ကချင်ပြည်၊ မိုးညှင်းမြို့နယ် အပါအဝင် ပြည်နယ်တွင်း၌ ရက်သတ္တပတ်ကျော်အတွင်း ဆန်ဈေးနှုန်းများ သိသိ သာသာ ထိုးတက်လာပြီး တစ်အိမ်လျှင် ကျပ် ၁သိန်း၇သောင်းကျော်ထိ ပေးဝယ်နေရသည်။
ဆင်းဧကရီ-၃ (အရပ်အခေါ်) ချင်း-၃ (ဆင်း-၃) တစ်အိတ်လျှင် ကျပ် တစ်သိန်းခုနစ်သောင်းကျော်အထိ ပေးဝယ် နေရကြောင်း မြို့ခံများက ပြောသည်။
“ဆန်စျေးက (၁၇၀၀၀၀)ကျော် စစချင်းတုန်းက (၉)သောင်းကျော်ကနေ (၁၂၀၀၀၀) အဲလိုနဲ့ (၁၃၀၀၀၀) အဲကနေ တစ်သောင်းစီတက်တက်လာတာ အခု (၁၇၂၀၀၀) ရောက်နေပြီ” ဟု မိုးညှင်းမြို့ပေါ်တွင် နေထိုင်သူ အမျိုးသမီးတစ်ဦးက ပြောသည်။
အဆိုပါ ဆင်း-၃ ဆန်အမျိုးအစားထဲတွင် ဆင်း-၃ ရိုးရိုး၊ ဆင်း-၃ ရှယ် နှင့် ဆင်း-၃ ရှယ်ကြီး ဟု သုံးမျိုးရှိသည့် အနက် ရိုးရိုးဆန်မှာလည်း တစ်သိန်းကျော်အထိ ဈေးနှုန်းမြင့်တက်နေပြီး လက်ရှိ နှစ်သိန်းနီးပါး ဖြစ်နေသည့် ဆန်မှာ "ရှယ်" အမျိုးအစား ဖြစ်သည်။
၂၀၂၁ ခုနှစ်အထိ ဆန်တစ်အိတ်လျှင် ကျပ် လေးသောင်းခန့်သာ အမြင့်ဆုံး ရောင်းချခဲ့ခြင်းဖြစ်ပြီး ယခုနှစ်များ အတွင်း လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုနှင့် အခွန်အခများကြောင့် ဈေးနှုန်းမြင့်တက်လာရခြင်းဖြစ်ကြောင်း ကုန်သည်များက ဆိုသည်။
မိုးညှင်းမြို့အနီးတစ်ဝိုက်ရှိ စပါးစိုက်ပျိုးသည့် ကျေးရွာများတွင်လည်း စိုက်ပျိုးချိန်၌ ဓာတ်မြေဩဇာဈေးနှုန်းများ မြင့်တက်ခဲ့ပြီး ဓာတ်မြေဩဇာ လုံလောက်စွာ မထည့်သွင်းနိုင်ခဲ့သဖြင့် စပါးအထွက်နှုန်း ထက်ဝက်ခန့် လျော့ကျ မှုများ ဖြစ်ပေါ်ခဲ့သည်။
စပါးအများဆုံး စိုက်ပျိုးသည့် အင်းတော်ကြီးဒေသတွင်လည်း လမ်းကြောင်းများ ပိတ်ပင်ခံရမှုနှင့် နယ်မြေအခြေ အနေများကြောင့် ဆန်ကုန်သည်များ သွားရောက်ကုန်သွယ်နိုင်ခြင်းမရှိသည်မှာ တစ်နှစ်နီးပါး ကြာမြင့်နေပြီ ဖြစ်သည်။
“စပါးကို ဒေသအပြင်ဘက်က လာဝယ်တဲ့သူမရှိတော့ဘူးလေ ဘယ်သူလာဝယ်မလဲ လမ်းကအဘက်ဘက် ကပိတ်ထားတာလေ။ ရွာထဲက ရွာခံစပါးကုန်သည် တစ်ယောက်စ နှစ်ယောက်စပဲ လမ်းဖွင့်ရင်သွားရောင်းဖို့ ဝယ်လှောင်ကြတာ လောက်ရှိတာ။ စျေးကလည်း တစ်သောင်းကျော် နှစ်သောင်းလောက်ပဲရှိတယ် အရင်း တောင်မကာ မိဘူး” ဟု အင်းတော်ကြီး အင်းမြှီးဘက်မှ တောင်သူတစ်ဦးက ပြောသည်။
မန္တလေး-မိုးညှင်း-မြစ်ကြီးနား လမ်းပိုင်း ပိတ်ပင်ထားမှုများကြောင့် မိုးညှင်းမြို့နယ်အတွင်း အကဲဆတ်သည့် ဆန်ဈေးနှုန်းများ မြင့်တက်လာရုံမက အခြားအခြေခံ ကုန်စည်နှင့် လူသုံးကုန်ပစ္စည်းများပါ ပြတ်လပ်မှုများ ကြုံတွေ့နေရသည်။
လက်ရှိတွင် ဆောက်လုပ်ရေးလုပ်ငန်းသုံး ဘိလပ်မြေတစ်အိတ်လျှင် ကျပ်တစ်သိန်းအထိ ပေးဝယ်နေရပြီး ကြက်ဥ၊ ကြက်စာ၊ ဂျုံနှင့် အခြားစားသောက်ကုန်များ လျော့နည်းပြတ်လပ်လျက်ရှိသည်။
ကချင်ပြည်အတွင်း ဆန်ဈေးနှုန်း မြင့်တက်မှုသည် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဈေးနှုန်း မြင့်တက်သည့် စာရင်းများတွင် ထိပ်ဆုံး၌ ပါဝင်နေကြောင်း IFPRI Myanmar ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။







