ယခုနှစ် ကျိုက်ခမီရေလယ်ဘုရားပွဲတော် ဘာသာရေးအခမ်းအနားအဖြစ်သဘောမျှသာ ကျင်းပသွားမည်

ယခုနှစ် ကျိုက်ခမီရေလယ်ဘုရားပွဲတော် ဘာသာရေးအခမ်းအနားအဖြစ်သဘောမျှသာ ကျင်းပသွားမည်

နှစ်စဉ်ကျင်းပမြဲဖြစ်သော  ကျိုက်ခမီရေလယ်ဘုရားပွဲတော်ကို ကိုဗစ်ကာလ ကျန်းမာရေးစည်းကမ်းသတ်မှတ်ချက်များကြောင့် ယခုနှစ်တွင် ပျော်ပွဲရွှင်ပွဲများ ထည့်သွင်းကျင်းပခြင်းမပြုဘဲ ဘာသာရေးအခမ်းအနားအဖြစ်သဘောမျှသာ ပြုလုပ်မည်ဖြစ်ကြောင်း ဂေါပကအဖွဲ့မှ သိရသည်။

မဟာပဌာန်းဒေသနာတော်မြတ် ရွတ်ဖတ်ပူဇော်ပွဲကို ကိုဗစ်စည်းကမ်းချက်နှင့်အညီ သီတင်းကျွတ်လဆန်း ၉ ရက်နေ့မှ လဆန်း ၁၃ ရက်နေ့အထိ ၅ ရက်တိုင်ပြုလုပ်ကျင်းပမှာဖြစ်ကြောင်း ကျိုက်ခမီရေလယ်ဘုရား ဂေါပကအဖွဲ့မှူး ဦးဖိုးငြိမ်းက ပြောသည်။

“ပဌာန်းရွတ်ဖတ်ပူဇော်ပွဲပြီးရင် လပြည့်နေ့မှာ အဘိဓမ္မာအခါတော်နေ့အခမ်းအနားကို သာသနာ့ဗိမာန်မှာ ဆက်လက်ကျင်းပသွားမယ် ပြီးတာနဲ့ သံဃာစတုဒိတာကို ရေလယ်ကျောင်းမှာ ကျင်းပသွားဖို့ရှိတယ်” ဦးဖိုးငြိမ်းက ဆိုသည်။

နိဗ္ဗာန်ဈေး၊ အားကစားပွဲ၊ ဇာတ်ပွဲနှင့် ဘုရားဝန်းကျင်အနီး ဈေးတန်းကြီးများကို ပိတ်ထားမည်ဖြစ်သော်လည်း ဘုရားဖူးဧည့်သည်များအနေဖြင့် ဆွမ်းအိုးမျှောခြင်း၊ ငါးစာကျွေးခြင်၊း ဆီမီးကိုးထောင်ထွန်းညှိပူဇော်ခြင်းနှင့် သဲပုံစေတီပြုလုပ်ခြင်းတို့ကို မိမိတို့အစီစဉ်ဖြင့် ပြုလုပ်နိုင်ကြောင်း ၎င်းကဆက်ပြောသည်။

ပုံမှန်အားဖွင့် တစ်နှစ်ပတ်လုံး မြန်မာနိုင်ငံအနှံ့မှ ဘုရားဖူးဧည့်သည်များဖြင့် စည်ကားလျှက်ရှိသော်လည်း ယခုအခါ စနေ တနင်္ဂနွေ ရုံးပိတ်ရက်တွင် ဒေသခံ ဘုရားဖူးအနည်းငယ်သာရှိကြောင်း ကျိုက်ခမီမြို့ အမှတ်တရပစ္စည်းအရောင်းဆိုင်ပိုင်ရှင် မိချမ်းမွန်ကပြောသည်။

“ဒီလိုအခြေအနေဖြစ်နေတာက ၂ နှစ်ရှိနေပြီးပေါ့နော် ဘုရာဖူးမရှိတော့ ဈေးရောင်းလို့လည်းအဆင်မပြေဘူး ဈေးဦးမပေါက်တဲ့နေ့တွေလည်းရှိတော့ ဈေးသည်တွေအကုန်လုံး စားဝတ်နေရေးခက်ခဲသွားကြတယ်” ဟု မိချမ်းမွန်က ဆိုသည်။

ကိုဗစ်တတိယလှိုင်းကူးစက်မှုမြင့်တက်နေသည့် ဇူလိုင်လဆန်းပိုင်းတွင် ကျိုက်ခမီရေလယ်ဘုရား ဖူးမြော်ခွင့်ကို ပိတ်ထားခဲ့ပြီး ရောဂါကူးစက်မှုလျှော့ကျလာခြင်းကြောင့် ပြီးခဲ့သည့် သြဂုတ်လ ၁၄ ရက်က ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်လိုက်ကြောင်း သိရသည်။

ပုံမှန်အားဖြင့် နှစ်စဉ်ကျင်းပမြဲဖြစ်သည့် ကျိုက်ခမီရေလယ် ဘုရားပွဲတော်ကို ပဌာန်းပူဇော်ပွဲ၊ အဘိဓမ္မာအခါတော်နေ့၊ ရှင်ဥပဂုတ္တမထေရ် ဆွမ်းအိုးမျှော်ပွဲတို့ကို သီတင်းကျွတ်လဆန်း ၁၄ ရက်မှ လဆုတ် ၅ ရက်နေ့အထိ ၇ ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

Most read this week

December 9, 2025
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် စစ်ကော်မရှင်ဆောက်လုပ်ရန်ပြင်ဆင်နေသည့်...
December 8, 2025
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကလိုင်ပဒေါကျေးရွာအရှေ့ဘက်ရှိ တောင်ပေါ်ဘုရားတွင်...
December 4, 2025
နိုင်ငံရေးမတည်ငြိမ်မှုများအကြား၌ မွန်ပြည်နယ်အတွင်းရှိ မသန်စွမ်းသူများ ထောက်ပံ့ငွေမရရှိသည့်အပြင်...
Photo credit - CJ
December 3, 2025
မွန်ပြည်နယ်၊ ရေးမြို့နယ် ကျောင်းရွာအခြေစိုက် ခမရ-၅၉၁ တပ်ရင်းမှ ယမန်နေ့ဒီဇင်ဘာ ၂ ရက်နေ့က...