများ ရုံးချိန်းလာရောက်ခြင်းမရှိသဖြင့် အမှုစစ်ဆေးမှုကြန့်ကြာနေရကြောင်း သိရသည်။

သံသယဖြင့်ဖမ်းဆီးတရားစွဲဆိုခံထားရသူနှစ်ဦးမှာ မအီမြို့၊ အမှတ် (၁) ရပ်ကွက်မှ အသက် (၁၈) နှစ်အရွယ် အမွှာညီအစ်ကို မောင်သန်းဇော်ဇော်နှင့် မောင်သန်းဇော်ဌေးတို့ဖြစ်ကြသည်။

၄င်းတို့နှစ်ဦးကို AA အမာခံဟုစွပ်စွဲကာ မြန်မာစစ်တပ်က ဖမ်းဆီးခဲ့သော်လည်း မိသားစုဝင်များက မဟုတ်ကြောင်း ငြင်းဆိုသည်။

“တစ်ယောက်က ဆံပင်ညှပ်ဆိုင်ဖွင့်တယ်။ တစ်ယောက်က ပန်းရံလုပ်တယ်။ ကျွန်မတို့မှာအဖေမရှိတော့လို့ သူတို့ပဲ အိမ်ကိုရှာကျွေးနေတာ။ ဒါကိုအေအေနဲ့ဆက်စပ်တယ်ဆိုပြီး ဖမ်းသွားတယ်။ ကျွန်မမောင်လေးတွေက ဘာနဲ့မှလည်းမဆက်စပ်ပါဘူး။ သူတို့ကိုအမြန်ဆုံးပြန်လွှတ်စေချင်နေပါပြီ” ဟု ဖမ်းဆီးခံထားရသူနှစ်ဦး၏ အစ်မဖြစ်သူ မခင်ဆွေမိုးက DMG သို့ပြောသည်။

ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၁၂ ရက်နေ့ ညဥ့် ၁၂ နာရီခန့်တွင် ရဲနှင့်စစ်သားများက နေအိမ်သို့ရောက်ရှိလာပြီး အိမ်ရှိပစ္စည်းများအားရှာဖွေခဲ့ပြီးနောက် အမွှာညီအစ်ကိုနှစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ကြောင်း မိသားစုထံမှ သိရသည်။

၄င်းတို့နှစ်ဦး၏နေအိမ်မှ မိုင်းထောင်ဖောက်ခွဲရာတွင်အသုံးပြုသည့် ဒီတိုနေတာ ၂ ချောင်းနှင့် Vivo တံဆိပ်ပါ ဓာတ်ခဲခြောက် ၂ လုံးတို့ကို တွေ့ရှိသိမ်းဆည်းရမိခဲ့သည်ဟု ဇူလိုင်လ ၁၉ ရက်နေ့၌ မြန်မာစစ်တပ်ကထုတ်ပြန်ခဲ့သည်။

ယင်းထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး မခင်ဆွေမိုးက “အဲဒီတုန်းက သူတို့က အုပ်စုလိုက်အိမ်ပေါ်တက်ပြီး ဝင်မွှေတာ။ ဝင်မွှေတဲ့အချိန်မှာ သူတို့မှာ အဲဒီပစ္စည်းတွေပါလာပြီးသား။ အဲဒါကို ကျွန်မတို့အိမ်ကရတယ်ဆိုပြီးပြောတာ။ သူတို့ပြောတဲ့ ဖောက်ခွဲတဲ့အချောင်းဆိုတာကိုလည်း ကျွန်မတို့ တစ်ခါမှမမြင်ဖူးဘူး။ ကြားလည်း မကြားဖူးခဲ့ဘူး”ဟု ပြောသည်။

မောင်သန်းဇော်ဇော်နှင့် မောင်သန်းဇော်ဌေးတို့နှစ်ဦးကိုဖမ်းဆီးပြီး ဗိုလ်ကြီးအောင်ဝေယံဦးက တရားလိုလုပ်ကာ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ- ၅၀(စျ) ဖြင့် တရားစွဲဆိုခဲ့သည်။

ထိုလူငယ်နှစ်ဦးမှာ သံတွဲခရိုင်တရားရုံး၌ တရားရင်ဆိုင်နေရသည်မှာ တစ်နှစ်ကျော်မြင့်လာပြီဖြစ်သည်။

“အမှုကတော့ လိုပြသက်သေတွေကို ရုံးချိန်းခေါ်တာ မရောက်ဘူး။ ဒါကြောင့် အမှုအခြေအနေကစွဲချက်မတင်ရသေးပါဘူး။ ဒီအတိုင်းသာ လိုပြသက်သေတွေကို ရုံးချိန်းခေါ်တာ ထပ်မရောက်ရင် တရားသူကြီးကတော့ ဥပဒေအရာရှိတွေနဲ့ဆွေးနွေးပြီး ဘာတစ်ခုစီစဉ်ပေးမလဲတော့ မပြောတတ်သေးပါဘူး” ဟု အမှုကိုလိုက်ပါဆောင်ရွက်နေသည့် တရားလွှတ်တော်ရှေ့နေ ဒေါ်မြင့်မြင့်သန်းက ပြောသည်။

လက်ရှိတွင် မောင်သန်းဇော်ဇော်နှင့် မောင်သန်းဇော်ဌေးတို့မှာ သံတွဲအကျဉ်းထောင်၌ ထိန်းသိမ်းခံထားရပြီး ၎င်းတို့နှစ်ဦး၏အမှုကို အောက်တိုဘာ ၁၃ ရက်နေ့တွင် ရုံးချိန်းထပ်မံခေါ်ယူထားကြောင်း သိရသည်။

 
 

 

 

April 11, 2026
တိုက်ပွဲများ ရှိနေသည့် စစ်တွေမြို့တွင် စစ်ကောင်စီသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အဖြစ် ဝန်ကြီး ၈...
April 10, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် သင်္ကြန်ကာလ နီးကပ်လာမှုနှင့်အတူ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးကာကင်းစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 9, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းတွင် တိုက်ပွဲဖြစ်ပွားမှု ဆက်တိုက်ရှိနေပြီး...
တားမြစ်ထားသည့် ယစ်မျိုးကုန်များ ရောင်းချမှုရှိ/မရှိ ULA/AA က စစ်ဆေးမှုများ လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ်အတွင်းက ရခိုင်ဒေသတစ်နေရာတွင် တွေ့ရစဉ်။ ဓာတ်ပုံ - APM
April 8, 2026
သင်္ကြန်ကာလအတွင်း အာရက္ခတပ်တော်(AA) ထိန်းချူပ်ဒေသများသို့ တရားဝင် တင်သွင်းခွင့်ပြုထားသည့်...