စစ်ကြောရေးတွင် အပြင်းအထန် ညှဥ်းပန်းနှိပ်စက်ခံရသည့် ကိုရန်ပိုင် ဆေးကုသမှုခံယူနေစဉ် သေဆုံး

စစ်ကြောရေးတွင် အပြင်းအထန် ညှဥ်းပန်းနှိပ်စက်ခံရသည့် ကိုရန်ပိုင် ဆေးကုသမှုခံယူနေစဉ် သေဆုံး

နေပြည်တော်၊ ပျဉ်းမနားမြို့ဒေသခံ ကိုရန်ပိုင်သည် စစ်ကြောရေးတွင် အပြင်းအထန် ညှဉ်းပန်းနှိပ်စက်ခံရသည့် အတွင်းကြဒဏ်ရာများကြောင့် နေပြည်တော်ကုတင် ၁၀၀၀ ဆေးရုံတွင် ဆေးကုသမှုခံယူနေစဉ် ယနေ့ အောက်တိုဘာလ ၁ ရက် နံနက်ပိုင်းတွင် သေဆုံးသွားကြောင်း နီးစပ်သူများက မဇ္ဈိမကို အတည်ပြုပြောသည်။

၎င်းသည် အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးမှုကို ခံရပြီးနောက် စစ်ကြောရေးတွင် ခြေဆစ်၊ လက်ဆစ်များကျိုးပြီး နားမကြား‌တော့သည်အထိ ညှဥ်းပန်းနှိပ်စက်ခံထားရသူတစ်ဦးဖြစ်သည်ဟု သိရသည်။

သေဆုံးသွားသည့် ပျဉ်းမနားမြို့ခံ ကိုရန်ပိုင်သည် လက်လုပ်မိုင်းများနှင့်အတူ ၎င်းတိမ်းရှောင်နေသည့် ပျဉ်းမနားမြို့ နေအိမ်တစ်ခုတွင် ပြီးခဲ့သည့် မေလ ၂ ရက်က ဖမ်းဆီးခံလိုက်ရခြင်းဖြစ်သည်။

ယင်းနောက် ကိုရန်ပိုင်နှင့် ဆက်စပ်သူဟုဆိုကာ လူငယ်သုံးဦးကိုလည်း ထပ်မံ၍ အာဏာသိမ်းစစ်ကောင်စီက ဖမ်းဆီးခဲ့သည်။

“သူက စစ်ကြောရေးမှာ အစကတည်းက တော်တော် နှိပ်စက်ခံခဲ့ရတာပါ။ စစ်ကြောရေးမှာ ထွက်ဆိုချက်မတူလို့ဆိုပီး တော်တော် ရိုက်ခံရတာမှာ ကိုရန်ပိုင်က နားပင်းသွားတယ်” ဟု ကိုရန်ပိုင်နှင့် နီးစပ်သည့်မိတ်ဆွေတစ်ဦးက မဇ္ဈိမကို ပြောပြသည်။

စစ်ကြောရေးတွင် ညှဉ်းပန်းနှိပ်စက်မှုကြောင့် နားတစ်ဖက်အကြားအာရုံ ဆုံးရှုံးခြင်း၊ ခြေဆစ်လက်ဆစ်များ ရိုက်ချိုးခံထားရသည့်အပြင် ခန္ဓာကိုယ်အနှံ့ အတွင်း၊ အပြင် ဒဏ်ရာရရှိခဲ့သည့် ကိုရန်ပိုင်ကို ရှစ်ရက်အကြာတွင် စစ်ကြောရေးမှ နေပြည်တော်အကျဉ်းထောင်သို့ ပို့ဆောင်လိုက်သည်။

ကိုရန်ပိုင်ကို အကျဉ်းထောင်တွင် ဆေးကုသခွင့်ရရှိရန် မိသားစုဝင်များက တောင်းခံခဲ့သော်လည်း ထောင်အာဏာပိုင်များက ခွင့်မပြုခဲ့သည့်အပြင် ၎င်းအတွက် ပို့ပေးသည့် ဆေးများသည်လည်း ထောင်တွင်းသို့ မရောက်ရှိခဲ့ကြောင်း ၎င်းနှင့်နီးစပ်သူ မိတ်ဆွေများက ပြန်ပြောသည်။

“သူက ဆေးစွဲသောက်နေရတဲ့သူပါ။ ဆေးတွေပို့ပေးတာက ထောင်ထဲကိုမရောက်တာရယ် နှိပ်စက်ခံထားရတဲ့ ဒဏ်တွေရယ်ကြောင့်ရယ် ဆေးရုံတင်လိုက်ရတာပါ။ လမ်းတောင် ကိုယ်တိုင်မလျှောက်နိုင်တော့တဲ့ထိပါပဲ” ဟု ကိုရန်နိုင်နှင့်နီးစပ်သူ မိတ်ဆွေများက ပြောသည်။

စက်တင်ဘာလ ၂၆ ရက်တွင် နေပြည်တော်ကုတင် ၁၀၀၀ ဆန့် ဆေးရုံတွင် ဆေးဝါးကုသခွင့် ရရှိခဲ့သော်လည်း ဆေးဝါးကုသခြင်း ခံယူရသည့်အချိန် နှောင့်နှေးခြင်းနှင့် နှိပ်စက်ခံရသည့်ဒဏ်ရာများ ပြင်းထန်ခြင်းတို့ကြောင့် ယနေ့ နံနက်ပိုင်းတွင် ကိုရန်ပိုင် သေဆုံးသွားခဲ့ခြင်းဖြစ်သည်။

“သူက စိတ်ဓာတ်အရမ်းပြင်းပြတဲ့သူဗျ။ သူနဲ့အတူ သပိတ်တွေဖော်ဆောင်ရတာ အရမ်းအားရစရာကောင်းတယ်” ဟု မိတ်ဆွေတစ်ဦးက မဇ္ဈိမကို ပြောသည်။

ကိုရန်ပိုင် ကျဆုံးချိန်တွင် အသက် (၂၉) နှစ်ရှိပြီဖြစ်သည်။

၎င်းနှင့် ဆက်စပ်သည်ဟုဆိုကာ ဖမ်းဆီးခံရသည့် နောက်ထပ် လူငယ်သုံးမှာမူ ကျန်းမာရေးကောင်းမွန်ပြီး လက်ရှိမှာ စစ်ကြောရေးမှ အကျဉ်းထောင်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက အပြစ်မဲ့ပြည်သူများ ဖမ်းဆီးခံရပြီးနောက် သေဆုံးသွားရသည့် လူ့အခွင့်အရေး ချိုးဖောက်ခံနေရမှုများအပေါ် သက်သေအချက်အလက်များ စုဆောင်းနေပြီး စစ်ကောင်စီအပေါ် ပြင်းထန်သည့်အရေးယူမှုများ လုပ်ဆောင်နိုင်ရေး ကြိုးပမ်းနေသည်ဟု ပြောဆိုထားသည်။

မြန်မာနိုင်ငံတွင် စစ်တပ်ကအာဏာသိမ်းထားသည့် ရှစ်လတာကာလအတွင်း စစ်ကြောရေးတွင် သေဆုံးခဲ့ရသည့် ပြည်သူ ၄၃ ဦးအထိရှိလာပြီး စစ်ကြောရေးတွင် နှိပ်စက်ခံရပြီး ထောင်ထဲရောက်သည့်အခါမှ သေဆုံးသူ ၁၁ ယောက်ရှိကာ ဖမ်းဆီးခံရပြီး စစ်ကြောရေးမရောက်ခင် သေဆုံးသူက ၇၁ ယောက်အထိရှိသည်ဟု AAPP မှတ်တမ်းများတွင် ဖော်ပြထားသည်။

 
 

 

 

Most read this week

March 18, 2026
အတုအယောင်အဖြစ် ဝေဖန်ခံထားရသည့် စစ်ကော်မရှင်၏ ရွေးကောက်ပွဲအပြီး ယနေ့ (မတ် ၁၈) တွင် ကျင်းပသည့်...
ရုရှားနိုင်ငံထုတ် စစ်ကော်မရှင်၏တိုက်လေယာဉ်အသစ်များကို အာဏာသိမ်းပြီးကာလမှာ တွေ့ရစဉ်(ပုံအဟောင်း-AFP)
March 17, 2026
ဓာတု — မန္တလေးတိုင်း၊ မြင်းခြံခရိုင်ရှိ မြင်းခြံနှင့်နွားထိုးကြီးမြို့နယ်တို့တွင် နှစ်လတာအတွင်း...
ဓာတ်ပုံ - ၁၀၂၇ စစ်ဆင်ရေးအတွင်း ညီနောင်မဟာမိတ်အဖွဲ့ဝင် သုံးဖွဲ့မှ တပ်သားများကို အတူတကွ တွေ့ရစဥ် ။
March 16, 2026
မောင်ခက်နွေ — ညီနောင်မဟာမိတ် အဖွဲ့ဝင်များ ဖြစ်သည့် MNDAA နှင့် TNLA တို့အကြား ဖြစ်ပွားနေသည့်...
March 14, 2026
စစ်ကော်မရှင်က ၂၀၂၆ ခုနှစ် မတ်လ ၁ ရက်မှ ၁၀ ရက်အတွင်း  ညောင်လေးပင်မြို့နယ်၌ ကျူးလွန်ခဲ့သည့်...