စစ်ကောင်စီက စစ်ကိုင်းနှင့် ချင်းပြည်နယ်အတွင်း စစ်ဆင်ရေးများအတွက် ကစထမှူး ၂ ဦးစေလွှတ်၊ စစ်တိုင်းမှူး အကျယ်ချုပ်ကျ

စစ်ကောင်စီက စစ်ကိုင်းနှင့် ချင်းပြည်နယ်အတွင်း စစ်ဆင်ရေးများအတွက် ကစထမှူး ၂ ဦးစေလွှတ်၊ စစ်တိုင်းမှူး အကျယ်ချုပ်ကျ
ဆန္ဒပြသူများကိုဖြိုခွင်းရာတွင် နာမည်ဆိုးဖြင့်ကျော်ကြားသူ ဒု-ဗိုလ်ချုပ်ကြီးသန်းလှိုင်
ဆန္ဒပြသူများကိုဖြိုခွင်းရာတွင် နာမည်ဆိုးဖြင့်ကျော်ကြားသူ ဒု-ဗိုလ်ချုပ်ကြီးသန်းလှိုင်

စစ်ကောင်စီက စစ်ကိုင်းတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်အတွင်း တော်လှန်ရေးတပ်ဖွဲ့များကို ဖြိုခွင်းရန် စစ်ဆင်ရေးအထူးအဖွဲ့မှူးနှစ်ဦး စေလွှတ်လိုက်လိုက်ပြီး တိုက်ပွဲအရှုံးများကြောင့် အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူးကို နေအိမ်အကျယ်ချုပ်ထားရှိသည်ဟု စစ်ဘက်လေ့လာသူများက မဇ္ဈိမကို ပြောသည်။

အမှတ် (၁) စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒု-ဗိုလ်ချုပ်ကြီး တေဇာကျော်ကို မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) သို့ စက်တင်ဘာလအလယ်က စေလွှတ်ခဲ့ပြီးနောက် အမှတ် (၆) စစ်ဆင်ရေးမအထူးအဖွဲ့မှူး ဒု-ဗိုလ်ချုပ်ကြီးသန်းလှိုင်ကို မကြာသေးခင်ရက်ပိုင်းအတွင်းက ထပ်မံစေလွှတ်ခဲ့သည်။

"တပ်မှာတခါမှမကြုံဖူးတဲ့၊ စစ်ဆင်ရေးဒေသတခုကို ကစထမှူးနှစ်ယောက်ကိုစေလွတ်ပြီး အနီးကပ်တိုက်ရိုက်ကွပ်ကဲဖို့စေလွှတ်" ဟု စစ်ဘက်စောင့်ကြည့်လေ့လာသူတစ်ဦးက မဇ္ဈိမသို့ပြောသည်။

နမခနယ်မြေအတွင်း စစ်ဆင်ရေးများမအောင်မြင်မှု၊ ကျဆုံးစစ်သည် အရေအတွက်များပြားမှု၊ စီမံခန့်ခွဲအုပ်ချုပ်မှု ညံဖျင်းမှုဆိုသည့် ပြစ်ချက်များနှင့် စစ်တိုင်းမှူးတာဝန်ယူခဲ့ရသူ ဗိုလ်မှူးချုပ်ဖြိုးသန့်ကိုတော့ တာဝန်မှရပ်စဲပြီး နေအိမ်အကျယ်ချုပ်ထားရှိသည်ဟု စစ်ဘက်သတင်းရပ်ကွက်များအရ သိရသည်။

ဖေဖော်ဝါရီလ ၁ ရက် အာဏာသိမ်းသည့်နေ့က တေဇ အပတ်စဉ် (၂၃) ဆင်း ဗိုလ်မှူးချုပ်ဖြိုးသန့်မှာ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (၄) တပ်မမှူးအဖြစ် ရန်ကုန်တိုင်း၏ လုံခြုံရေးဆောင်ရွက်ရခြင်းနှင့် အရေးကြီးပုဂ္ဂိုလ်များ ဖမ်းဆီးထိန်းသိမ်းခြင်းများကို တာဝန်ယူခဲ့ရသူထဲတွင် တစ်ဦးအပါအဝင်ဖြစ်သည်။ နောက်ပိုင်းတွင် နမခတိုင်းမှူး ဖြစ်လာခဲ့သည်။

ယခုအခါ ဒုတိယဗိုလ်ချုပ်ကြီးသန်းလှိုင်ကိုပါ မုံရွာသို့စေလွှတ်လိုက်ခြင်းနှင့် ပတ်သက်၍ "ယခင် နမခတိုင်းမှူးတာဝန်ယူခဲ့ဖူးသူလည်းဖြစ်တယ်။ ရဲချုပ်လည်းဖြစ်နေတော့ ခေတ္တတိုင်းမှူးတာဝန်ယူခိုင်းပြီး လုံခြုံရေးရဲတပ်ရင်းများ၊ နယ်မြေခံ ပြည်ထဲရေးဝန်ကြီးဌာနအောက်မှာရှိတဲ့ ရဲတပ်ဖွဲ့ဝင်အားလုံးကို တိုက်ရိုက်ကွပ်ကဲပြီး အကြမ်းဖက်ဖမ်းဆီး နှိမ်နင်းချင်တဲ့အတွက်လဲဖြစ်တယ်။" ဟု စစ်ရေးလေ့လာသူတစ်ဦးက မှတ်ချက်ပြုသည်။

"ကစထ (၁) မှူး တေဇာကျော်ကလည်း စစ်ဆင်ရေးဝင်နေတဲ့နယ်မြေခံတပ်တွေ၊ တပ်မတွေနဲ့မစိမ်းတဲ့သူဖြစ်တော့ ဘယ်လိုတပ်တွေ ကွပ်ကဲရမယ်ဆိုတာ သိပြီးသားလူကို စေလွှတ်ခြင်းလည်းဖြစ်တယ်။" ဟု သူကထပ်ပြောသည်။

နမခနယ်အတွင်း အမြောက်တပ်ဖွဲ့ညွှန်ကြားရေးမှူး ဗိုလ်ချုပ်ဇော်ဝင်း၊ သံချပ်ကာယန္တရားတပ်ဖွဲ့ညွှန်ကြားရေးမှူး ဗိုလ်ချုပ်ဇော်လွင်ဦးတို့နှစ်ဦးကို လည်း လက်နက်ကြီးပစ်ကူ အနီးကပ်ညွှန်ကြားဖို့ စေလွှတ်ထားသည်ဟု သတင်းရင်းမြစ်များက ပြောသည်။

ပြည်ထဲရေးဝန်ကြီးဌာန ဒု-ဝန်ကြီးလည်းဖြစ်သူ ဒု-ဗိုလ်ချုပ်ကြီးသန်းလှိုင် (DSA အပတ်စဉ် ၂၉) သည် သဘောထားတင်းမာပြတ်သားသူဖြစ်ကာ ဖေဖော်ဝါရီလ ၁၆ ရက်နေ့က ဒု-ဗိုလ်ချုပ်ကြီးရာထူး တိုးမြှင့်ခံရာကာ နေပြည်တော်၏ ကစထ (၆) မှူး ဖြစ်လာခဲ့သည်။

ဒု-ဗိုလ်ချုပ်ကြီးသန်းလှိုင်၏ ညီဖြစ်သူ စစ်အာဏာရှင်ဆန့်ကျင်ရေးသမား ကိုစိုးမိုးလှိုင် (ခ) ကိုမဲကြီးသည် မေလအတွင်းက စစ်ကြောရေးတွင် ဖမ်းဆီးခံရပြီး နှစ်ရက်အကြာ သေဆုံးခဲ့ရသည်။

"သူရဲ့တာဝန် ဘယ်လိုကျေပွန်အောင်လုပ်ဆောင်ပါတယ်ဆိုတဲ့ အမိန့်နာခံမှုအကြောင်း မအလ (ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်) ကို သက်သေပြခဲ့သူလည်းဖြစ်တဲ့၊ လူသားမဆန်တဲ့လူတစ်ယောက်ပါ။" ဟု စစ်ဘက်လေ့လာသူတစ်ဦးက မှတ်ချက်ချသူဖြစ်သည်။

နမခနယ်မြေအတွင်း တော်လှန်ရေးပြောက်ကျားတပ်ဖွဲ့များကို စစ်ကောင်စီတပ်က သာလွန်အင်အားဖြင့် လက်နက်ကြီးပစ်ကူ၊ လေကြောင်းပစ်ကူ၊ ရေကြောင်းပစ်ကူများ ပြုလုပ်လာနိုင်သည်ဟု စစ်ဘက်လေ့လာသူများက စိုးရိမ်နေကြသည်။

စစ်ကိုင်းတိုင်းဒေသကြီးတစ်ခုတည်းတင်ွပင် ဇွန်လနှင့် သြရုတ်လအတွင်း စစ်ကောင်စီတပ်ဘက်မှ ၈၄၀ ကျော်သေဆုံးခဲ့ပြီး ချင်းပြည်နယ်တွင် ၁၃၆ ဦး သေဆုံးခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ခဲ့သည်။

 
 

 

 

Most read this week

December 17, 2025
တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်အခြေစိုက် ခလရ (၂၆၇) တပ်ရင်းမှ ထွက်ပြေးလာသည့် စစ်မှုထမ်း တပ်သားသစ်...
December 16, 2025
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်တွင် ဒီဇင်ဘာ ၁၀ ရက်နေ့၌ မြောက်ဦးဆေးရုံကို စစ်ကော်မရှင်မှ ပေါင်...
December 15, 2025
စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်အရှေ့ခြမ်း ဆွတ်နန်းကျေးရွာအနီးရှိ ရန်ကင်းတောင်စခန်း...
December 10, 2025
ချင်းပြည်နယ်၊ ဖလမ်းမြို့ကိုဦးတည် စစ်ကြောင်းထိုးနေသည့် စစ်ကော်မရှင်တပ်စစ်ကြောင်း က ဒေသခံ ၁၂...