မန္တလေးတိုင်း၊ မြင်းခြံခရိုင်အတွင်းရှိ မြင်းခြံ၊ နွားထိုးကြီးနှင့် တောင်သာမြို့နယ်များတွင် စက်သုံးဆီဝယ်ယူရာ၌ စစ်အုပ်စုတပ်၏ ကန့်သတ်ချက်များ ဩဂုတ်လအတွင်း ပိုမိုတင်းကျပ်လာသဖြင့် စိုက်ပျိုးရေးလုပ်ငန်းများ အတွက် ဒီဇယ်ဆီရရှိရန် တောင်သူများ အခက်အခဲဖြစ်နေကြောင်း ဒေသခံတောင်သူများက ပြောသည်။
စက်သုံးဆီဝယ်ယူရန်အတွက် တရားဝင်ဆီဆိုင်ကြီးများသို့ ယာဉ်လိုင်စင် သို့မဟုတ် စက်သုံးဆီအသုံးပြုခွင့် ထောက်ခံချက်ပါရှိသည့် စာအုပ်ပြသရပြီး အဆိုပါ စာအုပ်ရရှိရန် မြို့ပေါ်ရှိ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး များတွင် သက်ဆိုင်ရာ ထောက်ခံချက်များ ရယူရကြောင်း ဆိုသည်။
သို့သော် မြို့ပေါ်သို့ သွားရောက်ရန် မလွယ်ကူခြင်း၊ လုံခြုံရေးအခြေအနေများကြောင့် သွားရောက်ရန် စိုးရိမ်ခြင်း နှင့် ထော်လာဂျီကဲ့သို့ တောင်သူများ အသုံးများသည့် ယာဉ်များတွင် လိုင်စင်မရှိခြင်းတို့ကြောင့် စက်သုံးဆီဝယ် ယူခွင့် ရရှိရန် ပိုမိုခက်ခဲနေကြောင်း မြင်းခြံမြို့နယ်မှ တောင်သူတစ်ဦးက ပြောသည်။
အဆိုပါတောင်သူက “စက်သုံးဆီဝယ်ဖို့ အသိအမှတ်ပြုတဲ့ စာအုပ်မပါရင် ဝယ်လို့မလွယ်ဘူး။ အဲဒီစာအုပ်ရဖို့ လည်း မလွယ်ဘူး။ မြို့ပေါ် ထွေအုပ်ရုံးလိုနေရာမှာ ထောက်ခံချက်ယူပြီး လုပ်ရတာဆိုတော့ အဖက်ဖက်က ခက်ခဲတယ်” ဟု ပြောသည်။
ထို့ပြင် လမ်းခရီးရှိ စစ်ဆေးရေးဂိတ်များတွင် ဒီဇယ်နှင့် ဓာတ်ဆီများကို ပုံးများဖြင့် သယ်ဆောင်ခြင်းကိုလည်း တင်းကျပ်စွာ စစ်ဆေးနေပြီး ဆီ ၄၊ ၅ ဂါလံခန့်ကိုပင် ပုံးဖြင့် သယ်ဆောင်ခွင့် မပေးမှုများရှိနေကြောင်း ဒေသခံ များက ဆိုသည်။
စက်သုံးဆီရရှိရေးအတွက် မြို့ပေါ်သို့ သွားရောက်၍ ထောက်ခံချက်ရယူရန် လိုအပ်သော်လည်း စစ်အုပ်စုတပ်နှင့် ပျူစောထီးအဖွဲ့များက စစ်ဆေးရေးဂိတ်များ၌ ဒေသခံများကို ဖမ်းဆီးငွေညှစ်ခြင်းများ လုပ်ဆောင်နေသဖြင့် လုံခြုံရေးအခြေအနေများကြောင့် ဒေသခံတောင်သူအချို့မှာ မြို့ပေါ်သို့ သွားရောက်ရန်ပင် စိုးရိမ်နေကြရသည်။
ထိုအခြေအနေကြောင့် စက်သုံးဆီဝယ်ယူရန် ကုန်ကျစရိတ်၊ သယ်ယူပို့ဆောင်ရေးအခက်အခဲနှင့် အချိန်ကုန်ဆုံး မှုများ ပိုမိုများပြားလာပြီး စိုက်ပျိုးရေးလုပ်ငန်းများအတွက် လိုအပ်သည့် ရေတင်စက်၊ ဒီဇယ်အင်ဂျင်နှင့် အခြား စက်ယန္တရားများ အသုံးပြုရာတွင်ပါ အခက်အခဲများ ဖြစ်နေကြောင်း ဒေသခံတောင်သူများက ပြောသည်။
“ရေတင်တဲ့နေရာမှာ သုံးတယ်။ ကိုယ့်အိမ်၊ ကိုယ့်ခြံမှာ သုံးတယ်။ သီးပင်စားပင် စိုက်ရင်လည်း မြေအောက်ရေ တွင်းကနေ စိုက်ခင်းထဲ ရေလောင်းဖို့ ဒီဇယ်အင်ဂျင်နဲ့ မောင်းတဲ့ ရေတင်စက်တွေကို သုံးရတာ။ အဲဒီအင်ဂျင်တွေ အတွက် ဆီထည့်ဖို့က အခု ဒုက္ခရောက်နေတယ်” ဟု နွားထိုးကြီးမြို့နယ်ရှိ တောင်သူတစ်ဦးက ပြောသည်။
ဆီကြိတ်စက်၊ လယ်ယာမြေသုံးပစ္စည်းများကို ဓာတ်ဆီ၊ ဒီဇယ်တို့ဖြင့် မောင်းနှင်အသုံးပြုရသဖြင့် လယ်ထွန် စက်များ၊ ရေသွင်းစိုက်ပျိုးခြင်းနှင့် လောင်စာဆီသုံး အိမ်တွင်းစက်မှုလုပ်ငန်းများ လုပ်ကိုင်သူများ အခက်အခဲ ဖြစ်နေကြသည်။
ဓာတ်ဆီ၊ ဒီဇယ်ဆီများ ဈေးနှုန်းမြင့်တက်ခြင်းနှင့် ဝယ်ယူရရှိနိုင်ရန် ခက်ခဲလာခြင်းကြောင့် အဆင့်ဆင့် သယ်ယူ တင်ပို့ရသည့် ဒေသထွက်ကုန်များမှာ အရှုံးပေါ်ပြီး စိုက်ခင်းများ ပစ်ထားရသည်အထိ ဖြစ်နေကြောင်း၊ ပြင်ပမှ တင်သွင်းသည့် အစာများ ကျွေးရသည့် တိရစ္ဆာန်မွေးမြူရေးလုပ်ငန်းများမှာလည်း ခက်ခဲမှုများနှင့် ရင်ဆိုင် နေရ သည်။
ကားရှိသူများအနေဖြင့်ပင် အင်ဂျင်ဝိုင်ထည့်သည့် မိုလာပုံး (MOL/Mülleröl Engine Oil ပုံးခွံ) များဖြင့် စက်သုံး ဆီ သယ်ဆောင်ရန် ခက်ခဲနေကြောင်း ကိုယ်ပိုင်ယာဉ်ရှိသူများက ပြောသည်။
မြင်းခြံမြို့ရှိ ဒေသခံတစ်ဦးက “ကားရှိတဲ့သူတွေကိုတောင်မှ ဝယ်တာကန့်သတ်ထားတာ၊ မိုလာပုံးနဲ့အသယ်မခံ ဘူးလေ။ အပေါ်ကကောင်တွေ ဘယ်လောက်စည်းကမ်းထုတ်ထုတ် အောက်ကကောင်တွေက ဥပဒေက ပြဋ္ဌာန်း ထားတာ မဟုတ်ဘူးလေ။ စက်သုံးဆီပါဆို ကိုယ့်ဘာကိုယ် ဝယ်ချင်သလို ဝယ်မှာပေါ့ အဲ့ဒါကို မရဘူးတဲ့၊ ဒီဇယ် ဆီကို ပုံးနဲ့သယ်မရဘူးဆိုတော့ ဘယ်လိုသယ်သွားရမလဲ” ဟု ပြောသည်။
ထို့ပြင် အလှူရှင်များက စစ်ဘေးရှောင်များထံ ထောက်ပံ့လှူဒါန်းသည့် အခမဲ့ရရှိမည့် အစားအသောက်နှင့် အခြား အထောက်အပံ့ ပစ္စည်းများကိုပင် သွားရောက်ယူရန်အတွက် ဆိုင်ကယ်ဆီဖိုး ကျပ် ၉,၀၀၀ ခန့် ကုန်ကျနိုင်ခြင်း၊ ဆီဝယ်ယူရန် ခက်ခဲခြင်းနှင့် အချိန်ကုန်ဆုံးခြင်းတို့ကြောင့် သွားရောက်မယူနိုင်သည့် အခြေအနေများပါ ဖြစ်ပေါ် နေသည်။
မြင်းခြံခရိုင်တွင် ဆီဆိုင်ကြီးများ၌ စက်သုံးဆီ တာလီတာလျှင် ပျမ်းမျှ ကျပ် ၇,၅၀၀ ဖြင့် ဝယ်ယူနေရပြီး ဆီခွဲဝေ ပြန်ရောင်းသူများက တာလီတာလျှင် ကျပ် ၉,၀၀၀ မှ ၁၀,၀၀၀ အထိ ရောင်းချနေသော်လည်း အဆိုပါ ပြင်ပ ပေါက်ဈေးဖြင့် တဆင့်ဝယ်ယူရန်ပင် ကြပ်တည်းနေကြောင်း ဒေသခံများက ပြောသည်။







