ကားတင်သွင်းမှုပိတ်ပင်မှုဂယက် မန္တလေးကား " ဈေးကွက်ပျက်"

ကားတင်သွင်းမှုပိတ်ပင်မှုဂယက် မန္တလေးကား " ဈေးကွက်ပျက်"

ပြည်ပမော်တော်ယာဉ်တင်သွင်းခွင့် ယာယီရပ်ဆိုင်းမည်ဟုကြေညာပြီး နောက်ရက်ကစ၍ မန္တလေးကားဈေးကွက်တွင် ကားဈေးနှုန်းဈေးတန်းများ ပရမ်းပတာဖြစ်အောင် လှုတ်ခတ်သွားရာ ကားဝယ်ရောင်းနှင့် အကျိုးဆောင်များက "ဈေးကွက်ပျက်တယ်" ဟု ပြောဆိုနေကြသည်။

"ဆိုလိုတာက ဘယ်ကားဘယ်ဈေးရယ်လို့မရှိတော့ဘူး၊ ကြိုက်ရောင်းကြိုက်ဝယ်ပဲ၊ ကားတစ်စီး မနေ့ကခေါ်ဈေးနဲ့ ဒီနေ့ဈေးမတူနိုင်တော့ဘူး၊ ပုံမှန်လို ဘယ်ကားအမျိုးအစား ဘယ်မော်ဒယ်က ဘယ်ဈေးဆိုတာမျိုးမရှိတော့ ဈေးကွက်က ပျက်တယ်ဆိုရမှာပဲ" ဟု မန္တလေးမြို့က ကားဝယ်/ရောင်းတစ်ဦးဖြစ်သူ ဦးမြင့်ကျော်ကပြောသည်။

နိုင်ငံခြားငွေအသုံးပြုမှု လျော့ချနိုင်ရန်ဟုဆိုကာ စစ်ကောင်စီ၏ ကုန်သွယ်ရေး ညွန်ကြားမှုဦးစီးဌာနက ပြည်ပ မော်တော်ယာဉ်တင်သွင်းခွင့် ယာယီရပ်ဆိုင်းမည်ဟု ကြေညာခဲ့ရာ ဆယ်စုနှစ်တစ်စုနီးပါးကြာ ခွင့်ပြုထားခဲ့သော လူပုဂ္ဂိုလ်တစ်ဦးချင်း နိုင်ငံခြားငွေစာရင်းဖွင့်လှစ်၍ ပြည်ပမှ ကားတင်သွင်းခွင့်သည် စစ်တပ်ကအာဏာထိပ်သိမ်းအပြီး ရှစ်လအကြာတွင် ပိတ်သွားခဲ့သည်။

"ဘယ်လောက်ရာခိုင်နှုန်းလောက် တက်သွားသလဲဆိုတော့၊ ကျွန်တော်တို့ ရာခိုင်နှုန်းဆိုတာထက် ဥပမာဗျာ၊ သိန်း ၁၅၀ တန်ကားက အဲဒီကြေညာချက်ထွက်ပြီး နောက်တစ်ရက်မှာ အဲဒီဈေးနဲ့မရောင်းတော့ဘူး၊ ဒါဆို ဘယ်ဈေးနဲ့ရောင်းမလဲ၊ ၁၆၀ လား ၁၇၀ လား၊ ညှိနှိုင်းပြီး ဈေးဖြစ်ကြတာဆိုတော့ ရာခိုင်နှုန်းနဲ့ တပ်အပ်ပြောလို့မရဘူး၊ ကြိုက်ရောင်းကြိုက်ဝယ်ပဲ" ဟု ပြည်ကြီး မျက်ရှင်ကားဝိုင်းမှ အကျိုးဆောင်တစ်ဦးကဆိုသည်။

လက်ရှိ မန္တလေးကားဈေးကွက်တွင် ယခင်က ကျပ်သိန်း ၁၅၀ ဝန်းကျင် ပေါက်ဈေးရှိသည့် အိမ်စီးကားတစ်စီးလျှင် ကျပ်သိန်း ၁၇၀ ဝန်းကျင်အထိ ဈေးတက်သွားပြီး သိန်းနှစ်ရာကျော်ဝန်းကျင် အိမ်စီးကားများလည်း ကြိုက်ရောင်းကြိုက်ဝယ်ဈေးဖြင့် အရောင်းအဝယ်ဖြစ်နေသည်။

ရောင်းပြီးသောကားက ဈေးထပ်တက်လာနိုင်ပြန်သဖြင့် အရောင်းသမားများကို တွန့်ဆုတ်မှုဖြစ်စေသလို ဝယ်လိုသူများကိုလည်း အလုအယက်ဝယ်ယူစေသလို တွန်းအားဖြစ်နေပြန်သည်။

ကားဈေးကွက်တွင် ပြည်ပမှတင်သွင်းသော ကားသစ်နှင့် တစ်ပတ်ရစ်ကားများ ဈေးကွက်နှင့် ပြည်တွင်းတွင်တပ်ဆင်ထုတ်လုပ်သော SKD ကားများရှိရာ ယခုပိတ်ပင်မှုမှာ ပြည်ပမှတင်သွင်းသော ကားသစ်၊ ကားဟောင်းများနှင့်သာ သက်ဆိုင်သည်။

မန္တလေးတွင် ကားအရောင်းအဝယ်လုပ်ရာတွင် အရောင်းစင်တာများနှင့် ပွဲစားတန်းများတွင် ပြုလုပ်ကြသည်။

တရားဝင်သတ်မှတ်ထားသော ပြည်ကြီးမျက်ရှင်ရှိ ပွဲစားတန်းမှာ COVID-19 ဖြစ်ပွားချိန်ကစ၍ ပိတ်ထားခဲ့ရာ လမ်းပေါ်တွင် အလျဉ်းသင့်သလိုလုပ်နေကြရသည်။

အောက်တိုဘာလ ၁ ရက်မှစပြီး ဝန်ထမ်းတစ်ဦးချင်းပါမစ်၊ အရောင်းစင်တာနှင့် အရောင်းပြခန်းများမှ မော်တော်ယာဉ်တင်သွင်းခြင်းတို့ကို ယာယီ ရပ်ဆိုင်းကြောင်း ကြေညာခဲ့သည်။

ဓာတ်ပုံ - (စစ်ကိုင်းတိုင်းရှိ တောင်သူတစ်ဦး လယ်ထွန်ယက်နေစဉ် / MDN.gov)
August 26, 2026
မန္တလေးတိုင်း၊ မြင်းခြံခရိုင်အတွင်းရှိ မြင်းခြံ၊ နွားထိုးကြီးနှင့် တောင်သာမြို့နယ်များတွင်...
ဓာတ်ပုံ – (တမူး - ကလေးလမ်းပိုင်းတိုက်ပွဲအတွင်း ပျက်စီးသွားသည့် နန်မွန်းတားတံတား ပြုပြင်နေစဉ်/ Crd)
August 26, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင်သည် အိန္ဒိယနိုင်ငံသို့ မေလ ၃၀ ရက်မှ ဇွန်လ ၃ ရက်အထိ သွား...
ဓာတ်ပုံ - Thingsai Tlaizawng / မီဇိုရမ်ပြည်နယ်အတွင်း ဖမ်းဆီးရမိသည့် လက်နက်ခဲယမ်းများ
August 25, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်တွင် ရက်ပိုင်းခြား၍ မြန်မာနိုင်ငံမှ သယ်ဆောင်လာသည်ဟု ယူဆရသော သေနတ်...
August 24, 2026
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် မုံရွာခရိုင် ၅+၁ တပ်ဖွဲ့ဝင် နှစ်ဦးနှင့်...