ဒေါ်အောင်ဆန်းစုကြည်အား စွဲဆိုထားသော အဂတိအမှုအတွက် တရားလိုပြသက်သေအဖြစ် ဦးဖြိုးမင်းသိန်း လာရောက်ထွက်ဆို

ဒေါ်အောင်ဆန်းစုကြည်အား စွဲဆိုထားသော အဂတိအမှုအတွက် တရားလိုပြသက်သေအဖြစ် ဦးဖြိုးမင်းသိန်း လာရောက်ထွက်ဆို

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား စွဲဆိုထားသော အဂတိလိုက်စားမှု တိုက်ဖျက်ရေးအမှု လေးမှုရှိသည့်အနက် တစ်မှုတွင် တရားလိုပြသက်သေအဖြစ် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက လာရောက်ထွက်ဆိုခဲ့သည်ဟု ရှေ့နေဦးခင်မောင်ဇော်အပြောအရ သိရသည်။

ယင်းသို့ လာရောက်ထွက်ဆိုရာတွင် ဉီးဖြိုးမင်းသိန်းက စစ်ကောင်စီ၏အာဘော် ရုပ်မြင်သံကြားတွင် ထုတ်ပြန်ခဲ့သည့်အတိုင်း အမေရိကန်ဒေါ်လာ ခြောက်သိန်းနှင့် အကယ်ဒမီအခေါက်ရွှေ ၇ ပိသာကို သုံးကြိမ်ခွဲပေးခဲ့ရသည်ဆိုသည့်အတိုင်း ထွက်ဆိုခဲ့သည်။

"အမှုနဲ့ပက်သက်ပြီးတော့ တရားသူကြီးက အခြားအရပ်သားသက်သေ တင်သွင်းဖို့ပြောတယ် အဲဒီအချိန်မှာ ခေါ်ထားတဲ့ အရပ်သားမျက်မြင်သက်သေက ဦးဖြိုးမင်းသိန်းဖြစ်နေတယ် အရင် သူတီဗွီမှာ ထုတ်ပြောသွားတဲ့အတိုင်းပဲ အပြည့်အဝ ပြန်ထွက်ဆိုသွားတယ်။ ရွှေနဲ့ ဒေါ်လာတွေ ဒေါ်အောင်ဆန်းစုကြည်ကို ပေးခဲ့ပါတယ်ဆိုပြီးတော့ပေါ့။ သူ့ကိုကြည့်ရတာ စိတ်ဓာတ်ကျနေပုံပေါ်ပြီး ဒေါ်အောင်ဆန်းစုကြည် ရှေ့ကဖြတ်သွားတာတောင် ဒေါ်အောင်ဆန်းစုကြည်ကို မကြည့်ဘူး" ဟု ဉီးခင်မောင်ဇော်က ဆိုသည်။

ယနေ့ရုံးချိန်းတွင် ရာဇဝတ်မှုကြီးအမှတ် ၂/၂၀၂၁ အမှုအတွက် ဦးဖြိုးမင်းသိန်းကို စတင်စစ်ဆေးခဲ့ခြင်းဖြစ်သည်။

အမှုနှင့်ပက်သက်၍ အမှုသည်ဖြစ်သော ဒေါ်အောင်ဆန်းစုကြည်၏ ညွှန်ကြားချက် မရရှိသေးသည့်အတွက် အမှုအား ရက်ရွှေ့ဆိုင်းပေးရန် တောင်းဆိုခဲ့ကြသော်လည်း တရားသူကြီးက သက်သေများကို အဓိကထား စစ်ဆေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါ ရာဇဝတ်ကြီးအမှတ် ၂/၂၀၂၁ အမှုအတွက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၏ စစ်ဆေးရေးမှုး ဦးရဲထက်ကို စစ်ဆေးခဲ့ပြီး ၎င်းထွက်ဆိုမှုများအတွက် စွပ်စွဲခံရသူဘက် ရှေ့နေများက အောက်တိုဘာ ၈ ရက်နေ့ ရုံးချိန်းတွင် ပြန်လှန်မေးခွန်းများဖြင့် ချေပသွားကြမည်ဖြစ်သည်။

ယင်းနောက် အဂတိလိုက်စားမှုဖြင့် စွဲဆိုထားသည့် အမှုလေးမှုအနက် နောက်ထပ်တစ်မှုဖြစ်သော ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအတွက် ရရှိထားသောငွေများဖြစ် ဒေါ်အောင်ဆန်းစုကြည်အား အိမ်ဆောက်ပေးခဲ့သည်ဆိုသော အမှုအတွက် ယင်းအဆောက်အဉီးကို တာဝန်ယူဆောက်လုပ်ပေးနေသော ကုမ္ပဏီ၏ လက်အောက်ခံအရာရှိတစ်ဉီးက သက်သေအဖြစ် လာရောက်ထွက်ဆိုခဲ့သည်။

ထို့နောက် ဒေါ်အောင်ဆန်းစုကြည်၊ ဒေါက်တာမျိုးအောင်နှင့် ဉီးမင်းသူတို့ကို တစ်ပေါင်းတည်းစွဲဆိုထားသော ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းပိုင် မြေဧက ၁၀၁ ဒသမ ၃၃ ဧကကို ကာလပေါက်ဈေးထက် လျှော့ချရောင်းခဲ့သည်ဟုဆိုသော အမှုကို ဆက်လက်စစ်ဆေးခဲ့သည်။

ယင်းအမှုအတွက်လည်း ဉီးရဲထက်ကပင် သက်သေအဖြစ် စစ်ဆေးခံခဲ့ခြင်းဖြစ်ကာ ပြန်လှန်မေးခွန်းစစ်ဆေးရန်အတွက် အောက်တိုဘာ ၈ ရက်ကို ပြန်လည်ချိန်းဆိုခဲ့သည်။

ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်၊ ဒေါက်တာမျိုးအောင်နှင့် ဉီးရဲမင်းဉီးတို့ကို တစ်ပေါင်းတည်းစွဲဆိုထားသည့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းပိုင်မြေကို ကာလပေါက်ဈေးထက် လျှော့ချရောင်းခဲ့သည့်အမှုအတွက် အောက်တိုဘာ ၈ ရက်သို့ပင် ရုံးချိန်းပြန်လည်ချိန်းဆိုခဲ့သည်။

အသက် ၇၆ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် စစ်ကောင်စီက တရားစွဲဆိုထားသောအမှု ၁၀ မှုရှိပြီး ပြစ်ဒဏ်ကျခံရပါက စုစုပေါင်း ထောင်ဒဏ် ၈၇ နှစ်အထိ ချမှတ်ခံရနိုင်သော အမှုများနှင့် ရင်ဆိုင်နေရခြင်းဖြစ်သည်။

ဓာတ်ပုံ - (စစ်ကိုင်းတိုင်းရှိ တောင်သူတစ်ဦး လယ်ထွန်ယက်နေစဉ် / MDN.gov)
August 26, 2026
မန္တလေးတိုင်း၊ မြင်းခြံခရိုင်အတွင်းရှိ မြင်းခြံ၊ နွားထိုးကြီးနှင့် တောင်သာမြို့နယ်များတွင်...
ဓာတ်ပုံ – (တမူး - ကလေးလမ်းပိုင်းတိုက်ပွဲအတွင်း ပျက်စီးသွားသည့် နန်မွန်းတားတံတား ပြုပြင်နေစဉ်/ Crd)
August 26, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင်သည် အိန္ဒိယနိုင်ငံသို့ မေလ ၃၀ ရက်မှ ဇွန်လ ၃ ရက်အထိ သွား...
ဓာတ်ပုံ - Thingsai Tlaizawng / မီဇိုရမ်ပြည်နယ်အတွင်း ဖမ်းဆီးရမိသည့် လက်နက်ခဲယမ်းများ
August 25, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်တွင် ရက်ပိုင်းခြား၍ မြန်မာနိုင်ငံမှ သယ်ဆောင်လာသည်ဟု ယူဆရသော သေနတ်...
August 24, 2026
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် မုံရွာခရိုင် ၅+၁ တပ်ဖွဲ့ဝင် နှစ်ဦးနှင့်...