မင်းရွာရဲစခန်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့တိုက်ခိုက်၊ စစ်ကောင်စီဘက်မှ ရဲ၃၅ဦးသေဆုံး

မင်းရွာရဲစခန်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့တိုက်ခိုက်၊ စစ်ကောင်စီဘက်မှ ရဲ၃၅ဦးသေဆုံး

မကွေးတိုင်းဒေသကြီး၊ ဂန်ဂေါမြို့နယ်၊ မင်းရွာရဲစခန်းကို ယောဒေသကာကွယ်ရေးတပ်ဖွဲ့ (YDF) နှင့် Mindat-CDF တို့ ပူးပေါင်းတပ်ဖွဲ့မှ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ၃၅ ဦးကျဆုံးခဲ့ကြောင်း YDF က သတင်းထုတ်ပြန်သည်။

စက်တင်ဘာ ၁၂ ရက် နံနက် ၂ နာရီခန့်တွင် ဂန်ဂေါမြို့နယ် မင်းရွာရဲစခန်းကို YDF နှင့် Mindat-CDF ပူးပေါင်းတပ်ဖွဲ့မှ မိနစ် ၃၀ ခန့် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ရဲစခန်းအတွင်းရှိ ရဲငါးယောက်ကျဆုံးခဲ့ပြီး မနက် ၅ နာရီအချိန်တွင် စစ်ကူလာသည့် ရဲကားယာဥ်တန်းကို လမ်း‌တွင်ကြားဖြတ် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ရဲ အယောက် ၃၀ ထပ်မံသေဆုံးခဲ့ခြင်းဖြစ်သည်။

"ရဲစခန်းက ငါးယောက်သေတာကတော့ ‌ကျိန်းသေသိရတယ်။ စစ်ကူလာတဲ့ကားတန်းကို တိုက်ခိုက်တာကတော့ ၁စီးပဲ သေချာထိလိုက်တော့ အဲဒီမှာပါတဲ့သူတွေက ၃၀လောက်ရှိတော့ အကုန်သေတယ်လို့ ပြောလို့ရနိုင်မယ်" ဟု YDFမှ ပြောရေးဆိုခွင့်ရှိသူက မဇ္စျိမကို ပြောသည်။

မင်းရွာသည် လူဦးရေ ၂,၀၀၀ ကျော်ရှိသည့် ရွာဖြစ်ပြီး ဂန့်ဂေါမြို့၏ တောင်ဘက် ၁၅ မိုင်အကွာ ပခုက္ကူ-ဂန့်ဂေါ ကားလမ်း‌မဘေးတွင် တည်ရှိသည်။

မင်းရွာရဲစခန်းသည် ဂန့်ဂေါဘက်မှလာလျှင် မင်းရွာအဝင် မြစ်သာတံတားအကျော်တွင် ရှိသည်ဟု သိရသည်။

"ရဲစခန်းက အင်အားက ၂၀ ထက်မနည်းရှိမယ်။ အခုက ဂန့်ဂေါနယ်တစ်ကျောမှာရှိတဲ့ စခန်းတွေကို စစ်ကောင်စီက အင်အားဖြည့်နေတော့ သေချာတော့ မသိရဘူး။ ရဲစခန်းကို ဝင်တိုက်တဲ့အဖွဲ့နဲ့ လာကူတဲ့ယာဉ်တန်းကို မိုင်းခွဲတဲ့သူတွေကတော့ မတူဘူးပေါ့နော်။ အဖွဲ့တွေကတော့ ဒီအဖွဲ့တွေပါပဲ" ဟု မင်းတပ် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူက ပြောသည်။

ယခုလို တိုက်ခိုက်ခြင်းသည် ဂန့်ဂေါမြို့ ဒေသခံ အပြစ်မဲ့ပြည်သူများ၏ အသက်အိုးအိမ်များ ဆုံးရှုံးခဲ့ရမှုအတွက် သွေးကြွေးတောင်းသည့် အနေဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ‌ဒေသခံကာကွယ်ရေးတပ်များမှ ဒဏ်ရာရရှိသူ ၃ ဦးမှာ မစိုးရိမ်ရကြောင်း သိရသည်။

"အသံတွေကတော့ မနက်သုံးနာရီမှာ ကြားရတယ်။ ရွာကလူတွေကတော့ ပြေးကြတာပေါ့။ မနက် ၅ နာရီ ခွဲလောက်မှာလည်း ရွာမြောက်ဘက် ဂန့်ဂေါနဲ့ မန်းရွာကြားမှာ ‌ဗုံးသံအကျယ်ကြီးပေါက်တာတော့ ကြားရတယ်" ဟု ဒေသခံကတစ်ဦးက ဆိုသည်။

လက်ရှိအချိန်ထိ မင်းရွာတွင် ပြန်လည်နေထိုင်သူ အနည်းငယ်သာရှိပြီး စစ်ကောင်စီတပ်များ အင်အားဖြည့်တင်းရန် ရောက်ရှိလာနိုင်သည့်အတွက် ရွာသို့ မပြန်ရဲကြသူများရှိကြောင်း သိရသည်။

လက်ရှိ ဂန့်ဂေါနယ်က တိုက်ပွဲများတွင် စစ်ကောင်စီတပ်ဘက်မှ လက်နက်တပ်ဆင်ပေးထားသည့် ပျူစောထီးအဖွဲ့ဝင်များကပါ စစ်ကောင်စီတပ်များနှင့်အတူ လိုက်ပါတိုက်ခိုက်နေကြကြောင်း ‌ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပြောသည်။

စစ်ကောင်စီတပ်များမှ ဂန့်ဂေါနယ်အတွင်း ရွာများရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးကာ ပြည်သူများကို သက်ဖြတ်မှုများရှိနေပြီး ရွာပေါင်း ၁၀ ရွာနီးပါးမှ လူဦးရေ သောင်းချီပြီး စစ်ဘေးရှောင်နေကြရသည်။

 
 

 

 

Most read this week

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...