ရခိုင်မှ အသက် ၁၂ နှစ်အထက် အလယ်တန်း၊ အထက်တန်းကျောင်းသား/သူများအား ကိုဗစ်ကာကွယ်ဆေးထိုးပေးရန် စီစဉ်နေ

ရခိုင်မှ အသက် ၁၂ နှစ်အထက် အလယ်တန်း၊ အထက်တန်းကျောင်းသား/သူများအား ကိုဗစ်ကာကွယ်ဆေးထိုးပေးရန် စီစဉ်နေ

ရခိုင်ပြည်နယ်အတွင်းမှ အသက် ၁၂ နှစ်အထက် အလယ်တန်း၊ အထက်တန်း ကျောင်းသား၊ ကျောင်းသူများကို တရုတ်နိုင်ငံထုတ် (Sinopharm) ကိုဗစ်ကာကွယ်ဆေးထိုးပေးရန် စီစဉ်နေကြောင်း ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

လက်ရှိမှာ ကျောင်းသား၊ ကျောင်းသူများစာရင်းကို ကောက်ခံနေပြီး ကိုဗစ်ကာကွယ်ဆေးရောက်ရှိလာပါက ထိုးပေးသွားမည်ဖြစ်ကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က DMG သို့ပြောသည်။

“အခုလက်ရှိမှာတော့ ကျောင်းသားတွေရဲ့စာရင်းကို ကောက်ခံနေတယ်။ ထိုးပေးသွားမှာက အသက် ၁၂ နှစ်အထက်ဆိုတော့ အလယ်တန်းနဲ့ အထက်တန်းကလေးတွေပါ။ လောလောစဉ်တော့ ဆေးတွေမှာထားတုန်းပဲရှိတယ်။ မကြာခင်မှာတော့ ဆေးတွေရောက်လာမှာပါ။ ကျွန်တော်ကြားထားတာတော့ ကလေးတွေကို ဆေးနှစ်ကြိမ်ထိုးပြီးရင် ကျောင်းတွေပြန်ဖွင့်ပေးမယ်လို့သိထားတယ်” ဟု ၎င်းကဆိုသည်။

ရခိုင်ပြည်နယ်တွင် အလယ်တန်းကျောင်းသား၊ကျောင်းသူ စုစုပေါင်း ၁၅၄၃၇၂ ဦးရှိပြီး အထက်တန်းကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၄၁၁၇၂ ဦးရှိကြောင်း ပြည်နယ်ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး (စီမံ) ဒေါက်တာထွန်းထွန်းသိန်းက DMG သို့ပြောသည်။

“လောလောစဉ်ကတော့ အလယ်တန်း၊ အထက်တန်းကလေးတွေကို ဆေးထိုးပေးဖို့အတွက် ကြိုတင်ပြင်ဆင်မှုတွေလုပ်နေတယ်။ ဘယ်အချိန်လောက်မှာထိုးမလဲဆိုတော့ ဒီလအတွင်းမှာဖြစ်ဖို့များပါတယ်။ လက်ရှိမှာ ကာကွယ်ဆေးထိုးဖို့အတွက် ကျောင်းသား၊ သူစာရင်းကို တင်ပြထားတယ်” ဟု ၎င်းကဆိုသည်။

မြန်မာနိုင်ငံအတွင်း ကိုဗစ်ပိုးတွေ့ရှိမှု ငါးရာခိုင်နှုန်းအောက်လျော့ကျပါက နိုင်ငံတစ်ဝှမ်းရှိ အခြေခံပညာကျောင်းများကို ပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စက်တင်ဘာလ ၃၀ ရက်နေ့က သတင်းစာရှင်းလင်းပွဲ၌ စစ်ကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားထားသည်။

မြန်မာနိုင်ငံတွင် ကိုဗစ်တတိယလှိုင်းဖြစ်ပွားမှုကြောင့် ဇူလိုင်လ ၉ ရက်နေ့မှ ယနေ့အထိ စာသင်ကျောင်းများကို ယာယီပိတ်ထားခြင်းဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်အတွင်းကလည်း မြန်မာနိုင်ငံအတွင်း COVID-19 ဖြစ်ပွားမှုများကြောင့် စာသင်ကျောင်းများကို တစ်နှစ်ပတ်လုံး ပိတ်ထားခဲ့ရသည်။

ရခိုင်ပြည်နယ်တွင် ကိုဗစ်တတိယလှိုင်းအတွင်း ကိုဗစ်အတည်ပြုလူနာ ၄၉၁၀ ဦးရှိပြီး ယင်းအထဲမှ သေဆုံးသူ ၄၇၄ ဦးရှိခဲ့ကြောင်း ပြည်နယ်စစ်ကောင်စီ၏ အောက်တိုဘာ ၅ ရက်နေ့အထိ စာရင်းအရသိရသည်။

မြန်မာနိုင်ငံတွင် အောက်တိုဘာ ၅ ရက်နေ့အထိ ကိုဗစ်ပိုးတွေ့ရှိသူစုစုပေါင်း ၄၇၁,၃၀၈ ဦးနှင့် သေဆုံးသူ ၁၇,၉၅၇ ဦးအထိရှိကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။

 
 

 

 

ဓာတ်ပုံ - (မောင်တော၊ ကြိမ်ချောင်းရွာ ကမ်းပါးပြိုကျမှုကြောင့် ပျက်စီးနေသည့် မြင်ကွင်း / ပေးပို့)
August 19, 2026
ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ ကြိမ်ချောင်းကျေးရွာတွင် မိုးအဆက်မပြတ် ရွာသွန်းမှုနှင့်အတူ...
ဓာတ်ပုံ - (DMG / ပန်းမြောင်းကြီးချောင်းဒေသရှိ ဒေသခံအချို့အား ဇူလိုင်လအတွင်း တွေ့ရစဉ်။)
August 19, 2026
ရခိုင်ပြည်၊ အဉ္ဇနပူရ (မင်းပြား) မြို့နယ်၊ ပန်းမြောင်းကြီးချောင်းဒေသရှိ ကျေးရွာအများအပြားတွင်...
စစ်တွေမြို့နယ်မှ မွတ်ဆလင်ဒုက္ခသည်စခန်းတစ်ခုကို ၂၀၂၃ ခုနှစ်အတွင်း တွေ့ရစဉ် / DMG
August 18, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နှင့် ကျေးရွာအချို့တွင် ဝမ်းပျက်ဝမ်းလျှော ရောဂါ ဖြစ်ပွားမှုနှုန်း...
ဓါတ်ပုံ - (ပေးပို့) ၂၀၂၆ ခုနှစ်၊ ဩဂုတ် ၁၄ ရက်နေ့က ဖုံသာချောင်းဒေသ နတ်ထောင့်ကျေးရွာ မူလွန်စာသင် ကျောင်းတွင် ပညာသင်ကြားနေသည့် ကလေးငယ်များကို တွေ့ရစဉ်။
August 18, 2026
ရခိုင်ပြည်၊ အဉ္ဇနပူရ (မင်းပြား) မြို့နယ်၊ ဖုံသာချောင်းဒေသရှိ နတ်ထောင့် (ရွာဟောင်း) ကျေးရွာတွင်...