CDM ၀န်ထမ်းများကို ခြိမ်းခြောက်အကျပ်ကိုင်သူ မီးရထား၀န်ထမ်းအရာရှိ ပစ်သတ်ခံရ

CDM ၀န်ထမ်းများကို ခြိမ်းခြောက်အကျပ်ကိုင်သူ မီးရထား၀န်ထမ်းအရာရှိ ပစ်သတ်ခံရ

မန္တလေးတိုင်း၊ မြစ်ငယ်မြို့တွင် ၀န်ထမ်းများအားခြိမ်းခြောက်အကျပ်ကိုင်ပြီး စစ်တပ်သတင်းပေးလုပ်နေသူဟု နာမည်ကြီးနေသည့် မြစ်ငယ်မီးရထားစက်ရုံမှ မီးရထားဝန်ထမ်းအရာရှိတစ်ဦးသည် ယနေ့ နံနက်ပိုင်းက ဆိုင်ကယ်စီးနေစဉ် သေနတ်ဖြင့် သုံးချက်ပစ်သတ်ခံလိုက်ရကြောင်း သိရသည်။

"သူ ဈေးကအပြန်ကို စောင့်ပစ်သွားတာပါ။ ဆိုင်ကယ်စီးရင်း တန်းလန်းနဲ့ပဲ လဲကျပြီး ချက်ချင်းတော့မသေပါဘူး။ ဆေးရုံခေါ်သွားတယ်ဆိုလား။ ဆေးရုံရောက်မှသေတာ" ဟု မြစ်ငယ်မြို့မှ မျက်မြင်သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

သေနတ်ဖြင့် ပစ်သတ်ခံရသည့် ဝန်ထမ်းအရာရှိသည် မြစ်ငယ်မီးရထားစက်ရုံတွင် လက်ထောက်အရာရှိ (လျှပ်စစ်) ဖြစ်ပြီး အသက်လေးဆယ်ဝန်းကျင်အရွယ် ဦးစံလှမြိုင်ဆိုသူဖြစ်ကြောင်း အတည်ပြုချက်ရထားသည်။

၎င်းသည် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း CDM (အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု) တွင် မပါဝင်သူဖြစ်ကြောင်း သိရသည်။

ဦးစံလှမြိုင်ကို အမည်မသိသေနတ်သမားနှစ်ဦးက လမ်းတွင်စောင့်ကြည့်နေပြီး ၎င်းဈေးကအပြန်တွင် သေနတ်ဖြင့် သုံးချက်ပစ်သွားခြင်းဖြစ်ကြောင်း၊ သေနတ်ဒဏ်ရာဖြင့် လဲကျသွားပြီးနောက် ဆေးရုံကားဖြင့် မန္တလေးမြို့ဘက်သို့ သယ်ယူသွားသည်ကို မြင်တွေ့လိုက်ရကြောင်း ဒေသခံများက ပြောသည်။

ကနဦးရရှိထားသည့် အတည်ပြုချက်အရ မန္တလေးနန်းတွင်းဆေးရုံတွင် သေဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။

"သူက ဒလန်ပါ။ ဒလန်မှ ဒလန်စစ်စစ်ပါ။ CDM ဝန်ထမ်းတွေကို ခြိမ်းခြောက်အကျပ်ကိုင်တာမျိုးရှိတယ်။ သူ့ကြောင့်ပါသွားတဲ့ ဝန်ထမ်းတွေလည်းရှိတယ်။ စကစကို သတင်းပေးတယ်" ဟု CDM တွင်ပါဝင်ပြီး တိမ်းရှောင်နေရသူတစ်ဦးက ပြောသည်။

အကြမ်းဖက်စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း CDM (အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု) တွင် မြန်မာ့မီးရထားဝန်ထမ်း ကိုးဆယ်ရာခိုင်နှုန်းကျော်ပါဝင်ထားပြီး ၎င်းတို့သည် လက်ရှိအချိန်ထိ စစ်ကောင်စီ၏လက်အောက်တွင် အလုပ်မဆင်းဘဲ ဘေးလွတ်ရာ တိမ်းရှောင်နေကြရကြောင်း သိရသည်။

May 9, 2026
ပေါ်ထွန်း — ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စု၏ ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ (၁၆)...
May 8, 2026
အာဏာသိမ်း စစ်အုပ်စု၏ “ညစ်ညမ်းတဲ့ ငွေများ”အား လော်ဘီလုပ်ငန်းဆီသို့ စီးဆင်းခွင့်ပြုမည့်အစား...
May 7, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား “ခြွင်းချက်မရှိ လွှတ်ပေးရန်”...
May 6, 2026
Miss Grand Myanmar ၂၀၂၆ ၏ ပြိုင်ပွဲတခုအတွင်း မယ်သီလရှင်ဝတ်စုံ ဖြင့်...