အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်တွင် ရက်ပိုင်းခြား၍ မြန်မာနိုင်ငံမှ သယ်ဆောင်လာသည်ဟု ယူဆရသော သေနတ် ၁၀ လက်နှင့် ကျည်ဆံ ၂,၀၅၉ တောင့်ကို ဩဂုတ်လ ၃ ရက်နှင့် ၂၃ ရက်အတွင်း ဖမ်းဆီးရမိခဲ့ကြောင်း All India Radio Aizawl အပါအဝင် ဒေသတွင်း သတင်းမီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။
မီဇိုရမ်ပြည်နယ်၊ နှာထရယ်ခရိုင်နှင့် နယ်မြေချင်းထိစပ်နေသည့် မြန်မာနိုင်ငံ၊ ချင်းပြည်နယ်ဘက်မှ သယ်ဆောင် လာသည့် လက်နက်များကို လုံခြုံရေးတပ်ဖွဲ့များက ရက်ပေါင်း ၂၀ အတွင်း ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ဖမ်းဆီးမှု နှစ်ကြိမ်အတွင်း မြန်မာနိုင်ငံသားများ အပါအဝင် ဆက်စပ်သူများကိုလည်း ဖမ်းဆီးခဲ့သည်။
စစ်ဘေးရှောင်ကူညီရေး ဦးဆောင်သူတစ်ဦးက “မီဇိုရမ်က ကျနော်တို့အပေါ်စာနာ နားလည်မှုအပြည့်နဲ့ လက်ခံထားတယ်။ ဒါပေမဲ့ လက်နက်နဲ့ မူးယစ်မှောင်ခိုကိုတော့ သူတို့က လုံးဝသည်းခံမှာ မဟုတ်ဘူးလို့ ပြောထား တယ်။ ဒါမျိုးတွေ ဖမ်းဆီးတာကိုတော့ ကျနော်တို့က ထောက်ခံတယ်။ အားလုံးကလည်း ဝိုင်းဝန်းသင့်တယ်လို့ ထင်တယ်” ဟု ပြောသည်။
မြန်မာနိုင်ငံသားများအနေဖြင့်လည်း ယင်းအမှုများနှင့် တတ်နိုင်သ၍ မပတ်သက်ဘဲ သမ္မာအာဇီဝကျသော အလုပ်များဖြင့် အသက်မွေးဝမ်းကျောင်းပြုသင့်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။
ဩဂုတ်လ ၂၃ ရက် နံနက် ၃ နာရီခွဲခန့်တွင် နှာထရယ်ခရိုင်၊ ထင်ဆိုင်းရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ အမှတ် (၁၄) အာသံရိုင်ဖယ်စစ်တပ်နှင့် မီဇိုလူငယ်အသင်းအဖွဲ့ဝင်များသည် နယူးငါချစ်ရွာအနီး မြန်မာနိုင်ငံမှ တရားမဝင် သယ်ဆောင်လာသည့် AK-47 သုံးလက်၊ ကျည်ဘောက် လေးခုနှင့် ကျည် ကိုးတောင့်တို့ကို ဖမ်းဆီးရမိခဲ့သည်။
အဆိုပါ လက်နက်များ သယ်ဆောင်လာသည့် မီဇိုရမ်ပြည်နယ်၊ လုံလေခရိုင်၊ ဇောလ်ပွီးရွာမှ အသက် ၄၃ နှစ် အရွယ် အမျိုးသားတစ်ဦးကို ဖမ်းဆီးခဲ့ပြီး လက်နက်များ သယ်ဆောင်ရာတွင် အသုံးပြုသည့် တရုတ်နိုင်ငံထုတ် ၁၂၅ ကင်မ်ဘို အမျိုးအစား ဆိုင်ကယ်နှစ်စီးနှင့် မိုဘိုင်းဖုန်းနှစ်လုံးကိုလည်း သိမ်းဆည်းရမိခဲ့သည်။ ဆိုင်ကယ် တစ်စီးပေါ်တွင် လိုက်ပါလာသူ နှစ်ဦးမှာ ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။
အဆိုပါ သေနတ်နှင့် ဆက်စပ်ပစ္စည်းများကို အိုက်ဇောလ်မြို့သို့ ပို့ဆောင်၍ လူတစ်ဦးထံ ပေးပို့ရန် ရည်ရွယ် ထားခြင်းဖြစ်ပြီး ဖမ်းဆီးရမိသူကို နှာထရယ်ခရိုင်သို့ ပို့ဆောင်ကာ ရဲတပ်ဖွဲ့က ဆက်လက် စုံစမ်းစစ်ဆေးလျက် ရှိသည်။
အလားတူ ဩဂုတ်လ ၃ ရက် နံနက် ၈ နာရီဝန်းကျင်ကလည်း နှာထရယ်ခရိုင်၊ ထင်ဆိုင်းကျေးရွာအနီး၌ မီဇိုရမ် ရဲတပ်ဖွဲ့က မော်တော်ယာဉ်တစ်စီးပေါ်မှ သေနတ် ခုနှစ်လက်နှင့် ကျည်ဆံ ၂,၀၅၀ တောင့်ကို ဖမ်းဆီးရမိခဲ့သည်။
ထို့ပြင် မီဇိုရမ်ပြည်နယ်၊ လုံးလေမြို့မှ အသက် ၄၂ နှစ်အရွယ် အမျိုးသမီးတစ်ဦး၊ အသက် ၃၀ အရွယ် အမျိုးသားတစ်ဦးနှင့် မြန်မာနိုင်ငံ၊ ချင်းပြည်၊ လေဆင်းကျေးရွာမှ အသက် ၂၇ နှစ်အရွယ် ယာဉ်မောင်းတစ်ဦးတို့ ကို ဖမ်းဆီးခဲ့ပြီး လက်နက်မှု၊ နိုင်ငံခြားသားမှုတို့ဖြင့် တရားစွဲဆိုထားသည်။
ဖမ်းဆီးရမိသည့် သေနတ်များအနက် စစ်အုပ်စုတပ်သုံး MA-1 နှစ်လက်နှင့် MA-3 တစ်လက် ပါဝင်ပြီး ကျန် လေးလက်မှာ AK-47 အနွယ်ဝင်များဖြစ်ကြောင်း လက်နက်ကျွမ်းကျင်သူတစ်ဦးက ပြောဆိုသည်။
မီဇိုရမ်ပြည်နယ် အတွင်း မြန်မာနိုင်ငံမှ သယ်ဆောင်လာသည့် လက်နက်များအပြင် မူးယစ်ဆေးဝါး ဖမ်းဆီးမှု များလည်း အဆက်မပြတ် ဖြစ်ပေါ်နေသည်။
ကျန်ဖိုင်းမြို့၊ နယူးကျန်ဖိုင်းရပ်ကွက်တွင် နေထိုင်သော မြန်မာနိုင်ငံသား အမျိုးသမီးတစ်ဦးနှင့် အမျိုးသား ခြောက်ဦးတို့သည် ဘိန်းဖြူ ရောင်းဝယ်မှုတွင် ပါဝင်ပတ်သက်သည်ဟုဆိုကာ ဩဂုတ်လ ၂၉ ရက်နေ့ နောက်ဆုံး ထား၍ ရပ်ကွက်အတွင်းမှ ထွက်ခွာပေးရန် မီဇိုလူငယ်အသင်းက အသိပေးထားကြောင်း Maipawl သတင်းတွင် ဖော်ပြထားသည်။







