ရှမ်းနီအမျိုးသားများတပ်မတော် (SNA) ၏ ပြောရေးဆိုခွင့်ရှိသူ ဆေစိုင်းထွန်းနှင့် ဆက်သွယ်မေးမြန်းခြင်း

ရှမ်းနီအမျိုးသားများတပ်မတော် (SNA) ၏ ပြောရေးဆိုခွင့်ရှိသူ ဆေစိုင်းထွန်းနှင့် ဆက်သွယ်မေးမြန်းခြင်း

“တကယ်တမ်းတော့ SNA နဲ့ ပြည်သူ့စစ်နဲ့က သူတို့တွေခွဲခြားသိဖို့လိုတယ်။ SNA ဆိုတာ ရှမ်းနီအမျိုးသားများအတွက် ဖွဲ့စည်းထားတဲ့ ရှမ်းနီအမျိုးသားများတပ်မတော်ဖြစ်တယ်။”

မဇ္ဇျိမသတင်းဌာနက ရေးသားထားသည့် ဆောင်းပါးတွင်ပါရှိသည့် ရှမ်းနီပြည်သူ့စစ် SNA သွားတက်ရောခဲ့သည်ဆိုသည့် အကြောင်းအရာကို ရှမ်းနီအမျိုးသားများတပ်မတော် (SNA) ၏ ပြောရေးဆိုခွင့်ရှိသူ ဆေစိုင်းထွန်းနှင့်ရှမ်းနီအသံတို့ ဆက်သွယ်မေးမြန်းထားမှုများကို ဖော်ပြလိုက်ရပါတယ်ခင်ဗျာ။

မေး။ ။ မနေ့က မဇ္ဇျိမသတင်းဌာနကရေးထားတဲ့ ဆောင်းပါးထဲမှာရှမ်းနီပြည်သူ့စစ် SNA ဆိုပြီးတော့ရေးထားတယ်။ စစ်ကောင်စီနဲ့တွေ့ဆုံတယ်လို့ရေးထားတယ်။

ဖြေ။ ။ သူတို့ရေးတာကမှားနေတယ် SNA ပြည်သူ့စစ်ဆိုပြီးတော့ ရေးထားတာ။ အဲ့မှာသွားရောက်တွေ့ဆုံတဲ့ထဲမှာ အဲ့ဘက်ကပြည်သူ့စစ်တွေလည်းပါတာမဟုတ်ဘူး။ သူတို့ပြောနေတဲ့ ရှမ်းနီပြည်သူ့စစ်ဆိုတာလည်း သွားတာမဟုတ်ဘူး။ အဲ့တာကို SNA နဲ့သွားပြီးတော့မှ တွဲရေးထားတာ အဲ့တာလုံးဝမဖြစ်သင့်ဘူး။

မေး။ ။ သူတို့ဘာကြောင့်ဒီလိုရေးသားလဲဆိုတာဘယ်လိုသဘောထားရှိလဲ။

ဖြေ။ ။ အဲ့တာကတော့ ရည်ရွယ်ချက်ရှိရှိလုပ်တယ်လို့မြင်တယ်။ အဲ့တာမဇ္ဇျိမသတင်းဌာနကိုလည်းပြန်ပြောဖို့လုပ်နေတယ်။ သတင်းတွေကအမှားဆိုတော့ ရည်ရွယ်ချက်ရှိရှိလုပ်တဲ့ပုံပဲ။

မေး။ ။ ကချင်ပြည်နယ်မှာရှမ်းနီပြည်သူ့စစ်ဆိုပြီးတော့ရှိတယ်လို့သိရလား။ ဘယ်လိုပုံစံတွေလဲ။

ဖြေ။ ။ သူတို့က ရှမ်းနီအမည်တပ်ထားတာလည်းမဟုတ်ဘူးပြောမယ်ဆိုရင် ဒေသန္တရပြည်သူ့စစ်ဆိုပြီးတော့ဖွဲ့ထားတာ။ ရှမ်းနီပြည်သူ့စစ်ဆိုပြီးတော့လည်းမခေါ်ပါဘူး ။ ဒေသန္တရပြည်သူ့စစ်ဆိုပြီးတော့ပဲခေါ်တာ။

မေး။ ။ SNA ကို ပြည်သူ့စစ်နဲ့ရောပြီးတော့ပြောနေကြတယ်။ ဒီကိစ္စကရော

ဖြေ။ ။ တကယ်တမ်းတော့ SNA နဲ့ ပြည်သူ့စစ်နဲ့က သူတို့တွေခွဲခြားသိဖို့လိုတယ်။ SNA ဆိုတာ ရှမ်းနီအမျိုးသားများအတွက် ဖွဲ့စည်းထားတဲ့ ရှမ်းနီအမျိုးသားများတပ်မတော်ဖြစ်တယ်။ အဲ့တာကို ပြည်သူ့စစ်နဲ့သွားတွဲပြီး မြင်နေကြတာတော့ မကောင်းဘူးထင်တယ်။

မေး။ ။ အာဏာသိမ်းပြီးနောက်ပိုင်းစစ်ကောင်စီက SNA ကိုဆက်သွယ်လာတာရှိလား။သူတို့အပေါ်ကောဘယ်လိုသဘောထားရှိလဲ။

ဖြေ။ ။ စစ်ကောင်စီက ဆက်သွယ်လာတာမျိုးမရှိဘူး။ သူတို့ပေါ်သဘောထားကတော့ ပြည်သူလူထုတွေဆုံးဖြတ်တဲ့အပေါ်ပဲ ပြည်သူလူထုကဆုံးဖြတ်လိမ့်မယ်လေ။ SNA ကတော့ သီးခြားမှတ်ချက်ပေးချင်တာမရှိသေးဘူ။

မေး။ ။ အမျိုးသားညီညွတ်ရေးအစိုးရ NUG က Dday ခေါ်ပြီးနောက်ပိုင်းမှာ SNA ကိုချဉ်းကပ်တာမျိုးရှိလား။

ဖြေ။ ။ NUG ဘက်က တရားဝင်ကမ်းလှမ်းတာမျိုးမရှိဘူး။ တရားဝင် SNA နဲ့ပူးပေါင်းပြီးတိုက်ခိုက်ကြဖို့၊ လက်တွဲဖို့ ကမ်းလှမ်းတာမျိုးမရှိဘူး။ SNA ထိန်းချုပ်ထားတဲ့နယ်တွေမှာ PDF တွေတော့မရှိသေးဘူး လောလောဆယ်။

ဟုတ်ကဲ့အခုလိုဖြေကြားပေးမှုအတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ။

SNA ကို ၁၉၈၉ ခုနှစ်၊ ဇူလိုင်လ ၅ ရက်နေ့တွင် ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းရှိ ရှမ်းနီလူငယ်များဖြင့် ဖွဲ့စည်းခဲ့သည်။ရှမ်းနီအမျိုးသားတပ်မတော် (SNA) သည် ရှမ်းနီပြည်နယ်ရရှိရေး၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး၊ စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု ဖော်ထွန်းရေး၊ ရှမ်းမျိုးနွယ်စုများ အားလုံး စည်းလုံးညီညွတ်မှုရရှိရေး၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်ရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး စသည့် မူ (၅) ချက်ကို ချမှတ်အကောင်အထည်‌ဖော်လျက်ရှိသည်။

 
 

 

 

Most read this week

May 2, 2024
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဟုမ္မလင်းမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုအားလုံးနီးပါးတွင်...
April 25, 2024
စစ်တွေမြို့ထဲက ထွက်ချင်တဲ့လူတွေအများကြီးပဲ။ ထွက်ဖို့အတွက် လမ်းခရီးကိုစုံစမ်းဖို့ အဆက်အသွယ်...